- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမီတာဘဂျမ်းက သူမပိုင်တော့တဲ့ Rolls-Royce တစ်စင်းအတွက် ဘာကြောင့် ဒဏ်ငွေဆောင်နေရတာလဲ
အမီတာဘဂျမ်းက သူမပိုင်တော့တဲ့ Rolls-Royce တစ်စင်းအတွက် ဘာကြောင့် ဒဏ်ငွေဆောင်နေရတာလဲ
- 717 views
အိန္ဒိယတွင် Rolls-Royce ၂ စင်းကို မကြာသေးမီက ရူပီး ၁၈ သိန်းနှင့် သိန်း ၂၀ ဒဏ်ငွေအသီးသီး ချမှတ်ခဲ့သည်။
ထိုကား ၂ စင်းသည် ဘောလိဝုဒ်ကြယ်ပွင့်များ ပိုင်ဆိုင်ခဲ့သော ကားဖြစ်ပြီး တစ်စင်းမှာ အမီတာဘဂျမ်း ပိုင်ဆိုင်ခဲ့သော ကားဖြစ်သည်ဟု ဆိုသည်။ဘင်္ဂလူရူ (ဘင်္ဂလိုဟုလည်းခေါ်) တွင် လမ်းခွန်မဆောင်သောကြောင့် ဒဏ်ငွေ ချမှတ်ခြင်းဖြစ်သည်။ထိုကားများမှာ ယခုအခါ ဘောလိဝုဒ်ကြယ်ပွင့်များ ပိုင်သောကားများ မဟုတ်တော့ချေ။
ထို ၂ စင်းလုံးကို လက်ရှိ ပိုင်ဆိုင်ထားသူမှာ ဘင်္ဂလူရူမှ စီးပွားရေးလုပ်ငန်းရှင် ယူဆွတ် ရှရိဖ် ဖြစ်ပြီး ၎င်းက နေ့စဉ်အသုံးပြုလျက်ရှိသည်။ယူဆွတ် ရှရိဖ်၏ ပြောကြားချက်အရ Rolls-Royce Phantom နှင့် Rolls-Royce Ghost တို့ကို အမီတာဘဂျမ်းနှင့် အခြားရုပ်ရှင်မင်းသားတစ်ဦးတို့ထံမှ ပြီးခဲ့သော နှစ်အနည်းငယ်က ဝယ်ယူခဲ့သည်ဟု ဆိုသည်။ထိုသို့ ဝယ်ယူလိုက်သော်လည်း ယူဆွတ် ရှရိဖ်က ထိုကားများကို သူ၏ အမည်ပေါက် နာမည်ပြောင်းခြင်း မပြုလုပ်ခဲ့ချေ။
ယူဆွတ်ကို အများက “KGF ဘာဘူ” ဟုသာ ခေါ်ကြသည်။KGF မှာ ကိုလာ ရွှေတွင်း (Kolar Gold Fields-KGF) ကို ရည်ညွှန်းခြင်းဖြစ်ပြီး ယူဆွတ်မှာ ထိုဇာတိ ဖြစ်သည်။ကာနာတာကာပြည်နယ်၊ သတ္တုတွင်းမြို့လေးဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်သော KGF ထွက်ရှိခဲ့ပြီးနောက်ပိုင်း ထိုဒေသကို လူသိများလာသည်။
ဒဏ်ငွေချမှတ်ခံရသော Rolls-Royce Phantom နှင့် Rolls-Royce Ghost ၂ စင်းလုံးမှာ မဟာရပ်ရှ်တရာ ပြည်နယ်တွင် မှတ်ပုံတင်ထားသော ကားများဖြစ်သည်။ယူဆွတ်က ကားများ ဝယ်ယူလိုက်သည့်ကာလကိုမူ မသိရသေးချေ။သို့သော် ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေးဌာန (RTO) မှ အချက်အလက်များအရ Rolls-Royce Phantom မှာ ဘင်္ဂလူရူမြို့တွင် ၂၀၂၁ ခုနှစ်ကတည်းက ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။ အခြားတစ်စင်းမှာမူ ဘင်္ဂလူရူသို့ ၂၀၂၃ ခုနှစ်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။Phantom မှာ ရူပီး ၁၈ သိန်းကျော် (၁၈ ဒသမ ၅၃ သိန်း) ဒဏ်ငွေချမှတ်ခံရပြီး Ghost မှာ ရူပီး ၁၉ သိန်းကျော် (၁၉ ဒသမ ၇၃ သိန်း) ဒဏ်ငွေချမှတ်ခံရသည်။
အဆိုပါကားများသည် ကာနာတာကာ ပြည်နယ်တွင် လမ်းခွန်မဆောင်ဘဲ စီးနေသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ဒဏ်ငွေများပြားစွာ ချမှတ်ခံရခြင်းဖြစ်သည်။တရားဝင်မှတ်တမ်းများအရ ထိုကားများမှာ ပိုင်ရှင်အမည် ပြောင်းလဲထားခြင်း မရှိသေးကြောင်း RTO အရာရှိတို့က အတည်ပြုပြောကြားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Amitabh Bachchan's Old Rolls-Royce Among Cars Fined Rs 38 Lakh In Bengaluru (ndtv)