ဆန်ဖရန်စစ္စကိုတွင် ကိုယ့်ခြံထဲ ကားရပ်ထားသော်လည်း ၁၀၈ ဒေါ်လာ ဒဏ်ငွေချမှတ်ခံရသည့်ဖြစ်ပုံ

  • 339 views

newspress-collage-vwfei0zqf-1752658778073.jpg

အမျိုးသားတစ်ဦးမှာ မိမိအိမ်ခြံဝန်းအတွင်း ကားရပ်ထားသော်လည်း ၁၀၈ ဒေါ်လာ ဒဏ်ငွေချမှတ်ခံရမှုအပေါ် အမျက်ထွက်လျက် ရှိသည်။

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၊ Mission ခရိုင်တွင် နေထိုင်သော လယ်ရီရိဒ် အမည်ရှိ အမျိုးသားနှင့် ၎င်း၏ အိမ်နီးချင်းတို့ ဒဏ်ငွေချမှတ်ခံရလျက်ရှိရာ ဆန်ဖရန်စစ္စကို၏ အရေးပေါ် မဟုတ်သော အကူအညီတောင်းခံမှု ဖုန်းနံပါတ် ၃၁၁ သို့ တစ်စုံတစ်ဦးက အကြိမ်ကြိမ် တိုင်တန်းနေခြင်း ဖြစ်သည်ဟု ၎င်းတို့ကယူဆသည်။

san-fran-tickets-1010220175.jpg
(ဆန်ဖရန်စစ္စကိုမြို့၊ Mission ခရိုင်တွင် နေထိုင်သူများမှာ အချိန်တို စည်းမျဉ်းချိုးဖောက်မှုအတွက် အကြိမ်ကြိမ် တိုင်တန်းခံနေရသည်။ ဓာတ်ပုံ-NBC)

 

san-fran-tickets-1010220168.jpg(ဒေသခံတစ်ဦးမှာ ကိုယ့်ခြံထဲကိုယ် ကားရပ်ထားသော်လည်း ဒဏ်ငွေချမှတ်ခံရသည်။ ကားမှာ လူသွားပလက်ဖောင်းပေါ်သို့ အနည်းငယ်ထွက်နေသောကြောင့်ဟု ဆိုသည်။)

 

san-fran-tickets-1010220178.jpg

(ဒေသခံတို့မှာ ဒဏ်ငွေ အမြဲချမှတ်ခံနေရမှုအပေါ် စိတ်ပျက်လျက်ရှိနေပြီး အိမ်နီးချင်းတစ်ဦးက တိုင်တန်းနေခြင်းဖြစ်သည်ဟု ယူဆကြသည်)

NBC Bay Area သတင်းဌာန၏ ဖော်ပြချက်အရ ဒေသခံတို့မှာ ခြံဝန်းအတွင်း (သို့မဟုတ်) ပလက်ဖောင်းပေါ် ကားရပ်ထားမှုအတွက် ဒဏ်ငွေလက်မှတ်များ ကြိမ်ဖန်များစွာ ပေးပို့ခံနေရသည်ဟု ဆိုသည်။

လယ်ရီရိဒ်၏ ဖြစ်ရပ်တွင် သူ၏ BMW EV မှာ မိမိခြံဝန်းအတွင်း ရပ်ထားသော်လည်း လူသွားလမ်းပေါ်သို့ အနည်းငယ်ထွက်နေသောကြောင့် ဒဏ်ငွေချမှတ်ခံရခြင်းဖြစ်သည်။တစ်ဦးဦးက ဓာတ်ပုံဟောင်း (သို့မဟုတ်) ပြုပြင်ထားသော ဓာတ်ပုံများသုံးကာ တိုင်တန်းနေခြင်းဖြစ်သည်ဟု ၎င်းတို့က ယူဆကြသည်။

“ကိုယ့်ခြံထဲ ကိုယ်ရပ်ထားတာ ၁၀၈ ဒေါ်လာ ချမှတ်ခံရပါတယ်” ဟု ရိဒ်က ပြောသည်။“ကိုယ့်ခြံထဲမှာ ကိုယ်ရပ်ထားတာ သတိပေးစာ အပေးခံရပါတယ်။ ၃၁၁ ကို အကြိမ်ကြိမ် ဖုန်းဆက်အတိုင်ခံရတာပါ။ ဒါပေမယ့် ဓာတ်ပုံ ၁ ပုံတည်းနဲ့ အကြိမ်ပေါင်းများစွာ တိုင်တန်းတာပါ” ဟု အခြားဒေသခံတစ်ဦးဖြစ်သူ ယိုလန်ဒါ ဖရန်စစ္စကိုက ပြောသည်။

“ဒီဓာတ်ပုံတွေကို ဘယ်အချိန်က ရိုက်ထားတယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့် တစ်ပုံတည်းနဲ့ ထပ်တလဲလဲ တိုင်တန်းနေတာပါ” ဟု ယိုလန်ဒါ၏ သားမက်ဖြစ်သူ ဒေးဗစ်ချန်းက ပြောသည်။

ဆန်ဖရန်စစ္စကို ပို့ဆောင်ရေးဌာန (SFMTA) မှ ထုတ်ပြန်ချက်အရ လူသွားပလက်ဖောင်းပေါ် (သို့မဟုတ်) ပလက်ဖောင်း၏ မည်သည့်တစ်စိတ်တစ်ဒေသပေါ်တွင်မဆို ကားရပ်ခြင်းကို တားမြစ်ထားသည်။တားမြစ်ထားမှု ချိုးဖောက်ပါက ဒဏ်ငွေချမှတ်ခြင်း (သို့မဟုတ်) ကားကို ဆွဲထုတ်ခြင်းတို့ ပြုလုပ်ခံရမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Man fumes over $108 ticket for parking in his own driveway – he thinks he knows the ‘trolling’ truth behind charge (the-sun)