ရှန်ဟိုင်းတွင် စက်ရုပ်ယာဉ်ထိန်းရဲ (RoboCop) စတင်အသုံးပြုရာ မြို့သူမြို့သားများ အထူးစိတ်ဝင်စားလျက်ရှိ

  • 307 views

Capture.jpg

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ကြီးရှိ လူသွားလူလာအများဆုံး လမ်းများပေါ်တွင် ကားများနှင့် လမ်းသွားလမ်းလာများကို စက်ရုပ်ယာဉ်ထိန်းရဲ (RoboCop) က စတင်ထိန်းကြောင်းပေးနေပြီ ဖြစ်သည်။

ရှန်ဟိုင်းမှ အချက်အချာကျသော ဟွမ်ပူခရိုင်ရှိ လမ်းဆုံတစ်ခုတွင် ယာဉ်ထိန်းရဲအရာရှိအသွင် ဝတ်စားပေးထားသည့် စက်ရုပ်ကို ယာဉ်မောင်းသူများနှင့် လမ်းသွားလမ်းလာများ အထူးစိတ်ဝင်စားခဲ့ကြသည်။

ကြီးမားသော ဦးထုပ်အဖြူရောင်၊ LED မီးနှင့် အဝါရောင် ရောင်ပြန်ပြားတို့ ဆင်မြန်းပေးထားသော စက်ရုပ်ယာဉ်ထိန်းရဲက လမ်းသွားလမ်းလာများကို အသံဖြင့် ညွှန်ကြားချက်များ ပေးနေပုံ တွေ့ကြရသည်။

၎င်း၏ ညွှန်ကြားသံများတွင် “မီးနီပြီ။ ကျေးဇူးပြုပြီး ရပ်ပါ” ဟူသော စကားမျိုး ပါဝင်ပြီး ယာဉ်ထိန်းရဲများကဲ့သို့ လက်ဖြင့် အချက်ပြသင်္ကေတများ ပြုလုပ်ပေးသည်။

robot-traffic-cop-stuns-motorists-108727117.webp

(ရှောင်ဟူဟု အမည်ပေးထားသော စက်ရုပ်ကို ယာဉ်ထိန်းရဲအရာရှိ ဝတ်စုံဖြင့် ရှန်ဟိုင်းမြို့ လမ်းဆုံတစ်ခုတွင် တွေ့ရပုံ။ ဓာတ်ပုံ-Shanghai Let's Meet / Facebook)

အဆိုပါစက်ရုပ်၏ လက်အချက်ပြပုံများနှင့် လမ်းညွှန်စကားတို့မှာ တရုတ်ပြည်ယာဉ်ထိန်းရဲတို့၏ လုပ်ဆောင်ပုံများအတိုင်း ဖြစ်သည်။

စက်ရုပ်အမည် ရှောင်ဟူဆိုသည်မှာ ကျားလေးဟု အဓိပ္ပာယ်ရသည်။

ရှန်ဟိုင်း ပြည်သူ့လုံခြုံရေးဗျူရို၊ ယာဉ်ကြောကွပ်ကဲရေးဌာန (TMD) ၏ ပြောကြားချက်အရ ယခုစက်ရုပ်မှာ တရားဝင် စတင်ချထား တာဝန်ပေးမှုမျိုး မဟုတ်သေးဘဲ စမ်းသပ်သည့်အဆင့်သာရှိသေးကြောင်း ပြောသည်။

ရှောင်ဟူသည် ကားများကို ယာဉ်ကြောရှင်းလင်းခြင်းအပြင် လမ်းသွားလမ်းလာများကို ညွှန်ကြားချက်များ ပေးခြင်း၊ လမ်းစည်းကမ်းဥပဒေများအကြောင်း အခြေခံမေးခွန်းများ ဖြေကြားပေးခြင်းတို့ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။

robot-traffic-cop-stuns-motorists-108727120.webp

(စက်ရုပ် ရှောင်ဟူအနီးတွင် လမ်းသွားလမ်းလာတို့ ဝိုင်းအုံကြည့်ရှုနေကြပုံ။ ဓာတ်ပုံ-Shanghai Let's Meet / Facebook)

ယခုစက်ရုပ်ချထားမှုမှာ လက်တွေ့တကယ့်အခြေအနေများကို လေ့လာခြင်းလည်းဖြစ်ကြောင်း TMD က ပြောသည်။


ယခုစက်ရုပ်ကို ၄ နှစ်ကြာ အချိန်ယူထုတ်လုပ်ခဲ့ရပြီး လက်ရှိတွင် စမ်းသပ်နေဆဲ ဖြစ်သည်။

နောင်အခါတွင် ယာဉ်ကြောအလွန်ရှုပ်သောနေရာများ၊ ကြီးမားသော ပွဲလမ်းကြီးများတွင် လူသားယာဉ်ထိန်းအရာရှိများအစား စက်ရုပ်များကို အသုံးပြုသွားမည်ဟု ဆိုသည်။

 

robot-traffic-cop-stuns-motorists-108727119.webp

(ရှန်ဟိုင်းမြို့၊ အရှေ့ နန်ကျင်းလမ်းတွင် စက်ရုပ် ရှောင်ဟူကို တွေ့ရပုံ။ ဓာတ်ပုံ-Shanghai Let's Meet / Facebook)

ယခုကဲ့သို့ ယာဉ်ထိန်းစက်ရုပ်များ ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်ချထားမည့်ကာလကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Real-life ‘RoboCop’ makes debut in Shanghai — directing traffic at bustling intersection

Photo Credit- Shanghai Let's Meet / Facebook