- ပင်မစာမျက်နှာ
- ကားသတင်းများ
- မနက် ၁း၁၅၊ အမှတ် ၇ ဘတ်စ်ကား (သို့မဟုတ်) လန်ဒန်မြို့က တစ္ဆေဘတ်စ်ကားကြီးတစ်စင်း၏ ခြောက်ခြားဖွယ် ဖြစ်ရပ်
မနက် ၁း၁၅၊ အမှတ် ၇ ဘတ်စ်ကား (သို့မဟုတ်) လန်ဒန်မြို့က တစ္ဆေဘတ်စ်ကားကြီးတစ်စင်း၏ ခြောက်ခြားဖွယ် ဖြစ်ရပ်
- 295 views
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် အနီရောင်ဘတ်စ်ကားတစ်စင်းကို တွေ့ရခြင်းမှာ အဆန်းတကြယ် မဟုတ်လှ။
သို့သော် ၁၉၃၄ ခုနှစ်က ကံဆိုးမိုးမှောင်ကျသူတစ်ဦး အနီရောင်တစ္ဆေဘတ်စ်ကားတစ်စင်းကို တွေ့မြင်လိုက်မှုမှာ သူ့အတွက် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်ကာ အုတ်နံရံတစ်ခုကို ဝင်တိုက်မိပြီး မီးလောင်ပေါက်ကွဲသွားခဲ့ရသည်။
လန်ဒန်မြို့တော်တွင် နေထိုင်သူ အများစုသည် တခါတရံတွင် ဘတ်စ်ကားမှားစီးမိခြင်း၊ အိပ်ပျော်ကာ အလွန်ဝေးကွာသည့်နေရာသို့ ရောက်သွားခြင်းများ ကြုံကြရသည်။
လန်ဒန်မြို့တော်သို့ ရောက်လျှင် အထူးသတိထားရမည်မှာ အောက်စ်ဖို့ဒ် Oxford Circus and East Acton….အကြား ပြေးဆွဲသော အမှတ် ၇ ဘတ်စ်ကား ဖြစ်သည်။
ညကာလတွင် မူးယစ်ရမ်းကားသော ဆယ်ကျော်သက်များ၊ ပင်ပန်းနွမ်းလျနေသော အလုပ်သမားများနှင့် မတွေ့ရဘဲ မောင်းသူမပါသော တစ္ဆေဘတ်စ်ကားတစ်စင်း ဖြစ်နေနိုင်သောကြောင့် ဖြစ်သည်။
၁၉၃၀ ပြည့်လွန်ကာလများကတည်းက လန်ဒန်အနောက်ပိုင်းတခွင်တွင် ယာဉ်မောင်းမပါဘဲ အလိုအလျောက် သွားလာနေသော ခြောက်ခြားဖွယ် အမှတ် ၇ တစ္ဆေဘတ်စ်ကားမှာ လန်ဒန်မြို့သားတို့၏ ပါးစပ်ဖျားတွင် နာမည်ကြီးနေခဲ့သည်။
(Cambridge Gardens …မှာ လှပသော်လည်း ပရလောကတို့နှင့် စပ်လျဉ်းသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။ ဓာတ်ပုံ-Google Maps)
လန်ဒန်မြို့တွင် ကားအက်ဆီးဒင့်တစ်ခု ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အမှတ် ၇ ဘတ်စ်ကားနှင့် ပတ်သက်သည့် ဇာတ်လမ်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၁၉၃၄ ခုနှစ်၏ တစ်ခုသော ညဉ့်နက်ပိုင်းတွင် ကားတစ်စီးသည် Ladbroke Grove လမ်း ၊Cambridge Gardens ဘေးတလျှောက် မောင်းလာပြီး အကြောင်းထူးမရှိဘဲ ရုတ်တရက် ကွေ့ချလိုက်သည်။
