- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်တွင် အမျိုးသမီးတစ်ဦးက ကားမခိုးမီ 911 သို့ ဖုန်းဆက်ကာ မိမိကားခိုးတော့မည်ဖြစ်ကြောင်း သတင်းပို့၊ ရဲကိုပြောကာ ကားခိုးလျှင် အပြစ်မရှိဟု ၎င်းကယူဆခဲ့
အမေရိကန်ပြည်တွင် အမျိုးသမီးတစ်ဦးက ကားမခိုးမီ 911 သို့ ဖုန်းဆက်ကာ မိမိကားခိုးတော့မည်ဖြစ်ကြောင်း သတင်းပို့၊ ရဲကိုပြောကာ ကားခိုးလျှင် အပြစ်မရှိဟု ၎င်းကယူဆခဲ့
- 343 views
အမေရိကန်ပြည်တွင် အမျိုးသမီးတစ်ဦးက မိမိအနေဖြင့် ကားအရောင်းဆိုင်တစ်ဆိုင်မှ ကားခိုးတော့မည်ဖြစ်ကြောင်း 911 သို့ ဖုန်းဆက်ပြောကြားခဲ့ရာ ဖမ်းဆီးအရေးယူခြင်းခံလိုက်ရသည်။
ရဲတပ်ဖွဲ့သို့ ကြိုတင်သတင်းပို့ကာ ကားခိုးပါက အပြစ်မရှိဟု ၎င်းက ယူဆခဲ့ခြင်းဖြစ်သည်။
ရဲအရာရှိတို့က ပြောပြသည်မှာ ခရစ္စတီ တာမန် (Christy Turman) အမည်ရှိ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးသည် ဖလော်ရီဒါပြည်နယ်၊ Lee ခရိုင် Sheriff ရုံးသို့ ဖုန်းဆက်ကာ ကားခိုးတော့မည့်အကြောင်း သတင်းပို့လာကြောင်း ပြောသည်။
ဖြစ်ပွားသည့်အချိန်မှာ ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်၊ သောကြာနေ့ သန်းခေါင်ကျော် ၁ နာရီခန့်တွင်ဖြစ်ပြီး ကားခိုးရန် ကြံရွယ်ခဲ့သည့်နေရာမှာ ဖလော်ရီဒါပြည်နယ်၊ Tampa မြို့၏ တောင်ဘက် မိုင် ၁၃၀ ခန့်အကွာ ဖို့တ် မိုင်းယားစ် (Fort Myers) မြို့ရှိ Val Ward Cadillac အမည်ရှိ ကားအရောင်းပြခန်းတွင် ဖြစ်သည်။
“ကျွန်မက ကိုယ်မပိုင်တဲ့ကားတစ်စင်းကို ခိုးယူဖို့ ကြိုးစားမှာဖြစ်တာကြောင့် သတင်းပေးပို့ခဲ့တာပါ” ဟု ခရစ္စတီက ပြောခဲ့သည်။
(ခရစ္စတီ တာမန်က ကားခိုးတော့မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ သတင်းပို့ခဲ့သည်။ ဓာတ်ပုံ-Lee County Sheriff's Office)
“အမျိုးသမီးတစ်ယောက်က သတင်းပို့လာပါတယ်။ သူဟာ ကားအရောင်းဆိုင်တစ်ခုရဲ့ ကားပါကင်နေရာ မှာရှိတဲ့ ကားတစ်စင်းကို ခိုးဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း၊ ဒါကို ရဲတပ်ဖွဲ့ သိစေချင်တဲ့အကြောင်း ဖုန်းဆက်ပြောလာပါတယ်” ဟု Sheriff ရုံးက ဇွန်လ ၅ ရက်တွင် Facebook ၌ ထုတ်ပြန်သည့် ဗွီဒီယိုဖိုင်တွင် ပြောပြထားသည်။
ခရစ္စတီက ရဲတပ်ဖွဲ့သို့ပြောသည်မှာ မိမိသည် ကားခိုးရန်အတွက် Black Ops ဂိမ်းမှတစ်ဆင့် လေ့ကျင့်ထား ကြောင်း၊ သို့သော် ဥပဒေနှင့်အညီဖြစ်စေရန်အတွက် 911 ကို ဆက်သွယ်အကြောင်းကြား ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ခရစ္စတီ၏ အကြောင်းကြားမှုအရ ရဲအရာရှိများမှာ ကားအရောင်းပြခန်းသို့ သွားရောက်ခဲ့ကြသည်။ ထိုနေရာသို့ရောက်ရှိချိန်တွင် ခရစ္စတီကို ၎င်းခိုးယူရန် ကြံရွယ်နေသည့် တိုယိုတာ ကိုရိုလာတစ်စင်းဘေးတွင် တွေ့ရှိခဲ့သည်။
ကားမခိုးရသေးမီ ရဲအရာရှိများ အချိန်မီရောက်ရှိသွားသောကြောင့် ခရစ္စတီမှာ ကြီးလေးသည့် ပုဒ်မနှင့် ရင်ဆိုင်ရမည့်အရေးမှ ကင်းလွတ်သွားပြီး တရားမဝင် ပိုင်နက်ကျူးကျော်မှုဖြင့်သာ အမှုဖွင့်ခဲ့သည်။ခရစ္စတီသည် ယခင်ကလည်း ပြစ်ချက်ဟောင်းများရှိပြီး ၂၀၀၅ ခုနှစ်မှ ယခုအထိ ဖမ်းဆီးခံရသည်မှာ ၅ ကြိမ်ရှိပြီဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Woman arrested after calling 911 on herself while attempting to steal a car (9news)