- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကွာလာလမ်ပူတွင် လူကူးမျဉ်းကြား၌ လမ်းဖြတ်ကူးသူများကို ရပ်စောင့်ပေးသော ဆိုင်ကယ်သမားအား နောက်မှ ကားသမားက ရန်တွေ့သည့်ဖြစ်ရပ် နာမည်ကြီးနေ
ကွာလာလမ်ပူတွင် လူကူးမျဉ်းကြား၌ လမ်းဖြတ်ကူးသူများကို ရပ်စောင့်ပေးသော ဆိုင်ကယ်သမားအား နောက်မှ ကားသမားက ရန်တွေ့သည့်ဖြစ်ရပ် နာမည်ကြီးနေ
- 415 views
လမ်းအမှတ်အသားများ ဆိုင်းဘုတ်များ ရှင်းလင်းထင်ရှားစွာ ရေးသားဖော်ပြထားသည့်တိုင် မလေးရှားမှ ယာဉ်မောင်းများစွာမှာ လမ်းဖြတ်ကူးသူများအတွက် ကားရပ်ပေးလိုစိတ် မရှိကြသည့်အပေါ် လမ်းပေါ် ဘေးကင်းလုံခြုံရေးနှင့် စပ်လျဉ်းပြီး မလေးရှားနိုင်ငံသားတို့အကြား များစွာစိုးရိမ်နေကြသည်။
TikTok လူမှုကွန်ရက်တွင် @driving4dummies အမည်ရှိဖြင့် လူမှုကွန်ရက်သုံးစွဲသူ အမျိုးသားတစ်ဦးမှ မကြာသေးမီက တင်လာသော ဗွီဒီယိုဖိုင်တစ်ခုအရ ကွာလာလမ်ပူတွင် လမ်းဖြတ်ကူးရသည်မှာ မည်မျှ အန္တရာယ်ကြီးကြောင်း ပြသနေသည်။ဗွီဒီယိုဖိုင်ထဲတွင် တွေ့မြင်ရမှုအရ ကွာလာလမ်ပူမှ အချက်အခြာကျသော နေရာများရှိ လူကူးမျဉ်းကြားများတွင် ကားများရပ်ထားကာ လူကူးမျဉ်းကြားပင် ရှာမရအောင်ဖြစ်နေသည်ကို တွေ့ရသည်။
ပိုမိုဆိုးရွားသည့်အချက်မှာ လူကူးမျဉ်းကြားတွင် လမ်းဖြတ်ကူးသူများ ရှိနေစဉ်တွင်ပင် ယာဉ်မောင်းသူများစွာမှာ ဘေးမှ အရှိန်ပြင်းစွာဖြင့် ဖြတ်မောင်းသွားကြသည်။
“ကားမောင်းသူတစ်ယောက်အနေနဲ့ လမ်းဖြတ်ကူးသူတွေကို အမြဲကားရပ်ပေးပါတယ်” ဟု အဆိုပါ အကောင့်ရှင်က ပြောသည်။
“သူတို့အနေနဲ့ အန္တရာယ်ကင်း ဘေးရှင်းစွာ လမ်းဖြတ်ကူးဖို့ အခွင့်အရေးရှိပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် ၎င်း၏ စိတ်ထားမျိုး လူတိုင်းမရှိချေ။
ထိုအမျိုးသားက သူ၏ဆိုင်ကယ်ဖြင့် ကွာလာလမ်ပူတွင် သွားလာစဉ် ရင်ဆိုင်ရသည့်ဖြစ်ပုံကို ဝေမျှပြောပြသည်။
တစ်နေရာတွင် ဆိုင်ဘေးဆိုင်းဘုတ်တစ်ခုရှိနေသည်။ ဆိုင်းဘုတ်တွင် ရေးသားထားသည်မှာ “ယာဉ်နှင့် လမ်းကူးသူ ရှင်းလျှင် ဘယ်ဘက်သို့ကွေ့ပါ” ဟု ဖြစ်သည်။
လမ်းဖြတ်ကူးသူများရှိနေသောကြောင့် ၎င်းက ဆိုင်ကယ်ကို ရပ်ထားလိုက်သည်။ ထိုအချိန်တွင် နောက်မှ ကားက အဆက်မပြတ်ဟွန်းတီးတော့သည်။ ခေတ္တကြာသောအခါ ကားသမားမှာ ၎င်း၏ဘေးသို့ရောက်လာပြီး လမ်းဖြတ်ကူးသူများကို ဂရုမစိုက်ရန်၊ မောင်းစရာရှိသည်ကိုမောင်းရန် ဒေါသတကြီး ငေါက်ငမ်းပြောဆိုလာသည်။
