- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် မိုင်လို၏ ကြော်ငြာဆိုင်းဘုတ်စကြီးက လမ်းပေါ်မှ ကားပေါ်ပြုတ်ကျလာမှု ဂယက်ရိုက်နေ
မလေးရှားတွင် မိုင်လို၏ ကြော်ငြာဆိုင်းဘုတ်စကြီးက လမ်းပေါ်မှ ကားပေါ်ပြုတ်ကျလာမှု ဂယက်ရိုက်နေ
- 253 views
မလေးရှားနိုင်ငံတွင် မိုင်လို၏ လမ်းဘေးကြော်ငြာဆိုင်းဘုတ်ကြီးမှ ဆိုင်းဘုတ်စကြီးမှာ Federal Highway အဝေးပြေးလမ်းမကြီးပေါ် မောင်းနှင်နေသည့် ကားတစ်စင်းပေါ်သို့ လွင့်ကျလာခဲ့ပုံ ဗွီဒီယိုဖိုင်မှာ မလေးရှား လူမှုကွန်ရက်သုံးစွဲသူတို့ကြား ပျံ့နှံ့နေသည်။
DashCam ဖြင့် ရိုက်ကူးထားသော ဗွီဒီယိုဖိုင်ကို Facebook တွင် Malaysia Baru News အမည်ရှိ စာမျက်နှာက မျှဝေလာခြင်း ဖြစ်သည်။
Federal Highway အဝေးပြေးလမ်းမကြီးသည် ကွာလာလမ်ပူနှင့် ဆလင်ဂေါပြည်နယ်၊ ကလန်မြို့တို့ကို ဆက်သွယ်ပေးထားသော လမ်းမကြီးဖြစ်သည်။
လူမှုကွန်ရက်သုံးစွဲသူတို့က ဆိုင်းဘုတ်စ ပြုတ်ကျသွားသော ကားမောင်းသူ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေကြသည်။
Facebook တွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်၌ တွေ့မြင်ရမှုအရ မိုင်လိုကြော်ငြာဆိုင်းဘုတ်ကြီး၏ ဆိုင်းဘုတ်စကြီးမှာ Perodua Alza ကားတစ်စင်း၏နောက်မှ လိုက်ပါလာသော ကားပေါ်သို့ လွင့်ကျလာသည်ကို တွေ့ရသည်။
“Final Destination ထဲက ဇာတ်ကွက်လိုမျိုးပါပဲ” ဟု အဆိုပါ Facebook ပို့စ်တွင် caption ရေးသားထားသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင်ကြေညာချက် ထုတ်ပြန်မှုမျိုး မရှိသေးချေ။
ဆိုင်းဘုတ်စကြီး လွင့်ကျခဲ့သည့် ကားအတွက် ကံကောင်းသည့်အချက်မှာ ရှေ့နောက် ကားဆက်ခြားနေခြင်းဖြစ်သည်။
ယခုဖြစ်ရပ်တွင် အက်ဆီးဒင့်ဖြစ်သည့် သတင်း မကြားရချေ။
ယခုဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်သွားရာ ကားပိုင်ရှင်အနေဖြင့် သက်ဆိုင်သူများကို တရားစွဲရန် လူမှုကွန်ရက်သုံးစွဲသူတို့က တိုက်တွန်းကြသည်။
“ကြော်ငြာစကြီးက အဲဒီကားပေါ်ကျသွားတယ်။ ကားဆက်ခြားနေလို့ ကံကောင်းသွားတာ” ဟု လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
“ကားမောင်းသူအနေနဲ့ ကြော်ငြာဆိုင်းဘုတ်ကုမ္ပဏီကို တရားစွဲလို့ရပါတယ်” ဟု အခြားတစ်ဦးက အကြံပြုသည်။
အချို့ကမူ ကြော်ငြာဆိုင်းဘုတ်စကြီးများ နမော်နမဲ့ တပ်ဆင်ထားမှုကို ဝေဖနာ်ကသည်။
အခြားသူတို့ကမူ ဆိုင်းဘုတ်ကြီးအောက်ဘက်တွင် လော်ရီကားတစ်စင်းရပ်ထားရာ ယခုဖြစ်ရပ်ဖြစ်ပွားချိန်က အဆိုပါဆိုင်းဘုတ်ကို ပြုပြင်နေခြင်းဖြစ်နိုင်ကြောင်း အချို့က ထောက်ပြကြသည်။
တစ်ဦးက မှတ်ချက်ပြုသည်မှာ စင်္ကာပူတွင် ကားရှုပ်သော လမ်းပိုင်းများတွင် ကြော်ငြာဆိုင်းဘုတ်များ ထောင်ခွင့်မပြုကြောင်း၊ ယခုလို ဖြစ်လာမည်ကို ကြိုတင်ကာကွယ်ထားခြင်းဖြစ်ကြောင်း ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Billboard canvas along Federal Highway falls on moving car (thesun)