• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကွမ်ကျိုးမြို့တွင် အလိုအလျောက်မောင်းသော ကားများကို ကီလိုမီတာ ၂၄ သန်းကျော် စမ်းသပ်မောင်းနှင် လျက်ရှိရာ ကားကုမ္ပဏီပေါင်း ၁၇ ခု ပူးပေါင်းပါဝင်လျက်ရှိ

ကွမ်ကျိုးမြို့တွင် အလိုအလျောက်မောင်းသော ကားများကို ကီလိုမီတာ ၂၄ သန်းကျော် စမ်းသပ်မောင်းနှင် လျက်ရှိရာ ကားကုမ္ပဏီပေါင်း ၁၇ ခု ပူးပေါင်းပါဝင်လျက်ရှိ

  • 246 views

1000-picsart-aiimageenhancer-768x442.jpg

တရုတ်ပြည်၊ ကွမ်ကျိုးမြို့တွင် အလိုအလျောက်မောင်းသော ကားများကို ကီလိုမီတာ ၂၄ ဒသမ ၄၁ သန်း စမ်းသပ်မောင်းနှင်ရန် စီစဉ်လျက်ရှိရာ ကားကုမ္ပဏီပေါင်း ၁၇ ခု ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိသည်။

မောင်းသူမဲ့ကားများနှင့် ပတ်သက်သည့် လမ်းညွှန်ချက် စည်းမျဉ်းများ ရေးဆွဲရန် ကြိုးစားနေစဉ်ကာလအတွင်း ယခုကဲ့သို့ စမ်းသပ်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း Guanghou Daily သတင်းဌာနက ဖော်ပြသည်။

အလိုအလျောက်မောင်းနှင်စနစ်ကို ကွမ်ကျိုးရှိ အများပြည်သူလမ်းအလျား ကီလိုမီတာ ၂၆၀၀ ကျော်တွင် ပြုလုပ်နေခြင်း ဖြစ်သည်။

ယင်းတို့တွင် လမ်းပိုင်း ၁၃၄၀၊ အဝေးပြေးလမ်းပိုင်း ၁၀ ခုတို့ ပါဝင်ကာ ကွမ်ကျိုးရှိ ခရိုင် ၈ ခုတွင် စမ်းသပ်နေခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ အချက်အလက်များအရ ကွမ်ကျိုးတွင် မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်မှု နာရီစုစုပေါင်း ၁ ဒသမ ၃ သန်းရှိခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း ကွမ်ကျိုးတွင် ကားမောင်နှင်မှုများ၏ ၉၃ ဒသမ ၁၇ ရာခိုင်နှုန်းမှာ အလိုအလျောက်စနစ်ဖြင့် မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်ထက် ၃ ဒသမ ၆၇ ရာခိုင်နှုန်း မြင့်တက်လာသည်။

စမ်းသပ်မောင်းနှင်မှုတွင် အလိုအလျောက်စနစ်သုံး မော်တော်ကား ၅၀၈ စင်းပါဝင်ရာ မြို့ပြသယ်ယူပို့ဆောင်မှု၊ ကုန်စည်ပို့ဆောင်မှုနှင့် စည်ပင်သာယာဌာနဝန်ဆောင်မှုကဏ္ဍတို့ ပါဝင်သည်။

ကွမ်ကျိုး ဘတ်စ်ကားအဖွဲ့က ဘတ်စ်ကားလိုင်း ၁၀ ခုကျော်တွင် အလိုအလျောက်မောင်းနှင်သော ကား အစင်းရေ ၅၀ ထည့်သွင်းစမ်းသပ်ခဲ့သည်။
ထို့အပြင် Pony.ai, WeRide နှင့် Ruqi Mobility တို့၏ ကား ၇၅ စင်းလည်း ပါဝင်စမ်းသပ်နေကြသည်။

ကွမ်ကျိုးဒေသ၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံပိုင်းကို ကြည့်မည်ဆိုလျှင် ၂၀၂၅ ခုနှစ်၊ မတ်လအထိ 5G အခြေစိုက်စခန်း ၇၈၀၀၀ ရှိနေပြီဖြစ်ကာ အဝေးပြေးလမ်းပိုင်း ၆၀၂ ကီလိုမီတာနှင့် ပြည်နယ်လမ်းပိုင်း ၄၉၀ ကီလိုမီတာတို့ကို လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည်။

ကွမ်ကျိုးတွင် Personal 5G အသုံးပြုမှုမှာ ၁၀၅ ဒသမ ၉၄ ရာခိုင်နှုန်းအထိ ရှိရာ တနိုင်ငံလုံးအတိုင်းအတာအရ အမြင့်မားဆုံး ဖြစ်သည်။

ကွမ်းကျိုးရှိ မော်တော်ကား ၁၀၄၀၀ စင်းတွင် PC5 ဆက်သွယ်ရေးစနစ်၊ တရုတ်ပြည်၏ ဂြိုဟ်တုလမ်းညွှန်စနစ်ဖြစ်သော BeiDou တို့ တပ်ဆင်ထားပြီး ဖြစ်သည်။

အလိုအလျောက် မောင်းနှင်စနစ်ကို အထောက်အကူပေးမည့် လမ်းပိုင်း အခြေခံအဆောက်အအုံများအနေဖြင့် ဆက်သွယ်ရေးစနစ်ပေါင်း ၅၃၀၊ အာရုံခံကိရိယာပေါင်း ၈၉၇ ခု၊ ကွန်ပြူတာထိန်းချုပ်မှုစခန်း ၄၁၉ ခုတို့ ရှိနေပြီ ဖြစ်သည်။

ထို့အပြင် မီးပွိုင့်ပေါင်း ၂၀၅ ခုကို ကွန်ရက်ချိတ်ဆက်ထားသော အချက်ပြစနစ်သို့ အဆင့်မြှင့်တင်ထားပြီး ဖြစ်သည်။

Cloud-based ထိန်းချုပ်စနစ်နှင့် အချိန်နှင့်တပြေးညီ မြေပုံစနစ်တို့ကိုမူ လက်ရှိတွင် အကောင်အထည်ဖော် နေဆဲ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: China reports 24.41 million km of autonomous vehicle testing across a citywide program, with 17 companies participating (carnewschina)