- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာလှည့်ခရီးသည်က ကားခအနေနဲ့ ဆေးခြောက်ထုပ်ကြီးပေးတာ ထိုင်းက တက္ကစီဆရာ လက်ခံခဲ့လား? အဖြေက လူတိုင်းအံ့အားသင့်စရာ
ကမ္ဘာလှည့်ခရီးသည်က ကားခအနေနဲ့ ဆေးခြောက်ထုပ်ကြီးပေးတာ ထိုင်းက တက္ကစီဆရာ လက်ခံခဲ့လား? အဖြေက လူတိုင်းအံ့အားသင့်စရာ
- 647 views
ထိုင်းနိုင်ငံတွင် အငှားယာဉ်မောင်းတစ်ဦးကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တစ်ဦးက ကားခကို ပိုက်ဆံမပေးဘဲ ကြီးမားသော ဆေးခြောက်ထုပ်ကြီးပေးရာ ကားသမားက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။
ထိုသိို့ ငြင်းယ်သောအခါ ကားခမပေးဘဲ ဆင်းသွားကြောင်း ကားသမားက ထိုင်းသတင်းဌာနတစ်ခုဖြစ်သော Khaosod သို့ ပြောသည်။
တက္ကစီမောင်းသူ၏ အမည်မှာ ပရာချွတ်ဟုခေါ်ပြီး အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်သည်။
ပရာချွတ်က အဆိုပါဖြစ်ရပ်ကို ဇူလိုင်လ ၁၅ ရက်တွင် ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့သည်။
၎င်းက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်မှာ နိုင်ငံခြားသားတစ်ဦးကို ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်တွင် တင်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထို့နောက် ပတ္တရားရှိ ဟိုတယ်တစ်ခုသို့ ကားခ ဘတ် ၂၀၀၀ (၆၁ ဒသမ ၇ ဒေါ်လာ) ဖြင့် ပို့ဆောင်ပေးရန် သဘောတူခဲ့သည်။
ထိုခရီးမှာ ၂ နာရီခန့် ကြာမြင့်သည့် ခရီးစဉ်လည်း ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသားက ပြောသည်မှာ မိမိ၏ ဇနီးမှာ ဟိုတယ်တွင် စောင့်နေကြောင်း၊ ဟိုတယ်သို့ ရောက်လျှင် ဇနီးက ကားခပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။
သို့သော် ဟိုတယ်သို့ ရောက်ချိန်တွင် နိုင်ငံခြားသားက ၎င်းထံတွင် ဘတ် ၉၀၀ (၂၇ ဒေါ်လာ) သာရှိပြီး ၎င်း၏ဇနီးဟု ပြောသူထံတွင် ထိုင်းဘတ်ငွေ ၅၀ (၁ ဒသမ ၅ ဒေါ်လာ) သာရှိခဲ့သည်။
ပရာချွတ်က ကျန်ငွေ ဘတ် ၁၀၅၀ (၃၂ ဒသမ ၄ ဒေါ်လာ) ပေးရန် တောင်းရာ နိုင်ငံခြားသားက ဆေးခြောက်ထုပ်ကြီးတစ်ခု ဆွဲထုတ်လိုက်ပြီး ကားခအစား ဆေးခြောက်ယူရန် ကမ်းလှမ်းခဲ့သည်။
ပရာချွတ်က ဆေးခြောက်ထုပ်ကို ငြင်းပယ်ခဲ့ပြီး ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်တန်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထိုအခါ နိုင်ငံခြားသားမှာ ဝမ်းနည်းစိတ်မကောင်းဟန်ဖြင့် ထွက်ခွာသွားခဲ့ပြီး ကားခမပေးဘဲ ဟိုတယ်ထဲသို့ ဝင်သွားသည်။
ကားဆရာက ပြောသည်မှာ မိမိသည် ယခင်ကလည်း ကားခမပေးနိုင်သောကြောင့် တောင်းပန်သူများကို ကားခမယူဘဲ ပို့ပေးခဲ့ဖူးကြောင်း၊ သို့သော် ယခုဖြစ်ရပ်မှာမူ စိတ်မသက်မသာ ခံစားရကြောင်း ပြောသည်။
“ပုံမှန်အားဖြင့်ဆိုရင် တက္ကစီသမားတွေက နိုင်ငံခြားသားတွေကို ရန်ပြုတဲ့သတင်းတွေပဲ ဖတ်နေရတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အခွင့်ကောင်းယူတတ်တဲ့ ဒီလိုနိုင်ငံခြားသားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ကို ဘယ်သူ ကူညီမလဲ” ဟု ပရာချွတ်က Khaosod English သတင်းဌာနသို့ ပြောသည်။
နောက်ဆုံးတွင်မူ ပတ္တရား ရဲတပ်ဖွဲ့နှင့် ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့တို့၏ အကူအညီဖြင့် ပရာချွတ်မှာ ကားခ အပြည့်အဝ ရရှိသွားသည်။
မြောက်အိုင်ယာလန်သားဖြစ်သူ မက်သူးအမည်ရှိ အသက် ၃၄ နှစ်အရွယ် နိုင်ငံခြားသားကို ရဲစခန်းသိို့ ဆင့်ခေါ်ခဲ့သည်။ ရဲစခန်းတွင် မက်သူးက ပြောသည်မှာ မိမိအနေဖြင့် ကားဆရာကို ငွေထုတ်ရန်အတွက် ATM စက်သို့ ပို့ပေးစေရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ပြောသည်။
မိမိအနေဖြင့် ဆေးခြောက်ကို ကားခအဖြစ် ပေးမည်ဟု ရည်ရွယ်မထားခဲ့ကြောင်း မက်သူးက ပြောပြပြီး ကားခ ဘတ် ၂၀၀၀ ကို အပြည့်ပေးချေသွားခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tourist in Thailand allegedly offers to pay taxi fare with cannabis, leaves without paying after cabby refuses (bangkokpost)