- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒုတိယကမ္ဘာစစ်ကြီးအပြီး Volkswagen စက်ရုံကြီးကို ဖြိုချဖျက်သိမ်းရန် စီစဉ်ခဲ့သော်လည်း ဗြိတိသျှ ဗိုလ်မှူးက စက်ရုံကို ထိန်းသိမ်းစောင့်ရှောက်ခဲ့မှုကြောင့် Volkswagen ကားများ မွေးဖွားလာနိုင်ခဲ့ပုံ
ဒုတိယကမ္ဘာစစ်ကြီးအပြီး Volkswagen စက်ရုံကြီးကို ဖြိုချဖျက်သိမ်းရန် စီစဉ်ခဲ့သော်လည်း ဗြိတိသျှ ဗိုလ်မှူးက စက်ရုံကို ထိန်းသိမ်းစောင့်ရှောက်ခဲ့မှုကြောင့် Volkswagen ကားများ မွေးဖွားလာနိုင်ခဲ့ပုံ
- 179 views
ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဗုံးဒဏ်ကြောင့် ကြေမွ ပျက်စီးနေသော Volkswagen စက်ရုံကြီးကို ဖြိုချရန် စီစဉ်ထားခဲ့သော်လည်း ဗြိတိသျှဗိုလ်မှူးတစ်ဦး၏ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် Volkswagen မှာ လူ့သမိုင်းမှ ပျောက်ကွယ်မသွားခဲ့ရသည့်ဖြစ်ရပ်မှာ ကားလောက သမိုင်းတွင် အထင်ကရ သမိုင်းစာမျက်နှာတစ်ခု ဖြစ်ခဲ့သည်။
ဗြိတိသျှဗိုလ်မှူး အိုင်ဗန် ဟာ့စ်ထ်၏ အခန်းကဏ္ဍ မပါလျှင် ကျွန်ုပ်တို့ ကမ္ဘာကြီးအနေဖြင့် သန်း ၂၀ ကျော် (၂၁၅၂၉၄၆၄) ရှိသည့် VW Beetle များကို တွေ့မြင်ခွင့် ရကြမည် မဟုတ်ချေ။
((VW Beetle စတင်ခဲ့ပုံ))
VW Beetle သည် အဒေါ့ဖ် ဟစ်တလာ၏ လမ်းညွှန်မှုဖြင့် Ferdinand Porsche က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
နာဇီအာဏာရှင် ဟစ်တလာသည် အခြားနိုင်ငံများတွင် ဂျာမဏီထက် ကားအစင်းရေ ပေါပါများများ ရှိနေသည့်အချက်ကို အလွန်ဒေါသထွက်ခဲ့၏။
သို့နှင့် ၁၉၃၄ ခုနှစ်တွင် ဟစ်တလာက Ferdinand Porsche နှင့်အတူ လဖက်ရည်သောက်နေစဉ် ပြည်သူများ၏ ကား (Volkswagen) ရည်မှန်းချက်ကို ပြောပြခဲ့သည်။ ဟစ်တလာက ကားတစ်စင်းလျှင် မတ်ငွေ ၁၀၀၀ မျှဖြင့် ဈေးချိုစွာ ရောင်းချပေးလိုသည်။ ယင်းနောက် ၄ နှစ်တာအတွင်း Porsche က နမူနာကား အစင်းရေများစွာ ထုတ်လုပ်ပေးခဲ့ပြီးနောက် ဟစ်တလာက ပြည်သူများအတွက် ဈေးချိုသောကားများ ထုတ်လုပ်ရန် စက်ရုံနေရာကို ကိုယ်တိုင်အုတ်မြစ်ချပေးခဲ့သည်။
သို့သော် ကားမထုတ်နိုင်မီတွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ကားစက်ရုံနေရာမှာ လေယာဉ်ပျံများ ပြုပြင်ရေးနှင့် ဗုံးပျံများ ထုတ်လုပ်ရေးတို့ကို ရုရှားစစ်သုံ့ပန်းများဖြင့် လုပ်ဆောင်ခဲ့သည်။
((စစ်အပြီး ကမောက်ကမ အခြေအနေများအကြား ဗြိတိန်၏ ထိန်းသိမ်းပေးမှု))
၁၉၄၅ ခုနှစ်၊ မေလတွင် ဂျာမန်တို့ လက်နက်ချပြီးနောက်ပိုင်း စစ်အတွင်း အကြိမ်ကြိမ် ဗုံးကြဲခံထားရသော Volkswagen စက်ရုံကြီးမှာ ဖရိုဖရဲဖြင့် ယိုယွင်းပျက်စီးကာ ကျန်ရစ်ခဲ့သည်။ ဗြိတိသျှ စစ်အစိုးရက Volkswagen စက်ရုံတည်ရှိသည့်ဒေသကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အသက် ၂၉ နှစ်အရွယ် စစ်အင်ဂျင်နီယာ ဗိုလ်မှူး အိုင်ဗန် ဟာ့စ်ထ်ကို ထိုစက်ရုံအဆောက်အအုံရှိရာသို့ စေလွှတ် တပ်စွဲစေခဲ့သည်။
