- ပင်မစာမျက်နှာ
- ကားသတင်းများ
- Volkswagen Virtus ကားသစ်ကြီး ဝယ်ယူနိုင်သောနေ့တွင် ဆုံးပါးသွားသော ဇနီးကို လွမ်းဆွတ်တမ်းတကာ ဝမ်းနည်းပက်လက်ငိုကြွေးခဲ့သော အမျိုးသား
Volkswagen Virtus ကားသစ်ကြီး ဝယ်ယူနိုင်သောနေ့တွင် ဆုံးပါးသွားသော ဇနီးကို လွမ်းဆွတ်တမ်းတကာ ဝမ်းနည်းပက်လက်ငိုကြွေးခဲ့သော အမျိုးသား
- 251 views
ဘဝလက်တွဲဖော် ဆုံးရှုံးရခြင်းသည် မည်သူတစ်ဦးတစ်ယောက်အတွက်မဆို ကြေကွဲဖွယ်အကောင်းဆုံး ဖြစ်ရပ်တစ်ခုပင်။
ထိုသို့ ဆုံးရှုံးရမှုမျိုးတွင် ဟာတာတာ ကြေကွဲနာကျင်ရမှုမှာ တိုင်းတာ၍ မရနိုင်ချေ။အထူးသဖြင့် ရှင်သန်ကျန်ရစ်သူက ကြီးမားသည့် ဘဝမှတ်တိုင်တစ်ခု စိုက်ထူနိုင်သည့်အခါမျိုးတွင် သွားလေသူကို တမ်းတရခြင်းမှာ စာဆိုတို့ မဖွဲ့ဆိုနိုင်လောက်သော လွမ်းဆွတ်ခြင်းဒဏ်ရာလည်း ဖြစ်သည်။
မကြာသေးမီက လူမှုကွန်ရက်တွင် ဂယက်ရိုက်နေသော ဗွီဒီယိုဖိုင်တစ်ခု၌ အမျိုးသားတစ်ဦးမှာ Volkswagen Virtus ဆီဒင်ကားသစ်ကြီး ဝယ်သောနေ့တွင် သွားလေသူကို နာကျင်သော နှလုံးသားတစ်စုံဖြင့် တမ်းတနေပုံ တွေ့ရသည်။ရှေ့ခန်း passenger ခုံတွင် ဆုံးပါးသွားသော ဇနီး၏ ဓာတ်ပုံထားရှိကာ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
အမျိုးသား ပညာဝန် ဦးဖိုးကျား ရေးသားခဲ့သော “မိတဆိုးရှင်ပြု” တွင် “မယ်သင်ရယ်…သားကို ရှင်ပြုပြီးအောင်မှ မစောင့်ဘူးလားကွယ်” ဟု အိမ်နောက်ဖေးသွားကာ သွားလေသူ ဇနီးကို တမ်းတပြီး ကြိတ်ငိုနေသူ ကိုထွန်းကျော်ကို သတိရမိသည်။
အဆိုပါ အမျိုးသား၏ ဖြစ်ရပ်ကို အင်စတာဂရမ် လူမှုကွန်ရက်တွင် Harry Photowala အမည်ရှိ စာမျက်နှာက တင်ခဲ့ခြင်းဖြစ်သည်။
👉((မှတ်ချက်။ ယခုသတင်းတွင် အမျိုးသား၏ အမည်နှင့် ဖြစ်ပွားရာ နိုင်ငံ၊ တည်နေရာတို့ကို ထည့်သွင်းဖော်ပြ ထားခြင်းမရှိချေ။ သို့သော် Photowala ဟူသော စကားမှာ အိန္ဒိယတွင် ဓာတ်ပုံဆရာတို့ကို ရည်ညွှန်းသော စကားဖြစ်ခြင်း၊ Volkswagen Virtus ကို အဓိက တင်သွင်းသောနေရာမှာ အိန္ဒိယဈေးကွက်ဖြစ်ခြင်း အစရှိသော အချက်တို့ကို အရင်းခံမှန်းဆပါက အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်တရာ (သို့မဟုတ်) ဂူဂျာရတ် ပြည်နယ်တွင် ဖြစ်နိုင်သည်ဟု ယူဆရသည်။ Photowala ဟူသောအမည်ကို အဆိုပါ ပြည်နယ်များတွင် အသုံးပြုလေ့ ရှိသည်))
ဗွီဒီယိုထဲတွင် တွေ့မြင်ရမှုအရ ထိုအမျိုးသားနှင့် ၎င်း၏ မိသားစုသည် ၎င်းတို့ မှာယူထားသော Volkswagen Virtus ကို လက်ခံရယူရန် အရောင်းပြခန်းသို့ ရောက်ရှိလာပြီး ကားအား ထုပ်ပိုးထားမှုများကို ဖယ်ရှားကြည့်ရှုကြသည်။ထိုအချိန်တွင် အဆိုပါအမျိုးသားက ကွယ်လွန်သွားသော ဇနီး၏ ဓာတ်ပုံကို ကိုင်ထားခဲ့သည်။
ကားဘက်ဆီသို့ ဇနီး၏ ဓာတ်ပုံကို မျက်နှာမူထားရာ ကားသစ်ကြီး လက်ခံရယူမှုတွင် ဇနီးပါ ပါဝင်သည့် သဘောမျိုး ရည်ရွယ်ခြင်း ဖြစ်သည်။ထို့နောက် ဇနီး၏ ဓာတ်ပုံကို ရှေ့ခန်း passenger ခုံတွင် ထားရှိလိုက်ပြီးနောက် မိမိကိုယ်ကို စိတ်ထိန်းနိုင်ရန် ကြိုးစားနေဟန်ရှိသည်။သို့သော် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ငိုချလိုက်တော့သည်။
သူ၏ မိသားစုဝင်တစ်ဦးကို ပန်းစည်းတစ်ခု ယူလာပေးရန် တောင်းဆိုခဲ့သည်။ ပန်းစည်းရောက်လာချိန်တွင် ဇနီး၏ ဓာတ်ပုံရှေ့၌ ထားရှိလိုက်သည်။ဇနီး၏ ဓာတ်ပုံကို နမ်းရှိုက်လိုက်ပြီး ဖြေမဆည်နိုင်အောင် ငိုကြွေးနေသည်။ထို့နောက် ထိုင်ချလိုက်ကာ ထိုင်ခုံပေါ် လက်တင်ထားရင်း ရှိုက်ကြီးတငင် ဆက်လက်ငိုကြွေးနေခဲ့သည်။သူ၏ သူငယ်ချင်းများနှင့် မိသားစုဝင်များက ဝိုင်းဝန်းနှစ်သိမ့်ပေးကြသည်။
Volkswagen Virtus ဝယ်ယူချိန်တွင် ဇနီးကို တမ်းတကာ ငိုကြွေးနေသည့်အဖြစ်မှာ လူမှုကွန်ရက်တွင် အလွန်ကျော်ကြား ပျံ့နှံ့နေသည်။လူမှုကွန်ရက်သုံးစွဲသူများစွာက အဆိုပါပို့စ်ကို မျှဝေခဲ့ကြပြီး ယခုလို သစ္စာရှိမှုမျိုးမှာ ယနေ့ခေတ်တွင် တွေ့ရန်မလွယ်တော့ကြောင်း ပြောဆိုကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man In Tears During New Volkswagen Virtus Delivery: Places Late Wife's Photo On Seat [Video]