အဆိုပါဗွီဒီယိုဖိုင်မှာ TikTok နှင့် X လူမှုကွန်ရက်တို့တွင် ပျံ့နှံ့ဂယက်ရိုက်နေပြီး လူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပေးလျက်ရှိသည်။
“ဒါက အခြေခံအဆောက်အအုံနဲ့ မဆိုင်ပါဘူး။ စိတ်နေစိတ်ထားကိစ္စပါ” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုသည်။
X လူမှုကွန်ရက်အသုံးပြုသူတစ်ဦးကမူ ထိုကား၏ နံပါတ်နှင့် ကားပိုင်ရှင်၏ အမည်တို့ကို ထုတ်ဖော်မှတ်ချက်ပေးလာသည်။သို့သော် ဗွီဒီယိုတင်သူ @driving4dummies ကမူ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မလုပ်ကြရန် ၎င်း၏ follower များကို တောင်းဆိုထားသည်။
“ရှင်းအောင်ပြောထားရမယ်ဆိုရင် ဒီဗွီဒီယိုရိုက်ခဲ့တာက အသိပညာပေးဖို့အတွက်ပါ။ အရှက်ခွဲဖို့ မဟုတ်ပါဘူး” ဟု ပို့စ်ပိုင်ရှင်က မှတ်ချက်ပြုသည်။
“ကျွန်တော် သူ့ရဲ့ ကားနံပါတ်ပြားနဲ့ မျက်နှာတွေကို ဝါးပေးထားပါတယ်။ ကျေးဇူးပြုပြီး သူ့ကို မတိုက်ခိုက်ပါနဲ့။ သူ မသိတာ ကောင်းပါတယ်။ မူကိုပဲ မုန်းပါ။ လူကို မမုန်းပါနဲ့”
“ကျွန်တော်တို့က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ တုံ့ပြန်မယ်ဆိုရင် ကျွန်တော်တို့လည်း ထူးမခြားနားဖြစ်သွား ပါလိမ့်မယ်။ ကျေးဇူးပြုပြီး လမ်းပေါ် ဘေးကင်းရေးအတွက် ဦးတည်ကြရအောင်ပါ။ အမုန်းစကားတွေ မပျံ့ပွားကြပါနဲ့။”
ယခုကဲ့သို့ ရန်တွေ့ခြင်းခံရသော်လည်း မိမိမှန်သည်ဟု ခံယူထားသည်ကို ဆက်လက်လုပ်ဆောင်သွားမည် သာဖြစ်ကြောင်း ပို့စ်ပိုင်ရှင်က ပြောသည်။
“တစ်နေ့မှာ လမ်းဖြတ်ကူးနေတဲ့သူဟာ ခင်ဗျားတို့ချစ်ရတဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ တစ်မိနစ်လောက် အရှိန်လျှော့လိုက်ရတာ အရမ်းကို ခက်ခဲနေကြတာလား။” ဟု ၎င်းက ဆိုသည်။၎င်းက ယာဉ်မောင်းသူအားလုံးအတွက် စကားတစ်ခွန်းကိုလည်း သတင်းစကားပေးထားသည်။“လူကူးမျဉ်းကြားမှာ လမ်းဖြတ်ကူးနေတာတွေ့ရင် ရပ်ပေးလိုက်ပါ။ အသက်တွေကို လေးစားပါ။ ကြင်နာကြပါ”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Driver rages at motorcyclist for following traffic rules (thesun)