- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဟင်နရီဖို့ဒ်က Enzo Ferrari အား ရန်ငြိုးထား လက်စားချေခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်
ဟင်နရီဖို့ဒ်က Enzo Ferrari အား ရန်ငြိုးထား လက်စားချေခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်
- 338 views
[ပြဿနာ အစပျိုးစေသည့် Enzo Ferrari ၏ စကားတစ်ခွန်း]
အချိန်ကား ၁၉၆၃ ခုနှစ်။
ဟင်နရီဖို့ဒ်က Ford Motor ကုမ္ပဏီကို ပြိုင်ကားလောကသို့ ခြေချရန် ဆုံးဖြတ်ခဲ့သည်။ဟင်နရီဖို့ဒ်က Ferrari ပြိုင်ကားအသင်းကို မျက်စိကျနေသည်။
Ferrari သည် ထိုခေတ်ထိုကာလက အခက်ခဲ အကြမ်းတမ်းဆုံး ကားပြိုင်ပွဲဖြစ်သော 24 Hours of Le Mans တွင် ဦးဆောင်ထားသော ပြိုင်ကားအသင်းဖြစ်နေသည်။Enzo Ferrari သည် Le Mans တွင် ၁၉၆၀ မှ ၁၉၆၄ ခုနှစ်အထိ ၅ ကြိမ်တိုင် ဆက်တိုက် ဗိုလ်စွဲထားသည်။
ဟင်နရီဖို့ဒ်က Ferrari ပြိုင်ကားအသင်းကို ဝယ်ယူကာ Ford ၏ ပြိုင်ကားစီမံကိန်းနှင့် ပေါင်းစပ်ရန် ရည်မှန်းခဲ့ပြီးနောက် ထိုခေတ်ငွေ ဒေါ်လာ ၁၀ သန်း (ယနေ့ကာလ ငွေတန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၈၀) ဖြင့် ဝယ်ယူရန် Enzo Ferrari ထံ ချဉ်းကပ်ခဲ့သည်။လပေါင်းများစွာ အသေးစိတ်ဆွေးနွေးပြီးချိန်မှ Enzo Ferrari က မရောင်းနိုင်ဟု ငြင်းလိုက်သည်။
ငြင်းရုံမျှဖြင့် ပြဿနာမရှိနိုင်။ Enzo Ferrari က ဟင်နရီဖို့ဒ်အား ထိုးနှက်ဝေဖန်လိုက်သည့် စကားတစ်ခွန်းက ဖို့ဒ်ကို အသည်းနာသွားစေခဲ့သည်။
“ခင်ဗျားက ကားထုတ်လုပ်တဲ့သူမှ မဟုတ်တာ။ ခင်ဗျားက လယ်ထွန်စက်တွေ ထုတ်တဲ့သူပဲ” ဟု ပြောလိုက်ခြင်း ဖြစ်၏။ဟင်နရီဖို့ဒ်မှာ ယမ်းပုံမီးကျ ပေါက်ကွဲသွားပြီး Enzo Ferrari ကို လက်စားချေမည်ဟု သစ္စာဆိုခဲ့သည်။
“Ferrari က စစ်ပွဲကို ခေါ်တယ်ဆိုရင် …သူ စစ်ပွဲနဲ့ ရင်ဆိုင်စေရမယ်” ဟု ဟင်နရီဖို့ဒ်က ကြုံးဝါးခဲ့သည်။
■ GT40 မွေးဖွားခြင်း
သို့နှင့် ဟင်နရီဖို့ဒ်သည် ဗြိတိန်ကုမ္ပဏီ Lola နှင့် ပူးပေါင်းကာ GT40 ကို ထုတ်လုပ်ရန် ကြိုးစားခဲ့သည်။ အမြင့် လက်မ ၄၀ ရှိခြင်းကို အစွဲပြုကာ GT40 ဟု အမည်ပေးထားခြင်းဖြစ်သည်။သို့သော် ဖို့ဒ်၏ ပထမဆုံးကြိုးပမ်းမှုမှာ အရာမထင်ခဲ့။
၁၉၆၄ ခုနှစ် Le Mans ကားပြိုင်ပွဲသို့ GT40 ၃ စင်းပါဝင်ခဲ့သော်လည်း သန်းခေါင်မတိုင်မီ စခန်းသိမ်းခဲ့ရသည်။ ၁၉၆၅ ခုနှစ်တွင်လည်း စက်ပျက်ခြင်း၊ အင်ဂျင်ပေါက်ကွဲခြင်းများဖြစ်ကာ အရှက်တကွဲ အကျိုးနည်းခဲ့ရပြန်သည်။ သို့ကြောင့် ဖို့ဒ်အတွက် အများလက်ဖျားခါလောက်စရာ လုပ်ပြနိုင်ရန် လိုအပ်လာသည်။ထိုအချိန်တွင် ကယ်ရိုး ရှယ်လ်ဘီ၏ အခန်းကဏ္ဍ ပေါ်ပေါက်လာသည်။
ကယ်ရိုး ရှယ်လ်ဘီသည် ၁၉၅၉ ခုနှစ် Le Mans တွင် ဗိုလ်စွဲခဲ့သော တက္ကဆပ်သား ပြိုင်ကားကြယ်ပွင့်တစ်ဦး ဖြစ်၏။
