ကားထုတ်လုပ်သူများအနေဖြင့် အပြိုင်အဆိုင် ဈေးလျှော့ရောင်းနေခြင်းများ ရပ်ဆိုင်းရန် တရုတ်အစိုးရ ပြောကြား

  • 142 views

report-china-tells-automakers-to-stop-lowering-prices.jpg

တရုတ်ပြည်ထုတ် EV များသည် ကမ္ဘာ့ဈေးကွက် ၊ အထူးသဖြင့် ဥရောပတွင် ရောင်းအားမြင့်တက်လာနေသည်။

သို့သော် တရုတ်ပြည်တွင်းတွင်မူ oversupply ဖြစ်နေမှုအပေါ် ရတက်မအေးဖြစ်မှုများ ကြီးထွားလာသည်။

တရုတ်အစိုးရက ပြည်တွင်းကားထုတ်လုပ်သူများအနေဖြင့် အပြိုင်အဆိုင် ဈေးလျှော့ရောင်းနေခြင်းများ ရပ်ဆိုင်းရန် တောင်းဆိုလာသည်။

တရုတ်ပြည်တွင်းတွင် ဖြစ်ပွားနေသော “ဈေးနှုန်းစစ်ပွဲ” ကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှခြေညီစေရန်အတွက် အမျိုးသား စီးပွားရေးဥပဒေကို ပြုပြင်ရေးဆွဲရမည့် အခြေဆိုက်လာသည်။

“ဥပဒေပြင်ဆင်တာကတော့ ဈေးနှုန်းအပြိုင်အဆိုင်လျှော့ချနေတာမျိုးလို ဈေးနှုန်းသတ်မှတ်မှု လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ စံနှုန်းတစ်ခု ချမှတ်တာဖြစ်ပါတယ်။ ဒါက comsumer တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိုမိုအကာအကွယ်ပေးနိုင်ပြီး ကြံ့ခိုင်အားကောင်းတဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ဖြစ်စေမှာ ဖြစ်ပါတယ်ရှင်” ဟု တရုတ် မက္ကရို စီးပွားရေး သုတေသန အကယ်ဒမီမှ စီးပွားရေး သုတေသန အင်စတီကျု၏ လက်ထောက်ညွှန်ကြားရေးမှူး ကောလီယန်က နိုင်ငံပိုင် China Daily သတင်းဌာနသို့ ပြောသည်။

တရုတ်ပြည်သည် ဆိုရှယ်လစ်နိုင်ငံတစ်ခုဖြစ်သောကြောင့် တရားမျှတသော ကုန်သွယ်ရေးအလေ့အထများကို အားပေးရန် အစိုးရတွင် တာဝန်ရှိကြောင်း၊ ပြည်တွင်းစီးပွားရေးလည်ပတ်မှု အားကောင်းစေမည့် ဈေးနှုန်း သတ်မှတ်ခြင်းများရှိစေရန် အားပေးရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်အစိုးရသည် လျှပ်စစ်ကား ထုတ်လုပ်ရေးကဏ္ဍကို ၂၀၀၀ ပြည့်လွန် အစောပိုင်း ကာလများကတည်းက အလုံးအရင်း အင်တိုက်အားတိုက် ထောက်ပံ့ကူညီပေးနေခဲ့သည်။

အနောက်နိုင်ငံများတွင်လည်း ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် တင်းကြပ်သော စည်းမျဉ်းများ ထုတ်ပြန်လာနေရာ မကြာမီတွင် ICE တို့နေရာ၌ EV များ နေရာယူလာတော့မည့် လက္ခဏာတစ်ရပ်ပင်။

တရုတ်အစိုးရက ထိုအခြေအနေမှာ အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ရှုမြင်ပြီး လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းလာကာ ဘက်ထရီထုတ်လုပ်ရေးတွင် အခိုင်အမာ အုတ်မြစ်ချထားနိုင်ပြီ ဖြစ်သည်။ဆယ်စုနှစ် ၂ ခုတာ ကာလအတွင်း တရုတ်ပြည်တွင်းတွင် ကားအမှတ်တံဆိပ်သစ်များစွာနှင့် Supplier ကုမ္ပဏီသစ်များစွာ ပေါ်ပေါက်လာသည်။

နာမည်ကြီး အမှတ်တံဆိပ်များမှာ အားကောင်းသည်ထက်ကောင်းလာကာ ပြည်ပဈေးကွက်များအထိ တင်ပို့လာနိုင်ရာ ကုမ္ပဏီငယ်လေးများ ရပ်တည်နိုင်ရန် မလွယ်ကူတော့သည့် အခြေအနေမျိုး ဖြစ်လာသည်။ တရုတ်အစိုးရက EV ဝယ်စီးသူများကို ထောက်ပံ့ပေးမှုများအား ၂၀၂၂ ခုနှစ်တွင် ရပ်ဆိုင်းလိုက်ပြီးနောက် ကားထုတ်လုပ်သူတို့ကြား ဈေးနှုန်းပြိုင်ဆိုင်မှုများ ပြင်းထန်လာခြင်းလည်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Report: China Tells Automakers To Stop Lowering Prices (thetruthaboutcars)