- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြင်သစ်တွင် အမျိုးသားတစ်ဦးက ဓာတ်ဆီဆိုင်တွင် ဆီထည့်ပြီးနောက် ဇနီးကျန်ခဲ့သည်ကို မိုင် ၂၀၀ ခန့် မောင်းသွားပြီးမှ သိလိုက်သည့်ဖြစ်အင်
ပြင်သစ်တွင် အမျိုးသားတစ်ဦးက ဓာတ်ဆီဆိုင်တွင် ဆီထည့်ပြီးနောက် ဇနီးကျန်ခဲ့သည်ကို မိုင် ၂၀၀ ခန့် မောင်းသွားပြီးမှ သိလိုက်သည့်ဖြစ်အင်
- 276 views
ပြင်သစ်နိုင်ငံတွင် အမျိုးသားတစ်ဦးသည် ဓာတ်ဆီဆိုင်တွင် ဆီထည့်ပြီးနောက် မောင်းထွက်လာစဉ် ဇနီးဖြစ်သူကျန်ခဲ့သည်ကို မိုင် ၂၀၀ ခန့် ဝေးကွာသောနေရာသို့ရောက်မှ သိလိုက်သည့်အဖြစ်မှာ နာမည်ကြီးနေသည်။
ပြီးခဲ့သော ဇူလိုင်လ ၅ ရက်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှ အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီးသည် ပြင်သစ်မှ မော်ရိုကိုသို့ အားလပ်ရက် အပန်းဖြေခရီးအဖြစ် မိသားစုနှင့်အတူ ကားဖြင့် ခရီးထွက်ခဲ့သည်။
ထိုသို့ ခရီးထွက်စဉ် လမ်းတလျှောက်ရှိ ဆီဆိုင်များစွာတွင် ဝင်ရောက်ကာ ဆီထည့်ခဲ့ပြီး တစ်ခုသော ဆီဆိုင်တွင်မူ ထူးခြားသည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။
သတင်းမီဒီယာများတွင် ထိုအမျိုးသားကြီးနှင့် ဇနီးဖြစ်သူတို့၏ အမည်များကိုမူ ဖော်ပြခြင်း မရှိချေ။
မနက် ၄း၃၀ ခန့်တွင် အမျိုးသားကြီးသည် ဆီဆိုင်တစ်ဆိုင်၌ ဝင်ရောက်ဆီထည့်စဉ် ဇနီးဖြစ်သူမှာ ကားပေါ်မှာ ဆင်းကာ အိမ်သာသွားခဲ့သည်ကို ၎င်းက မသိခဲ့ချေ။
ဆီထည့်ပြီးနောက် ကားကို မောင်းထွက်သွားခဲ့၏။
ကားပေါ်တွင် အသက် ၂၂ နှစ်အရွယ် သမီးဖြစ်သူပါလာသော်လည်း နောက်ခန်းတွင် အိပ်ပျော်နေသောကြောင့် သမီးကလည်း မိခင် ကျန်ခဲ့သည်ကို မသိချေ။
ယင်းနောက် နာရီပေါင်းများစွာ ကားမောင်းလာခဲ့ပြီး ၎င်းဆီထည့်ခဲ့သော Orleans မြို့အနီးရှိ ဆီဆိုင်မှ မိုင် ၂၀၀ ခန့်အကွာတွင်ရှိသော Landes ဒေသသို့ ရောက်သောအခါတွင်မှ ဇနီးဖြစ်သူ ပါမလာသည်ကို သိလိုက်ကာ ထိတ်ထိတ်ပျာပျာဖြင့် ကားရပ်လိုက်သည်။
၎င်းက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာတွင် ဇနီးဖြစ်သူကို လမ်းတွင် မေ့ကာ ထားရစ်ခဲ့ကြောင်း၊ လမ်းတလျှောက်ရှိ ဆီဆိုင်အများအပြားတွင် ဆီထည့်ခဲ့ရာ မည်သည့်ဆီဆိုင်၌ ဇနီးဖြစ်သူကျန်ခဲ့သည်ကို မသိကြောင်း ပြောပြကာ အကူအညီတောင်းခဲ့သည်။
“မနက် ၈း ၃၀ လောက်မှာ ထူးခြားတဲ့ ဖုန်းဆက်အကူအညီတောင်းမှုတစ်ခု လက်ခံရရှိခဲ့ပါတယ်” ဟု Lardes ဒေသ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က France-3 သတင်းဌာနသို့ ပြောသည်။
