ဂိတ်ကြေး မပေးလိုသော ခရိုင်တရားသူကြီးကို toll gate မန်နေဂျာက ချေချွတ်ဆုံးမတော်မူခန်း

  • 553 views

judge_refuses_to_pay_toll_4b57018874.jpg

အိန္ဒိယတွင် VIP culture (အခွင့်ထူးခံ ယဉ်ကျေးမှု) အလွန်ထွန်းကားသည်။

သြဇာကြီး ၊ ရာထူးကြီးသူများမှာ အခွင့်ထူးခံ အခွင့်အရေး များစွာ ရယူကြသည်။

ယင်းတို့အနက် တိုးဂိတ်ကြေးများ၊ ကားပါကင်ကြေးများနှင့် အခြားပေးဆောင်ရမည့်အရာများ မပေးဘဲ ရှောင်လွှဲကြခြင်းများ အပါအဝင် ဖြစ်သည်။

အရာရှိကြီးများမှာ အခွင့်ထူးခံ အခွင့်အရေးများနှင့် ကျင့်သားရလာပြီးနောက် ရပိုင်ခွင့်ဟု မှတ်ယူလာကြသည်။

အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ပျံ့နှံ့နေသည့် ဗွီဒီယိုဖိုင်တစ်ခုတွင် ခရိုင်တရားသူကြီးတစ်ဦးက တိုးဂိတ်ကြေးပေးရန် ငြင်းဆိုနေရာ အချိန်အတန်ကြာသည့်တိုင် လမ်းပိတ်ဆို့နေခဲ့ပုံမှာ သတင်းကြီးနေသည်။

ဗွီဒီယိုမှာ ၂၀၂၁ ခုနှစ်က ရိုက်ကူးခဲ့သည့် ဗွီဒီယိုဖြစ်သော်လည်း ယခုအခါ ပြန်လည်ပျံ့နှံ့ ဂယက်ရိုက်လာခြင်းဖြစ်ပြီး သြဇာအာဏာရှိသူတို့၏ မတရား အခွင့်ထူးခံနေပုံကို ပြသနေသည်။

ဖြစ်ပွားသောနေရာမှာ အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒက်ရှ်ပြည်နယ်၊ ဘာရီးလီ (Bareilly) နှင့် မူရားဒါးဘာ့ဒ် (Moradabad) မြို့တို့ကြားတွင်ရှသော တိုးဂိတ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CCTV ကင်မရာတစ်ခုက ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းဖြစ်သည်။

ဗွီဒီယိုမှတ်တမ်းတွင် တွေ့မြင်ရမှုအရ တိုးဂိတ်ဝန်ထမ်းက Maruti Suzuki Ertiga တွင် လိုက်ပါလာသော ပုဂ္ဂိုလ်တစ်ဦးနှင့် အချီအချ စကားပြောနေသည်ကို တွေ့ရပြီး ၎င်းတို့၏ စကားသံများကို သဲသဲကွဲကွဲ ကြားနေရသည်။

ကားထဲမှ လိုက်ပါလာသော ပုဂ္ဂိုလ်မှာ ခရိုင်တရားသူကြီးတစ်ဦးဖြစ်သည်ဟု ဆိုသည်။

((ဘာတွေဖြစ်ခဲ့လဲ))

Ertiga မောင်းသူက တိုးဂိတ်မှ ဝန်ထမ်းကို ကတ်ပြားတစ်ခု ထုတ်ပြလိုက်သည်ကို တွေ့ရသည်။

ရည်ရွယ်ချက်မှာ ဂိတ်ကြေး မဆောင်ရဘဲ ထွက်ခွာနိုင်ရန် ဖြစ်သည်။
သို့သော် ဝန်ထမ်းက လက်မခံ။ Ertiga ကားကလည်း ဂိတ်ကြေးမပေးဘဲရှိနေပြီး အချိန်အတန်ကြာသွားသည်။