ထိုကားသည် အနီးရှိ အုတ်နံရံတစ်ခုကို ဝင်တိုက်မိကာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။
အများစု ယုံကြည်ကြသည်မှာ ထိုလမ်းပေါ်တွင် မနက် ၁း၁၅ ဆိုလျှင် ပေါ်လာတတ်သော မောင်းသူမဲ့ အမှတ် ၇ ဘတ်စ်ကားကြောင့် ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။
ထိုကားမောင်းသူ မည်သို့ဖြစ်သွားသည်ကို အမျိုးမျိုးအဖုံဖုံ ပြောဆိုကြသည်။
အချို့မူ အုတ်နံရံနှင့် တိုက်မိပြီးနောက် ကားမောင်းသူ သေဆုံးသွားသည်ဟု ဆိုကြပြီး အချို့ကမူ ကားမောင်းသူ မသေဘဲ တစ္ဆေကားနှင့် တွေ့ခဲ့ပုံကို ရဲအရာရှိများအား ပြောပြခဲ့သည်ဟု ဆိုသည်။
ထိုအက်ဆီးဒင့်ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရာတွင် မျက်မြင်သက်သေများ၏ ပြောဆိုချက်များ ရှိခဲ့သည်။
၎င်းတို့က ပြောသည်မှာ မောင်းသူမဲ့ အမှတ် ၇ တစ္ဆေဘတ်စ်ကားကြီးသည် Cambridge Gardens အနီး လမ်းလယ်တွင် အရှိန်ပြင်းစွာဖြင့် မောင်းသွားသည်ကို တွေ့ခဲ့ကြောင်း ပြောကြသည်။
အထက်ပါ ဖြစ်ရပ်များ ဖြစ်ပေါ်ပြီးနောက်ပိုင်း Cambridge Gardens အနီးရှိ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် အမှတ် ၇ ဘတ်စ်ကားကြီးကို မကြာခဏ တွေ့မြင်ရမှုများ ပေါ်ပေါက်လာခဲ့သည်။
သို့သော် ထူးဆန်းသည့်အချက်မှာ တစ္ဆေဘတ်စ်ကားကြီးကို မနက် ၁း၁၅ အချိန်တွင်သာ တွေ့ရလေ့ရှိပြီး အခြားမည်သည့်အချိန်တွင်မှ မတွေ့ရခြင်း ဖြစ်သည်။
(အကာလ ညအခါများတွင် သင့်အနေဖြင့် Cambridge Gardens ဝန်းကျင်တွင် အမှတ် ၇ ဘတ်စ်ကားကို တွေ့ပါက ၂ ခါပြန်ကြည့်လိုလိမ့်မည် ဖြစ်သည်။ ဓာတ်ပုံ-Hollie Adams/Getty Images)
အချို့က ပြောကြသည်မှာ ယာဉ်တိုက်မှုတွင် ကားမောင်းသူ ထိခိုက်ဒဏ်ရာ မရဘဲ ရှင်သန်လွတ်မြောက်ခဲ့ ကြောင်း ပြောကြသည်။
ထိုယာဉ်မောင်းသူသည် အသက်ရှင်လွတ်မြောက်ကာ ရဲတပ်ဖွဲ့ထံ အဖြစ်အပျက်အလုံးစုံကို ပြောပြခဲ့ကြောင်း၊ အမှတ် ၇ နှစ်ထပ် ဘတ်စ်ကားကြီးသည် မိမိ၏ ကားဆီသို့ အရှိန်ပြင်းစွာ ဦးတည်လာခဲ့သောကြောင့် လမ်းဘေး သို့ ထိုးကွေ့လိုက်ရကြောင်း ပြောပြခဲ့သည်ဟု ဆိုကြသည်။
နှစ်ထပ်ဘတ်စ်ကားကြီးမှာ မီးများပိတ်ထားပြီး ယာဉ်မောင်းနှင့် ခရီးသည်များ တစ်ဦးမှ မပါကြောင်း ပြောကြ သည့်အချက်မှာ ခြောက်ခြားဖွယ်ပင်။