“ဘယ်ဆိုင်မှာ ရပ်တယ်၊ ဘယ်အချိန်မှာ ရပ်တယ်ဆိုတာကို ဒီအမျိုးသားကြီးက မမှတ်မိခဲ့ပါဘူး။ Orleans မြို့နားမှာ ဆီထည့်ခဲ့တာတစ်ခုကိုတော့ သူက ပြောပြတယ်။ ကျွန်တော်တို့လည်း အဝေးပြေးလမ်း တလျှောက်က ရဲတပ်ဖွဲ့တွေဆီ ဆက်သွယ်ပြီး အမျိုးသမီးကြီးကို စောင့်ရှောက်ထားဖို့ အကြောင်းကြားခဲ့ပါတယ်။”
အဝေးပြေးလမ်းတလျှောက်ရှိ ကားရပ်နားစခန်းနေရာများစွာကို ဆက်သွယ်စစ်ဆေးခဲ့သော်လည်း ပျောက်ဆုံးနေသည့် အမျိုးသမီးကြီးကို ရှာမတွေ့ခဲ့။
ထို့ကြောင့် ရဲတပ်ဖွဲ့က အမျိုးသားကြီးအပေါ် စတင်သံသယဝင်လာသည်။ ဇနီးကို ရည်ရွယ်ချက်ရှိရှိ ထားခဲ့သည်ဟု သံသယရှိလာခြင်း ဖြစ်ပြီး အခြားရာဇဝတ်မှုတစ်ခုခုဖြစ်နိုင်သည်ဟုလည်း ယူဆလာကြသည်။
သို့သော် ကံကောင်းစွာဖြင့်ပင် အမျိုးသားကြီးရောက်နေသောနေရာမှ ကီလိုမီတာ ၃၀၀ ခန့်အကွာရှိ အဝေးပြေးလမ်းဝန်ဆောင်မှုစခန်းတစ်ခုတွင် ခြေရာခံတွေ့ရှိခဲ့သည်။
“အဲဒီမှာ သိလာတာက သူ့ဇနီးကလည်း အဲဒီဝန်းကျင်က ရဲတပ်ဖွဲ့ကို ဆက်သွယ်ထားပြီး သူ့ခင်ပွန်းက ထားခဲ့တယ်လို့ အကြောင်းကြားထားတာ သိရပါတယ်”
ထိုအမျိုးသမီးကြီးမှာ မနက် ၄း၃၀ ကတည်းက မည်သည့်နေရာသို့မှ မသွားဘဲ ခင်ပွန်းနှင့် သမီးပြန်အလာကို စောင့်နေခဲ့သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က ထိုနေ့အတွက် “ထူးခြားဖြစ်စဉ်” ဟု မှတ်တမ်းတင်ထားသော ထိုအဖြစ်နှင့် စပ်လျဉ်းပြီး အမျိုးသားကြီးကို ခေတ္တ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သဘောရိုးဖြင့် မေ့ကာကျန်ခဲ့ခြင်းဖြစ်ကြောင်း လက်ခံခဲ့ကာ မော်ရိုကိုသို့ ဆက်လက်သွားရောက်ခွင့်ပေးခဲ့သည်။
(မိုင် ၂၀၀ ခန့်အကွာသို့ရောက်မှ ဇနီးဖြစ်သူ ပါမလာကြောင်း သိခဲ့သည်။ ဓာတ်ပုံ-Getty)
((မှတ်ချက်။ ဤတွင် သတင်းထဲ၌ ဖော်ပြမထားသော ပု စ္ဆာတစ်ခုရှိနေသည်။ ဇနီးက ခင်ပွန်းနှင့် သမီးထံ အဘယ်ကြောင့် တိုက်ရိုက်ဖုန်းမဆက်ဘဲ ရဲတပ်ဖွဲ့သို့ ဖုန်းဆက်ရသနည်းဟူသော မေးခွန်းပေါ်ပေါက်သည်။ ဖြစ်တန်ရာချေရှိသည်မှာ (၁) သူ၏ဖုန်းမှာ ကားပေါ်တွင် ထားခဲ့သောကြောင့်ဖြစ်နိုင်ပါသည်။ (၂) အကယ်၍ ဖုန်းယူသွားသည်ဆိုလျှင်လည်း ခင်ပွန်းက ဖုန်းသံ မကြားသောကြောင့် သော်လည်းကောင်း၊ အဝေးပြေးလမ်းများပေါ်တွင် ဖုန်းလိုင်း မမိခြင်းမှာ ဖြစ်လေ့ရှိသောကိစ္စဖြစ်ရာ ဖုန်းဆက်သွယ်၍ မရသောကြောင့် ဖြစ်နိုင်ပါသည်))
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man drives nearly 200 miles before realising he left his WIFE at petrol station during holiday trip
Photo Credit-Getty