လမ်းပေါ်က ဧရာမ လိမ္မော်သီးကြီး ! တောင်အာဖရိက ကုမ္ပဏီအတွက် ဗြိတိန်က အသက်သွင်းလိုက်တဲ့ ထူးဆန်းသောကား

  • 274 views

outspan-orange-car-based-on-classic-mini-six-were-built-in-v0-68hopbmn86oa1.jpg

၁၉၇၀ ပြည့်လွန်ကာလများအတွင်း ဥရောပတစ်လွှားရှိ ကုန်စုံဆိုင်တိုင်းတွင် Outspan တံဆိပ်ကပ် လိမ္မော်သီးများ တစ်ခေတ်ထွန်းခဲ့ဖူးသည်။

Outspan လိမ္မော်သီးများ ကျော်ကြားခဲ့မှုနှင့်အတူ Outspan ကို ကိုယ်စားပြုသည့် လိမ္မော်သီးပုံ ကားမှာလည်း ကျော်ကြားခဲ့သည်။ဤကားမှာ ထူးထူးဆန်းဆန်းပုံဖော်ထားသည့် ကားတစ်စင်းဆိုသည်မျှမကဘဲ ရွေ့လျားနေသည့် ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခုဟုလည်း ဆိုနိုင်သည်။

((လိမ္မော်သီးကား မွေးဖွားခြင်း))

Outspan Orange Mini ဟု အမည်ပေးထားသော လိမ္မော်သီးကား ထုတ်လုပ်ရန် ကြံစည်ခဲ့သည်မှာ ဗြိတိန်အခြေစိုက် ကြော်ငြာကုမ္ပဏီတစ်ခုဖြစ်သော Benson & Bowden ဖြစ်သည်။တောင်အာဖရိကမှ ကမ္ဘာကျော် လိမ္မော်သီးကုမ္ပဏီ Outspan အတွက် ကြော်ငြာအနေဖြင့် Orange Mini ကားကို ထုတ်လုပ်ရန် ကြံဆခဲ့ခြင်း ဖြစ်သည်။Benson & Bowden ၏ အကြံအစည်ကို အကောင်အထည်ဖော်ပေးခဲ့သည်မှာ ကြော်ငြာကားများ အထူးထုတ်လုပ်ပေးသည့် ဗြိတိန် အင်ဂျင်နီယာကုမ္ပဏီဖြစ်သော Brian Waite Enterprises မှ ဖြစ်သည်။

Mini ကား၏ chasis အပေါ် အခြေခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မူရင်းကား၏ ရှေ့ယက် အခင်းအကျင်းကို ပြန်လည်အသုံးပြုခဲ့သည်။သို့သော် မူရင်းကားကို ဖျက်ချခဲ့ပြီး ထိုင်ခုံတစ်လုံးဆန့် ကားငယ်တစ်စင်းအဖြစ် ပြန်လည်မွေးဖွားလာသည်။

ကိုယ်ထည်ကို fiberglass ဖြင့် တည်ဆောက်ခဲ့ပြီး လိမ္မော်သီးတစ်လုံး၏ အဆင်အသွေးနှင့် တူစေရန် လိမ္မော်သီးခွံအသွင် အပြင်ပိုင်းကို ပြင်ဆင်ခဲ့ကာ ဘေးဘက်တွင် Outspan ၏ လိုဂိုအမှတ်တံဆိပ်များ ထည့်ပေးထားသည်။

(လိမ္မော်သီးကား၏ အချက်အလက်များ))

● အင်ဂျင်= ကနဦး ထုတ်လုပ်ခဲ့သော ကားများတွင် Mini ၏ 848cc (သို့မဟုတ်) 998cc ဓာတ်ဆီအင်ဂျင်ကို သုံးခဲ့သည်။ နောက်ပိုင်း ထုတ်လုပ်သော မော်ဒယ်များတွင်မူ တစ်ခါတစ်ရံတွင် လျှပ်စစ်မော်တာများကို သုံးခဲ့သည်။

● အမြင့်ဆုံးမြန်နှုန်း= လိမ္မော်သီးကားမှာ ကြော်ငြာအတွက် ရည်ရွယ်ကာ ထုတ်လုပ်ခဲ့ခြင်းသာဖြစ်ပြီး အမြန်နှုန်းမှာ ၅၀ မှ ၆၀ mph ခန့်သာ မောင်းနိုင်သည်။

● Dimensions= လိမ္မော်သီးကား၏ အရွယ်အစားမှာ အကြမ်းဖျင်းအားဖြင့် အလျား ၈ ပေ၊ အနံ ၅ ပေရှိပြီး စက်လုံး အသွင်ရှိသည်။

● အလေးချိန်= ပေါ့ပါးသော fiberglass ကိုယ်ထည်ကြောင့် ၅၀၀ ကီလိုဂရမ် (ပေါင် ၁၁၀၀) သာ ရှိသည်။

mini-outspan-orange-1972-(1).jpg

((ခရီးထွက်နေသည့် လိမ္မော်သီး))

ဤကားမှာ တစ်နေရာတည်းတွင် အသေထားကာ ပြသထားခြင်းမဟုတ်။Outspan လိမ္မော်သီးကုမ္ပဏီ၏ နေရာအနှံ့ လှည့်လည်သွားလာနေသော brand ambassador ဟု ဆိုနိုင်သည်။

လိမ္မော်သီးကားကို အရောင်းမြှင့်တင်ရေးဝန်ထမ်းတို့က လိမ္မော်ရောင်ဝတ်စုံများ ဝတ်ဆင်ကာ မောင်းနှင်လေ့ရှိပြီး ● စူပါမာ့ကက် ဖွင့်ပွဲများ၊ ● ကုန်စည်ပြပွဲများ ၊ ● ပရဟိတပွဲလမ်းများတွင် ပါဝင်လေ့ရှိခဲ့သည့်အပြင် ၁၉၇၂ ခုနှစ် လန်ဒန် ကားပြပွဲတွင်လည်း ပါဝင်ခဲ့သေးသည်။

((လိမ္မော်သီးကားတွေ အခုရှိသေးလား))

လိမ္မော်သီးကားများမှာ အရေအတွက် လက်တစ်ဆုပ်စာမျှသာ ထုတ်လုပ်ခဲ့ပြီး ယနေ့အခါ အလွန်ရှားပါးနေပြီ ဖြစ်သည်။ပြတိုက်များနှင့် ပုဂ္ဂလိက စုဆောင်းသူတို့လက်တွင် အနည်းငယ်မျှသာ ရှိတော့ပြီး တစ်ခါတစ်ရံတွင် vintage ကားပြပွဲများ၌ တွေ့ရတတ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com  

Ref: The Little Orange That Could: The Story of the Outspan Mini Car