- ပင်မစာမျက်နှာ
- ကားသတင်းများ
- Li Auto နှင့် Onvo တို့၏ အကြီးအကဲများ လူမှုကွန်ရက်တွင် အပြန်အလှန် ထိုးနှက်တိုက်ခိုက်မှုဖြစ်ပွား
Li Auto နှင့် Onvo တို့၏ အကြီးအကဲများ လူမှုကွန်ရက်တွင် အပြန်အလှန် ထိုးနှက်တိုက်ခိုက်မှုဖြစ်ပွား
- 292 views
Li Auto နှင့် Nio မှ ထုတ်လုပ်သော Onvo အမှတ်တံဆိပ်တို့၏ အကြီးအကဲများ လူမှုကွန်ရက်တွင် အပြန်အလှန် ထိုးနှက်တိုက်ခိုက်မှု ဖြစ်ပွားနေခြင်းအပေါ် အများပြည်သူတို့ အာရုံစိုက်နေကြသည်။
Onvo ၏ ဥက္ကဋ္ဌ ရှန်ဖေးက Li Auto ၏ ဒုတိယဥက္ကဋ္ဌ လျိုကျဲကို မိမိတို့အား ပြန်လည်တောင်းပန်ရန် ပြောကြားထားသည်။
((ပြဿနာ ဇာစ်မြစ်))
Li Auto က ထုတ်လုပ်ထားသော i8 SUV ကို လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပယ်ပယ်နယ်နယ် ဝေဖန်ထားရာ Li Auto ၏ ဒုဥက္ကဋ္ဌက အဆိုပါပို့စ်ကို Screenshot ရယူပြီး “Li Auto ၏ ပြိုင်ဘက်ကုမ္ပဏီက ငွေပေးခိုင်းစေကာ တိုက်ခိုက်သည့် လုပ်ဆောင်မှုဖြစ်…” ကြောင်း ပြောဆိုခဲ့သည်။
Li Auto ၏ i8 SUV နှင့် Onvo ၏ L90 တို့မှာ တစ်ချိန်တည်းလို ချပြလာခဲ့သော မော်ဒယ်များဖြစ်ပြီး ထိုမော်ဒယ် ၂ ခုမှာ တိုက်ရိုက်ပြိုင်ဘက်လည်း ဖြစ်သည်။ထို့ကြောင့် Li Auto ဒုဥက္ကဋ္ဌ လျိုကျဲ၏ လူမှုကွန်ရက် ရေးသားမှုတွင် Onvo ကို နာမည်တပ်ကာ ရေးသားခြင်း မရှိသော်လည်း မည်သူ့အား ရည်ညွှန်းသည်ကို ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူအားလုံး သိကြသည်။ထိုသို့ တိုက်ခိုက်သည်မှာ Onvo မဟုတ်နိုင်ကြောင်း လူမှုကွန်ရက်သုံးစွဲသူတို့က ၎င်း၏ပို့စ်တွင် မှတ်ချက်ပေးကြသည်။
လျိုကျဲ၏ ပို့စ်တွင် Onvo ၏ ဥက္ကဋ္ဌ ရှန်ဖေးက (အခြေအမြစ်မရှိ စွပ်စွဲမနေဘဲ) ရဲစခန်းတွင် တိုက်ရိုက် တိုင်တန်းရန် မှတ်ချက်ပေးခဲ့သည်။
ထို့အပြင် ရှန်ဖေးက Weiboလူမှုကွန်ရက်တွင် ရေးသားခဲ့သည်မှာ “ရဲစခန်းကိုတိုင်ဖို့ ဇူလိုင်လ ၂၄ ရက်တုန်းက ကျွန်တော်အကြံပေးခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်သုံးစွဲသူတွေကလည်း ဒီလိုတိုက်ခိုက်မှု လုပ်တာဟာ Onvo က မဟုတ်ဘူးဆိုတာ ဖော်ထုတ်ရေးသားမှုတွေ ရှိခဲ့ပါတယ်။ အခုတော့ အထောက်အထားတွေက ထင်ရှားနေပြီမို့ လျိုကျဲအနေနဲ့ Onvo နဲ့ Nio သုံးစွဲသူတွေကို တိုက်ရိုက်တောင်းပန်မှုလုပ်ဖို့ အကြံပြုပါတယ်။” ဟု ဖော်ပြထားသည်။
Weibo မှ ဘလော့ဂါတစ်ဦးဖြစ်သူ @扭矩兄弟 (Torque Brothers) က ဓာတ်ပုံတစ်ပုံတင်ခဲ့ရာ အွန်လိုင်းတွင် နာမည်ကြီးနေသည့် Li Auto အပေါ် တိုက်ခိုက်မှုမှာ Li Auto ကုမ္ပဏီတွင်း စမ်းသပ်သည့်ဌာနမှ လာခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။
ရှန်ဖေးက ထိုဘလော့ဂါ၏ ပို့စ်ကို မျှဝေခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူတို့အကြား ပိုမိုဆွေးနွေးစရာများ ပေါ်ပေါက်လာခဲ့သည်။
Li Auto မှ ထုတ်လုပ်သော i8 သည် six-seat SUV ဖြစ်ပြီး လက်ရှိအားဖြင့် pre-order ရောင်းချပေးနေကာ ဈေးတန်းမှာ ယွမ် ၃၅၀၀၀၀ မှ ၄၀၀၀၀၀ ကြား (ကန်ဒေါ်လာ ၄၈၀၀၀ မှ ၅၅၀၀၀ ကြား) ဖြစ်သည်။
Nio ၏ Onvo L90 မှာ ဇူလိုင် ၁၀ ရက်က pre-sale စတင်ရောင်းချပေးခဲ့ပြီး ဈေးနှုန်းမှာ ယွမ် ၂၇၉၉၀၀ (ဒေါ်လာ ၃၈၅၀၀) မှ စသည်။L90 ကို ဇူလိုင် ၃၁ ရက်တွင် တရားဝင်စတင်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Onvo and Li Auto executives clash on social media over Li i8 smear rumor (carnewschina)