- ပင်မစာမျက်နှာ
- ကားသတင်းများ
- " စက်ပြင်သမားဘဝမှ အအောင်မြင်ဆုံးထုတ်လုပ်သူများထဲမှတစ်ဦးအဖြစ် ဆီသို့.... "
" စက်ပြင်သမားဘဝမှ အအောင်မြင်ဆုံးထုတ်လုပ်သူများထဲမှတစ်ဦးအဖြစ် ဆီသို့.... "
- 233 views
⬛ ပထမဆုံးဘဝအစ
Soichiro Honda (1906-1991) ဟာ ဂျပန်ကျေးလက်တစ်ရွာမှာ လက်သမားဖခင်၏သားအဖြစ် မွေးဖွားခဲ့ပြီး၊ ငယ်စဉ်ကတည်းက စက်ပစ္စည်းများကို ဖြုတ်တတ်၊ပြန်ပြီးတက်ဆင်တတ်ခဲ့သူပါ။
ထိုခေတ်က စက်ဘီးများသည် ဂျပန်တွင် စတင်ရေပန်းစားလာချိန်ဖြစ်ပြီး၊ သူ၏ဖခင် ဂီဟေးသည် တိုကျိုမှ Used စက်ဘီးများကို ဝယ်ယူပြင်ဆင်ပြီး ပြန်လည်ရောင်းချသည့် လုပ်ငန်းကို တိုးချဲ့ခဲ့သည်။ ငယ်စဉ်ကတည်းက ဟွန်ဒါသည် ဖခင်၏လုပ်ငန်းတွင် ကူညီလုပ်ကိုင်ရင်း စက်ပစ္စည်းများနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ကာ ၁၅နှစ်သားအရွယ်တွင် တိုကျိုရှိ ကားပြင်ဆိုင်တွင် အလုပ်သင်အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။
ဆယ်ကျော်သက်အရွယ်အတွင် သူ၏ကျွမ်းကျင်မှုများသည် ပြိုင်ကားတစ်စီးကို ကိုယ်တိုင်တည်ဆောက်နိုင်သည်အထိ တိုးတက်လာခဲ့ပြီး၊ယင်းမှာ ကားနှင့်မော်တော်ဆိုင်ကယ်ပြိုင်ပွဲများအပေါ် သူ၏တစ်သက်တာစွဲလမ်းမှု၏ အစလည်းဖြစ်ခဲ့သည်။
၁၉၃၆ ခုနှစ်တွင် ဂျပန်ရဲ့အမြန်နှုန်းစံချိန်တစ်ခုကို တင်နိုင်ခဲ့ပြီး ထိုစံချိန်ကို နှစ်ပေါင်းများစွာ မချိုးနိုင်ကြပေ။ ၂၁နှစ်သားအရွယ်တွင် ဟာမမာဆွတ်မြို့၌ ကိုယ်ပိုင်ကားပြင်ဆိုင်ကို စတင်လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၃၀ ခုနှစ်များအတွင်း အောင်မြင်သော ကားပြင်ဆိုင်တစ်ခုဖွင့်ခြင်း၊တီထွင်မှုများ စမ်းသပ်ခြင်း (ဘီးအတွက် သတ္တုပိုက်များပါဝင်) အပါအဝင် လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ခဲ့သည်။
၃၁ နှစ်သားတွင် ဟာမမာဆွတ် နည်းပညာအထက်တန်းကျောင်းသို့ အချိန်ပိုင်း ပြန်လည်တက်ရောက်ခဲ့သော်လည်း စာမေးပွဲများကို မဖြေဆိုခဲ့သည့်အတွက် ဘွဲ့မရခဲ့သော်လည်း နှစ်များစွာကြာပြီးနောက် သူ၏ကားများသည် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရပြီး ဂျပန်နှင့်အမေရိကန် တက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ဘွဲ့များစွာ ရရှိခဲ့သည်။
၁၉၃၇-၁၉၄၅ စစ်အတွင်းကာလများတွင် ဟွန်ဒါ၏ကုမ္ပဏီ Tokai Seiki သည် စစ်ဘက်ဆိုင်ရာလိုအပ်ချက်များ (ပစ်စတန်ကွင်းများနှင့် သတ္တုလေယာဉ်ပျံပရိုပဲလာများ အပါအဝင်) တိုးမြင့်လာမှုကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ စစ်ပွဲအပြီးနှစ်တွင် ဗုံးကြဲတိုက်ခိုက်မှုနှင့် ငလျင်ဒဏ်ကြောင့် စက်ရုံပျက်စီးခဲ့ပြီးနောက် Tokai Seiki အား Toyota သို့ ရောင်းချခြင်းကိုခံခဲ့ရသည်။
⬛ ဘဝရဲ့လုပ်ဆောင်ချက်များ
၁၉၄၆ ခုနှစ်၊ အောက်တိုဘာလတွင် ဆွိုင်ချီရို ဟွန်ဒါသည် ဟွန်ဒါနည်းပညာသုတေသနအဖွဲ့ (Honda Technical Research Institute) ကို ဟာမမာဆွတ်မြို့တွင် တည်ထောင်ခဲ့သည်။