ထိုအခါ တိုးဂိတ် မန်နေဂျာ ရောက်လာသည်။

တိုးဂိတ် မန်နေဂျာက တရားသူကြီးနှင့် အပြန်အလှန် စကားပြောနေသည်ကို ဗွီဒီယိုတွင် တွေ့ရသည်။

မန်နေဂျာက ပြောသည်မှာ စည်းမျဉ်းအရ တရားသူကြီးကို ဂိတ်ကြေးကင်းလွတ်ခွင့် မပေးနိုင်ကြောင်း ပြောသည်။

အိန္ဒိယတွင် တရားရုံးချုပ် တရားသူကြီးများနှင့် ထိုထက်ပိုမိုအဆင့်မြင့်သူများကို ဂိတ်ကြေးကင်းလွတ်ခွင့် ပေးထားသော်လည်း ခရိုင်တရားသူကြီးများမှာ ကင်းလွတ်ခွင့်မရှိချေ။

Ertiga ၏ နောက်ဘက်တွင် ထရပ်တစ်စင်းရပ်နေသည်ကို တွေ့ရသည်။
တရားသူကြီးက ဂိတ်ကြေးမပေးနိုင်ကြောင်း ကြာရှည်စွာ ငြင်းခုံနေရာ ယာဉ်တန်းရှည်ကြီး ဖြစ်ကာ ပိတ်ဆို့နေခဲ့သည်။

ခရိုင်တရားသူကြီးက မပေးဆောင်နိုင်ကြောင်း ငြင်းနေသည့် ဂိတ်ကြေးမှာ ရူပီး ၈၀ ( ၀ ဒသမ ၉ ဒေါ်လာ) သာ ဖြစ်ပြီး ၎င်း၏ လစာနှင့်ဆိုလျှင် မဖြစ်စလောက်ငွေသာ ဖြစ်သည်။

တိုးဂိတ်မန်နေဂျာက အာဏာရှိသူတို့၏ မတရား အခွင့်ထူးခံနေပုံများစွာကို ထောက်ပြပြောဆိုခဲ့ရာ နောက်ဆုံးတွင် ခရိုင်တရားသူကြီး အလျှော့ပေးကာ ဂိတ်ကြေးပေးဆောင်သွားခဲ့သည်။

မန်နေဂျာက အိန္ဒိယ တိုးဂိတ် ငွေကောက်ခံမှု ဥပဒေအကြောင်း သိပါသလားဟု တရားသူကြီးကို မေးခဲ့သည်။

တရားသူကြီးက သိရှိကြောင်းပြောဆိုခဲ့သည့်အပြင် တရားသူကြီးများကို ကင်းလွတ်ခွင့်ပေးထားသည်ဟုလည်း ပြောခဲ့သည်။

ထိုအခါ တိုးဂိတ်မန်နေဂျာက တရားရုံးချုပ် တရားသူကြီးများနှင့် တရားလွွှတ်တော်ချုပ် တရားသူကြီးများကိုသာ ကင်းလွတ်ခွင့်ပေးခြင်းဖြစ်ကြောင်း ထောက်ပြသည်။

ထိုအခါတွင် တရားသူကြီးက ပြောသည်မှာ မိမိအနေဖြင့် မဒရာ ပရာဒက်ရှ်ပြည်နယ်တခွင် သွားလာရာတွင် ဂိတ်ကြေးမပေးရကြောင်း ပြောသည်။

တိုးဂိတ်မန်နေဂျာက ဆက်လက်ပြောခဲ့သည်မှာ တရားသူကြီးကြောင့် လမ်းပိတ်နေရသည်မှာ ၁၀ မိနစ်ခန့် ရှိခဲ့ရပြီး အများပြည်သူတို့ အနှောင့်အယှက်ဖြစ်ရကြောင်း ၊ ထိုအခြေအနေအတွက် တရားသူကြီးတွင် တာဝန်ရှိကြောင်း ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Judge Refuses To Pay Toll: Toll Booth Employee Teaches Him A Lesson (Video)