အာဏာပိုင်တို့က ထိုဘတ်စ်ကားနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ ထိုဒေသ (သို့မဟုတ်) ထိုဒေသ ဝန်းကျင်ရှိ လမ်းများအားလုံးတွင် ဘတ်စ်ကားများ ပြေးဆွဲခြင်း မရှိကြောင်း သိရသည်။
ထိုခေတ်ထိုကာလက ညအချိန်ပြေးဆွဲသည့် ဘတ်စ်ကား အနည်းငယ်မျှသာ ရှိခဲ့သည်။
((ယာဉ်တိုက်မှုများ ဆန်းကြယ်စွာ ဆက်လက်ဖြစ်ပေါ်လာခြင်း))
အထက်ပါဖြစ်ရပ်ဖြစ်ပေါ်ပြီးနောက်ပိုင်း တုန်လှုပ်ဖွယ်ကောင်းသည်မှာ ကားအက်ဆီးဒင့်များ ဆက်လက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပိုမိုဆန်းကြယ်သည့်အချက်မှာ ယခင်ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့သည့်နေရာ၊ ယခင် အခင်းဖြစ်ပွားခဲ့သည့်အချိန် နံနက် ၁း၁၅ အချိန်တွင်သာ ဖြစ်ပွားနေသည့်အချက် ဖြစ်သည်။
မျက်မြင်သက်သေအားလုံး၏ ပြောကြားချက်မှာ တထပ်တည်းပင်။ အရှိန်ဖြင့် မောင်းလာသော နှစ်ထပ်ကားကြီး ကြောင့် အခြားကားမှာ လမ်းဘေးသို့ ကွေ့ချလိုက်ရသည့် ဖြစ်ရပ်များသာ။
ဘတ်စ်ကားကြီးမှာ မျက်နှာခြင်းဆိုင်မှ အရှိန်ပြင်းစွာ မောင်းလာသည်ကို တွေ့လိုက်ရချိန်တွင် ကံဆိုးမိုးမှောင်ကျ သူ ယာဉ်မောင်းတို့မှာ ဘတ်စ်ကားကို ရှောင်ကာ လမ်းဘေးကွေ့လိုက်ချိန်မျိုးတွင် တစ်ခုခုကို ဝင်တိုက်ကာ အဆုံးသတ်ရလေ့ရှိသည်။
ထိတ်လန့်ခြောက်ခြားသွားသော ယာဉ်မောင်းတို့သည် အထိန်းကွပ်မဲ့ အရှိန်ပြင်းစွာ မောင်းဝင်လာခဲ့သည့် ယာဉ်မောင်းမပါသော ဘတ်စ်ကားကြီးကို လှည့်ကြည့်မိချိန်မျိုးတွင်ကား လမ်းပေါ်တွင် ရှင်းလင်းလျက် မည်သည့်အရာမှ မတွေ့ရချေ။
ထို နှစ်ထပ်ဘတ်စ်ကားကြီးကို နောက်ဆုံးတွေ့မြင်ခဲ့ကြသည်မှာ ၁၉၉၀ ပြည့်နှစ်အတွင်းက ဖြစ်သည်ဟု ဆိုသည်။
လန်ဒန်မြို့ ရဲတပ်ဖွဲ့သည်လည်း ဆန်းကြယ်သော အမှတ် ၇ ဘတ်စ်ကားကြီးကြောင့် ဦးနှောက်ခြောက်ခဲ့ကြ ရကာ ယနေ့တိုင် အဖြေမထုတ်နိုင်သေး။
ထိုဘတ်စ်ကားကြီး ပြန်လည်ပေါ်ပေါက်လာဖွယ် ရှိ၊မရှိကိုမူ ဘုရားသခင်မှတပါး မည်သူမျှ မသိနိုင်ချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The London ghost bus that causes drivers to crash their cars in the middle of the night (mylondon)