ဤအဖွဲ့၏ ပထမဆုံးစီမံကိန်းမှာ စစ်ဘက်သုံး အင်ဂျင်အပိုများကို စက်ဘီးများတွင် တပ်ဆင်ရန် ဖြစ်ကာ စီးပွားရေးကျပ်တည်းပြီး လောင်စာဆီဈေးကြီးနေသော ထိုကာလတွင် သူ၏ လောင်စာချွေတာနိုင်သည့် အင်ဂျင်များကို ဈေးကွက်တွင် အောင်မြင်စွာရောင်းချနိုင်ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် ဟွန်ဒါသည် ရင်းနှီးမြှုပ်နှံသူ တာကီယို ဖူဂျီဆာဝါ နှင့်ပူးပေါင်းကာ Honda Motor Company ကို တည်ထောင်ခဲ့ပြီး၊ ၁၉၅၀ ပြည့်နှစ်တွင် "Dream Type D" မော်တော်ဆိုင်ကယ်ကို အပြည့်အဝ ထုတ်လုပ်နိုင်ခဲ့သည်။
ထိုစဉ်က ဂျပန်တွင် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ကုမ္ပဏီ ၂၀၀ နီးပါးရှိသော်လည်း၊ Honda ၏ မော်ဒယ်များသည် ခိုင်ခံ့မှု၊ ယုံကြည်စိတ်ချရမှုတို့ကြောင့် ဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ကုမ္ပဏီ၏ ရောင်းအားသည် ဂျပန်ပြည်တွင်း မော်တော်ဆိုင်ကယ်ဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး၊၁၉၆၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ကုမ္ပဏီ ၄ ခုသာကျန်ရှိခဲ့ပြီး Honda တစ်ခုတည်းက ထုတ်လုပ်မှု၏ တစ်ဝက်ကျော်ကို လွှမ်းမိုးနိုင်ခဲ့သည်။
ဟွန်ဒါသည် စက်ရုံအလုပ်သမားများနှင့်အတူ တိုက်ရိုက်လုပ်ကိုင်လေ့ရှိပြီး ၁၉၇၀ ပြည့်နှစ်မှစ၍ "အကြံဉာဏ်ပြိုင်ပွဲများ" ကို စတင်ခဲ့ကာ အလုပ်သမားများအား သူတို့၏ ဆန်းသစ်တီထွင်မှုများကို မျှဝေရန် အားပေးခဲ့သည်။
၁၉၅၁ ခုနှစ်တွင် အနောက်နိုင်ငံများသို့ သွားရောက်လေ့လာပြီးနောက်၊ ဂျပန်နည်းပညာသည် အနောက်နိုင်ငံများနှင့် ယှဉ်လျှင် အလှမ်းဝေးနေကြောင်း သိရှိခဲ့သည့်အတွက် Mitsubishi Bank မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်း ချေးငွေရယူကာ ခေတ်မီစက်ကိရိယာများ ဝယ်ယူခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် Isle of Man ပြိုင်ပွဲ၌ Honda ၏ စက်များသည် ၁၂၅ cc နှင့် ၂၅၀ cc အတန်းနှစ်ခုလုံးတွင် ထိပ်ဆုံး ၅ နေရာ စလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကမ္ဘာ့အရောင်းရဆုံး မော်တော်ဆိုင်ကယ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
၁၉၆၀ ပြည့်လွန် နှစ်များတွင် ဂျပန်အစိုးရက သေးငယ်သောကုမ္ပဏီများအား Toyota နှင့် Nissan တို့နှင့် ယှဉ်ပြိုင်ရန် ဟန့်တားခဲ့သော်လည်း၊ ဟွန်ဒါသည် ၁၉၆၂ ခုနှစ်တွင် ပေါ့ပါးသောထရပ်ကား၊ ၁၉၆၃ တွင် Sport Type ကား၊၁၉၆၇ တွင် ခရီးသည်တင်ကား တို့ကို စတင်ထုတ်လုပ်ခဲ့သည်။
၁၉၇၃ ခုနှစ်တွင် Honda Civic ကို စတင်မိတ်ဆက်ခဲ့ပြီး၊ ယင်းသည် အမေရိကန်၏ လေထုသန့်ရှင်းရေး စံချိန်များကို ပထမဆုံးဖြည့်ဆည်းနိုင်သော ကားဖြစ်ကာ ကမ္ဘာတစ်ဝန်းအောင်မြင်မှုရရှိခဲ့သည်။