GT40 ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ရှယ်လ်ဘီနှင့် ဗြိတိန်အင်ဂျင်နီယာ ကန်မိုင်းစ်တို့လက်သို့ ဝကွက်အပ်လိုက်သည်။ကန်မိုင်းစ်သည် စိတ်ဆတ်သော်လည်း အလွန်တော်သော ကားမောင်းသမား၊ မက္ကင်းနစ်တစ်ဦးဖြစ်ပြီး GT40 ၏ အသက်ဝိဉာဉ်လည်း ဖြစ်လာသည်။
ကန်မိုင်းစ်က GT40 ကို သာမန်ထက်ထူးကဲသော စွမ်းဆောင်ရည်များရှိလာစေရန် အမျိုးမျိုးစမ်းသပ်ခဲ့ပြီး ညအချိန်များတွင်ပါ စမ်းသပ်မောင်းနှင်ကြည့်ခဲ့သည်။
■ ပွဲကြီးပွဲကောင်း နွှဲပြီ
၁၉၆၆ ခုနှစ်၊ ဇွန်လတွင် ဖို့ဒ်မှာ အသင့်ဖြစ်နေပြီ။
Le Mans ပြိုင်ပွဲသို့ GT40 ၈ စင်းဖြင့် ပါဝင်ဆင်နွှဲသည်။
Ferrari က 330 P3 ၃ စင်း ဝင်ပြိုင်သည်။
ပြိုင်ပွဲမှာ ၁၉၆၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်၊ ညနေ ၄ နာရီအချိန်တွင် စတင်သည်။ ကောင်းကင်မှာ ညိုမှောင်နေ၏။
Ferrari နှင့် Ford တို့ နာရီပေါင်းများစွာ အကြိတ်အနယ် ပြိုင်မောင်းနေကြသည်။အီတလီကားများမှာ ပိုမိုပေါ့ပါးသွက်လက်သည်။ သို့သော် GT40 မှာ အင်ဂျင်ပါဝါ အလွန်ကောင်းသည်။ 7.0-liter V8 အင်ဂျင်များဖြစ်ပြီး 210 mph အမြန်နှုန်းအထိ မောင်းနိုင်သည်။
ထိုသို့ ပြိုင်ပွဲဝင်နေရင်း Ferrari မှာ ဂြိုဟ်ဆိုးဝင်တော့သည်။ တစ်စင်းပြီးတစ်စင်း ဂီယာချွတ်ယွင်းခြင်း၊ အပူလွန်ကဲခြင်း၊ ကားမှောက်ခြင်းများ ဖြစ်တော့သည်။ အရုဏ်တက်ချိန်ခန့်တွင် Ferrari တစ်စင်းသာ ကျန်တော့ပြီး Ford ကား ၃ စင်း၏ နောက်တွင် အပြတ်အသတ် ကျန်ရစ်ခဲ့သည်။
■ အံ့ဖွယ် အောင်ပွဲ
မိနစ် အနည်းငယ်သာ ကျန်တော့ပြီး ဟင်နရီဖို့ဒ်၏ Ford အသင်းမှာ ပထမ၊ ဒုတိယ၊ တတိယ ၃ နေရာလုံး ချိတ်ဆွဲတော့မည့် အလားအလာရှိနေသည်။သို့သော် ဟင်နရီဖို့ဒ်က ကား ၃ စင်းလုံး အတူတူ ပန်းဝင်ကာ ပထမချည်း ရစေလိုသည်။ သို့နှင့် ရှေ့တွင် ရောက်နေသော ကားများကို အရှိန်လျှော့ပြီး ခေတ္တစောင့်ဆိုင်းစေကာ အတူတူ ပန်းဝင်ခဲ့ကြသည်။ထိုပြိုင်ပွဲတွင် ရှေ့ဆုံးမှ ဦးဆောင်ခဲ့သူမှာ ကန်မိုင်းစ်ဖြစ်ပြီး မိမိ၏ အောင်ပွဲကို အသင်းဖော်များနှင့် မျှဝေခဲ့ရခြင်းအတွက် ကန်မိုင်းစ်မှာ အလွန်ဒေါသထွက်ခဲ့သည်ဟု ဆိုသည်။
Ford ၏ ကား ၃ စင်းလုံး တစ်ပြိုင်တည်း ပန်းဝင်လိုက်ချိန်တွင် ပရိသတ်တို့၏ သြဘာပေးမှုမှာ ဘဝဂ်သို့ ညံခဲ့သည်။Ford အသင်းသည် ၁၉၆၇ နှင့် ၁၉၆၈ ခုနှစ်များတွင်လည်း ဆက်လက်ဗိုလ်စွဲပြီး GT40 မှာ အလွန်ကျော်ကြားလာသည်။ Ferrari မှာ Le Mans တွင် ယခင်ကကဲ့သို့ ကြီးစိုးထားနိုင်ခြင်း မရှိတော့ချေ။ ဤသည်ကား ဟင်နရီဖို့ဒ်က Enzo Ferrari ကို အောင်မြင်စွာ လက်စားချေနိုင်ခဲ့ပုံ ဖြစ်၏။
ခိုင်မာသော သံန္နိဋ္ဌာန်၊ အင်ဂျင်နီယာပညာတို့ရှိပါက ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ကြောင်း GT40 က သက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Here's the real story behind the Le Mans-winning Ford GT40 (topgear)