- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD စီအီးအိုက Xiaomi ၏ ကားစက်ရုံသို့ သွားရောက်လည်ပတ်ရာ Lei Jun က ကြိုဆိုခဲ့သည့် သတင်းများ ပေါက်ကြားလာ
BYD စီအီးအိုက Xiaomi ၏ ကားစက်ရုံသို့ သွားရောက်လည်ပတ်ရာ Lei Jun က ကြိုဆိုခဲ့သည့် သတင်းများ ပေါက်ကြားလာ
- 325 views
BYD ၏ စီအီးအို ဝမ်ချန်းဖူသည် Xiaomi ကားစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့ရာ Xiaomi Group တည်ထောင်သူ Lei Jun က လိုက်လံပြသခဲ့သည့် သတင်းများ လူမှုကွန်ရက်တွင် ပေါက်ကြားလာသည်။
အဆိုပါ အလည်အပတ်ခရီးကို သက်ဆိုင်ရာ ကုမ္ပဏီ ၂ ခုလုံးက တရားဝင် ကြေညာခဲ့ခြင်းမရှိသော်လည်း ဗွီဒီယိုဖိုင်အတိုများမှာ လူမှုကွန်ရက်တွင် ဝေမျှသူ အလွန်များကာ ပျံ့နှံ့လျက်ရှိသည်။
ဗွီဒီယိုများထဲတွင် တွေ့မြင်ရမှုအရ ဝမ်ချန်းဖူသည် Xiaomi စက်ရုံထဲတွင် လည်ပတ်ကြည့်ရှုခဲ့ရာတွင် Lei Jun က လမ်းညွှန်တစ်ဦးသဖွယ် စက်ရုံ၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်းပြောပြခဲ့ပုံတွေ့ရသည်။
Xiaomi ၏ စီအီးအို Lei Jun ၏ ဘေးတွင် အင်္ကျီလက်တိုဖြင့် တွေ့ရသူမှာ တရုတ်ပြည် ကားလောက၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဟူကျန်းနန် (Hu Zhengnan) ဖြစ်သည်။
ဟူသည် ယခင်က Geely သုတေသနဌာန အကြီးအကဲနှင့် Geely Boyue စီမံကိန်း၏ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
BYD နှင့် Xiaomi တို့အကြား အိမ်သုံးလျှပ်စစ်ပစ္စည်း၊ မော်တော်ကား ကဏ္ဍ ၂ ရပ်လုံးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နေမှုများ ပြုလုပ်နေချိန်တွင် ယခုအလည်အပတ်ခရီး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
BYD Electronics သည် Xiaomi စမတ်ဖုန်းများအတွက် အရေးပါသော supplier အဖြစ် ရပ်တည်နေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် Xiaomi ထုတ် SU7 Standard Edition မော်တော်ကားတွင်လည်း BYD ထုတ် Blade battery ကို အသုံးပြုထားသည်။
၂၀၂၄ ခုနှစ် ပေကျင်းကားပြပွဲကြီးတွင် Xiaomi ၏ စီအီးအို Lei Jun က ပြောခဲ့သည်မှာ BYD သည် Xiaomi စမတ်ဖုန်းများအတွက် အရေးပါသော မိတ်ဘက်တစ်ဦးဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ Xiaomi ၏ EV လုပ်ငန်းသစ်တွင်လည်း အဓိက မိတ်ဘက်ဖြစ်လာကြောင်း ပြောသည်။
ထိုပြပွဲကြီးသို့ ဝမ်ချန်းဖူလည်း တက်ရောက်ခဲ့ပြီး Xiaomi ၏ ပြခန်းသို့ သွားရောက်လည်ပတ်ခဲ့ရာ Xiaomi ၏ ကားနယ်ပယ်သို့ ခြေချမှုကို အစောပိုင်းကတည်းက အားပေးခဲ့မှု သာဓကတစ်ခုလည်း ဖြစ်သည်။
BYD က Xiaomi ၏ ကားနယ်ပယ်သို့ ခြေချမှုကို ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်ကတည်းက ပြောခဲ့ဖူးသည်။
Xiaomi ၏ စီအီးအို Lei Jun အတွက် အလုပ်များသည့် ကာလဝန်းကျင်တွင် ဝမ်ချန်းဖူ၏ အလည်အပတ်ခရီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုမတိုင်မီ ရက်အနည်းငယ်အလိုကလည်း စီအီးအို Lei Jun ကို Nvidia ၏ စီအီးအို Jensen Huang နှင့်အတူ Xiaomi SU7 Ultra EV တစ်စင်းဘေးတွင် မတ်တပ်ရပ်နေသည့် ဓာတ်ပုံများ ပြည်မကြီး လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သေးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD CEO seen visiting Xiaomi Auto factory hosted by Lei Jun, leaked