- ပင်မစာမျက်နှာ
- ကားသတင်းများ
- Hitler စီးခဲ့သော ကားနံပါတ် 1A 148697 တပ်ဆင်ထားသည့် Mercedes-Benz အကြောင်း
Hitler စီးခဲ့သော ကားနံပါတ် 1A 148697 တပ်ဆင်ထားသည့် Mercedes-Benz အကြောင်း
- 318 views
အချိန်ကား ၁၉၄၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်။
ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့ရှိ Daimler-Benz AG စက်ရုံထုတ် Mercedes-Benz convertible ကားသစ်ကြီးတစ်စင်းမှာ ဘာလင်မြို့တော်ရှိ ဟစ်တလာ၏ တရားဝင်အိမ်တော်နှင့် ရုံးချုပ်ဖြစ်သော Reichs Chancellery သို့ ရောက်လာသည်။ အဆိုပါအိမ်တော်/ ရုံးတွင် ဟစ်တလာနှင့် နာဇီ ထိပ်တန်းခေါင်းဆောင်ပိုင်း အသုံးပြုရန် ကားအစင်းရေ များစွာအသင့်ထားရှိသည်။နောက် ၁၁ ရက်အကြာ ဇူလိုင် ၁၉ ရက်တွင် ဟစ်တလာက ထိုကားကို ကားနံပါတ်1A 148697 ဖြင့် စတင်အသုံးပြုခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးကာလနီးပါးအထိ အသုံးပြုခဲ့သည်။
အသုံးပြုထားသော အင်ဂျင်မှာ 7.7 litre straight eight အင်ဂျင် ဖြစ်သည်။ဆွဲအား မြင်းကောင်ရေ ၂၃၀ မှ ၄၀၀ ကြားရှိပြီး ကျည်ကာမှန်နှင့် ဘီးပေါက်လျှင်ပင် မောင်းနိုင်သော run-flat တာယာတို့ သုံးထားသည်။ ဟစ်တလာက အဆိုပါကားဖြင့် Kroll Opera House သို့သွားခဲ့ကာ ဥပဒေပြုလွှတ်တော်သို့ မိန့်ခွန်းပြောခဲ့သည်။ လွှတ်တော်အဆောက်အအုံ မီးလောင်သွားသောကြောင့် Kroll Opera House ကို ယာယီအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဟစ်တလာအုပ်စိုးစဉ်က လွှတ်တော်မှာ ဟစ်တလာ မိန့်ခွန်းပြောရန် သက်သက်အတွက်သာ ဖြစ်ခဲ့သည်။
(▲ ဟစ်တလာစီးခဲ့သောကားကို လက်ရှိအားဖြင့် ကနေဒါ စစ်သမိုင်းပြတိုက်တွင် ပြသထားသည်။)
အမေရိကန် အမှတ် ၂၀ သံချပ်ကာတပ်မမှ ဗိုလ်မှူးချုပ် Orlando Ward ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရသော တပ်ကြပ်ကြီး Joe Azara က ၁၉၄၅ ခုနှစ်၊ မေလ ၅ ရက် (သို့မဟုတ်) ၆ ရက်တွင် Salzburg သို့ ချီတက်နေစဉ် ကားတစ်စင်းကို သတိပြုမိခဲ့သည်။ကားမှာ အမိုးမပါသော ရထားတွဲလွတ် တစ်ခုပေါ်တွင် ရှိနေပြီး လျှောမကျစေရန် ဝါယာကြိုးများဖြင့် ထိန်းထားသည်ကို တွေ့ရကာ Laufen မြို့အနီးတွင် တွေ့ရခြင်းဖြစ်သည်။
တပ်ကြပ်ကြီး Joe က သူ၏ ရဲဘော်များ၏ အကူအညီဖြင့် ကားကို မြေပေါ်သို့ချကာ မောင်းကြည့်ခဲ့သည်။၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပါကားကို George Shiras သင်္ဘောကြီးဖြင့် အမေရိကန်ပြည်သို့ ပို့ဆောင်ခဲ့သည်။ ယင်းနောက် ထိုကားကို Hermann Goering စီးခဲ့သောကားအဖြစ် အမေရိကန်နှင့် ကနေဒါနိုင်ငံများအကြား ကူးချည်သန်းချည် ပြသနေခဲ့သည်။
၁၉၅၆ ခုနှစ်တွင် ဤကားကို တိုရွန်တိုမြို့ရှိ ကားဝယ်ရောင်းတစ်ဦးထံ ရောင်းချလိုက်သည်။ယင်းနောက်ပိုင်း ပိုင်ရှင် ၂ ဦးခန့် အပြောင်းအလဲဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ၁၉၇၁ ခုနှစ်၌ ကနေဒါ စစ်သမိုင်းပြတိုက်သို့ ရောက်ရှိသွားကာ အများပြည်သူသို့ ယနေ့တိုင် ပြသထားသည်။
၁၉၈၂ ခုနှစ်တွင်မူ ဤကားမှာ ဂိုအားရင်းစီးခဲ့သောကားမဟုတ်ဘဲ အဒေါ့ဖ် ဟစ်တလာစီးခဲ့သောကား ဖြစ်ကြောင်း သိလာသည်။ဟစ်တလာစီးခဲ့သည့် အခြား Mercedes Benz (ကားနံပါတ်-1A 148461) ကိုမူ အမေရိကန်ပြည်၊ လာ့စ်ဗီးဂပ်စ်မြို့ရှိ Imperial Palace Casino and Museum တွင် ပြသထားသည်။
ကမ္ဘာတစ်ဝန်းရှိ ပုဂ္ဂလိက ကားစုဆောင်းသူများစွာထံတွင်လည်း ဟစ်တလာစီးခဲ့သော ကားများရှိနေရာ ကားနံပါတ် WH-32288 တပ်ဆင်ကာ စီးခဲ့သော တစ်စင်းလည်း အပါအဝင် ဖြစ်သည်။ဟစ်တလာသည် အဆိုပါကားဖြင့် Czech Sudetenland သို့ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်တွင် သွားရောက်ခဲ့သည်။ သြစထရီးယားကို ကျူးကျော်သိမ်းပိုက်ပြီးချိန် ၁၉၃၈ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် ဟစ်တလာသည် သူ၏ ဇာတိမြို့ Braunau သို့ သွားရာတွင် စီးခဲ့သောကားမှာ ကားနံပါတ် WN 32290 ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Hitler’s brand new Mercedes-Benz.