၁၉၅၉ ခုနှစ်တွင် American Honda Motor Company ၊ ၁၉၆၁ တွင် Honda Germany တို့ကို တည်ထောင်ခဲ့ပြီး၊၁၉၆၂ ခုနှစ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၌ စက်ရုံ တည်ဆောက်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ မော်တော်ဆိုင်ကယ်စက်ရုံ၊ ၁၉၈၂ ခုနှစ်တွင် အိုဟိုင်းယိုးပြည်နယ်၊ Marysville တွင် ကားစက်ရုံများ ဖွင့်လှစ်ခဲ့သည်။ထိုစက်ရုံများသည် Honda ၏ အောင်မြင်မှုကို အထောက်အကူပြုခဲ့ပြီး၊ Toyota နှင့် Nissan တို့ပါ အမေရိကတွင် စက်ရုံများတည်ဆောက်ရန် လမ်းခင်းပေးသည့်အစလည်းဖြစ်ခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ဟွန်ဒါနှင့် ဖူဂျီဆာဝါတို့သည် ကုမ္ပဏီမှ အနားယူခဲ့ပြီး၊ Kiyoshi Kawashima ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ဟွန်ဒါသည် "အကြီးအကဲအကြံပေး" အဖြစ် ဆက်လက်ပါဝင်ခဲ့ပြီး၊ လမ်းဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့များကို ထောက်ပံ့ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အမေရိကန် Automotive Hall of Fame သို့ ပထမဆုံးဂျပန်လူမျိုးအဖြစ် ရွေးချယ်ခံခဲ့ရသည်။
⬛ Honda ရဲ့ Significance
Honda Motor Company သည် စစ်မဖြစ်မီက ကားထုတ်လုပ်ရေးလုပ်ငန်းများနှင့် မည်သည့်ဆက်နွယ်မှုမှ မရှိသော တစ်ခုတည်းသော ဂျပန်ကားကုမ္ပဏီဖြစ်ပြီး ဤကုမ္ပဏီ၏ အောင်မြင်မှုနှင့် နိုင်ငံတကာရှိ ၎င်း၏လုပ်ငန်းခွဲများသည် ဆွိုင်ချီရို ဟွန်ဒါ တစ်ဦးတည်း၏ အားထုတ်မှုသာမက၊တာကီယို ဖူဂျီဆာဝါ (စီးပွားရေးအရာရှိ) နှင့် ကီယိုရှီ ကာဝါရှီမာ (နည်းပညာရှင်) တို့၏ အရေးပါသော ပံ့ပိုးမှုများကြောင့်လည်း ဖြစ်သည်။ သို့သော် ဤကုမ္ပဏီကို "Honda" ဟု အမည်ပေးခြင်းမှာ အံ့သြစရာမရှိပါ။
ဆွိုင်ချီရို ဟွန်ဒါသည် နည်းပညာကျွမ်းကျင်မှု၊ စွန့်ဦးတီထွင်ဉာဏ်နှင့် ပြိုင်ကားမောင်းသမားတစ်ဦး၏ ရဲရင့်မှု တို့ကို ပေါင်းစပ်ထားသူဖြစ်ပြီး၊သူ၏စိတ်ဓာတ်သည် Honda ကုမ္ပဏီအပေါ် မပျောက်မပျက် အမှတ်လက္ခဏာတစ်ခု ဖြစ်စေခဲ့သည်။
ဟွန်ဒါ၏ အရေးအကြီးဆုံး အကြံပြုချက်မှာ "အလုပ်သမားများနှင့် အတူရှိသော ခေါင်းဆောင်" ဖြစ်ရန် ဖြစ်သည်။သူသည် New York Times သတင်းထောက်အား ပြောခဲ့သည်မှာ - "အဆိုးဆုံး ဥက္ကဋ္ဌမှာ ဈေးကြီးစားသောက်ဆိုင်တွင် စီးကရက်သောက်ရင်း မိမိကိုယ်ကို ကြည်နူးနေသူဖြစ်ပြီး၊ အလုပ်သမားများက ညစ်ပတ်သောစက်ရုံတွင် လက်မည်းစွဲလျက် အလုပ်လုပ်နေရသူပါ။သင်သည် ဘုရားသခင်ကဲ့သို့ ဖြစ်နေရင်တောင် လူများက သင့်ကိုရိုသေကြမည်၊သို့သော် သင့်နှင့်နီးနီးကပ်ကပ် မလာကြပါ။ ထို့ကြောင့် အလုပ်သမားများက သင့်တွင် အမှားများရှိသည်ဟု ခံစားရပါစေ။"
ဤစကားသည် Honda ၏ အလုပ်သမားဗဟိုပြု စီမံခန့်ခွဲမှုပုံစံကို ထင်ဟပ်စေပြီး၊ ကုမ္ပဏီ၏ အောင်မြင်မှုအတွက် အဓိကသော့ချက်လည်း ဖြစ်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: ebsco.com