စက်ရုံကြီးအား ဖျက်သိမ်းရမည့် အမိန့်စောင့်နေချိန်တွင်ပင် အိုင်ဗန်က စက်ရုံကို ပြန်လည်မွမ်းမံပြင်ဆင်လျှင် အရပ်ဖက်သုံး ကားများ ထုတ်လုပ်နိုင်မည့် အလားအလာကို တွေ့မြင်ခဲ့သည်။
((စက်ရုံအား ကယ်တင်ခြင်း))
စက်ရုံအတွင်းရှိ အချို့သော စက်ပစ္စည်းများမှာ မပျက်မစီးရှိနေသည်ကို တွေ့ရသည်။ အချို့စက်ပစ္စည်းများမှာမူ အခြားနေရာများသို့ ဂျာမန်တို့က ရွှေ့ပြောင်းထားခဲ့ရာ ထိုပစ္စည်းများကို ပြန်လည်စုဆောင်းခဲ့သည်။ စစ်ပြီးခေတ်တွင် ဥရောပ၌ ပို့ဆောင်ရေးအတွက် ကားများလိုအပ်လာမည်ကို သုံးသပ်မိသောကြောင့် အိုင်ဗန်က အရပ်ဖက်သုံးကားများ ထုတ်လုပ်နိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းခဲ့သည်။
ဗြိတိသျှ စစ်တပ်ကလည်း ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် ကားအစင်းရေ ၂၀၀၀၀ မှာယူခဲ့ပြီး မကြာမီတွင် အစင်းရေ ၂၀၀၀၀ ထပ်မံ မှာယူခဲ့ပြန်သည်။ ပထမဆုံး အရပ်ဖက်သုံးကား Volkswagen Beetle (Type 1) ကို ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ထုတ်လုပ်နိုင်ခဲ့သည်။
((အခက်အခဲများ ဖြတ်ကျော်ခြင်း))
စစ်ပြီးခေတ် ဂျာမနီတွင် သံမဏိ၊ မှန်နှင့် ဘက်ထရီတို့ အလွန်ရှားပါးနေသည်။
အိုင်ဗန်က ထိုပစ္စည်းများ တင်သွင်းပေးရန် ဗြိတိသျှအာဏာပိုင်တို့အား တိုက်တွန်းနိုင်ခဲ့ပြီး ကားထုတ်လုပ်ရေးကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။
((ဂျာမန်သားတို့ကို ကွပ်ကဲခွင့်ပေးခြင်း))
၁၉၄၆ ခုနှစ်၊ ဇွန်လတွင် Dr Herrmann Munch မှာ မန်နေးဂျင်းဒါရိုက်တာဖြစ်လာပြီး ကားအရည်အသွေးလည်း တိုးတက်လာသည်။
၁၉၄၇ ၊ အောက်တိုဘာတွင် ပြည်ပသို့ စတင် တင်ပို့ခဲ့ပြီး Volkswagen ၏ ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ကျက်မှု စတင်ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် Volkswagen စက်ရုံ၌ ဝန်ထမ်းပေါင်း ၈၇၀၀ ရှိနေပြီ ဖြစ်သည်။
((ဂျာမနီကို လွှဲပြောင်းပေးခြင်း))
၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် ဗြိတိသျှ စစ်အစိုးရက Volkswagen ကို အသစ်တည်ထောင်လိုက်သော ဂျာမနီ ပြည်ထောင်စု သမ္မတနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးခဲ့သည်။
အိုင်ဗန်ဟာ့စ်ထ်သည် ၂၀၀၀ ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့သည်။ သို့သော် Volkswagen ၏ အောင်မြင်မှုသမိုင်းမှတ်တမ်းတွင် သူ၏ အခန်းကဏ္ဍမှာ အမြဲရှင်သန်လျက် ရှိနေဆဲပင်။
သူ၏ ကြိုးပမ်းမှုသာ မရှိခဲ့ပါက Volkswagen စက်ရုံသည် ဖြိုဖျက်ခံရကာ လူ့သမိုင်းမှ မထင်မရှား ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: How Major Ivan Hirst and the British government saved VW after WWII (hagerty)