- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန် ဇနီးမောင်နှံက နှစ် ၂၀ သက်တမ်းရှိ ကျောင်းကားကို ကားအိမ်အဖြစ် ပြောင်းလဲကာ နိုင်ငံတဝန်းရှိ ပန်းဥယျာဉ်များသို့ အလည်အပတ်ထွက်နေပုံ
အမေရိကန် ဇနီးမောင်နှံက နှစ် ၂၀ သက်တမ်းရှိ ကျောင်းကားကို ကားအိမ်အဖြစ် ပြောင်းလဲကာ နိုင်ငံတဝန်းရှိ ပန်းဥယျာဉ်များသို့ အလည်အပတ်ထွက်နေပုံ
- 979 views
အမေရိကန် ဇနီးမောင်နှံက နှစ် ၂၀ သက်တမ်းရှိ ကျောင်းကားကို ကားအိမ်အဖြစ် ပြောင်းလဲကာ နိုင်ငံတဝန်းရှိ ပန်းဥယျာဉ်များသို့ အလည်အပတ်ထွက်နေပုံ
စကော့ ဟက်ဇ်သည် နောင်တနေ့တွင် အလုပ်မှ အနားယူကာ ကားအိမ် (RV) တစ်စင်း ဝယ်ယူပြီး နိုင်ငံတဝန်း လှည့်လည်စူးစမ်းလေ့လာရန် အမြဲမျှော်လင့်အိပ်မက်နေခဲ့သည်။
စကော့ဟက်ဇ် (Scott Heltz) သည် အမေရိကန်ပြည်၊ လူဝီစီယာနာပြည်နယ်၊ နယူးအော်လင်းမြို့တွင် နေထိုင်သော လျှပ်စစ်ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ အိပ်မက်ကို လက်တွဲအကောင်အထည်ဖော်မည့် လက်တွဲဖော် ရှကွီတာ ရိုင်လေ (Shaquita Riley) နှင့် ၂၀၁၉ ခုနှစ်တွင် ဆုံစည်းခဲ့သည်။
သို့သော် ရိုင်လေတွင် အနည်းငယ်ကွဲပြားသော အကြံရှိသည်။
ရိုင်လေက ကျောင်းကားဟောင်းတစ်စင်းဝယ်ကာ ကားအိမ်အဖြစ် ပြောင်းလဲမွမ်းမံရန် အကြံပေးခဲ့ရာ စကော့လည်း စိတ်ဝင်စားသည်။
ဘတ်စ်ကားဟောင်းမှာ RV ထက် ပိုမိုကျယ်ကျယ်ဝန်းဝန်းရှိမည်ဖြစ်ပြီး စိတ်ကူးပေါ်သလို အမျိုးမျိုး ပြင်ဆင်နိုင်သည်။
သို့နှင့် စကော့တို့စုံတွဲသည် ၂၀၀၄ မော်ဒယ် ကျောင်းကားဟောင်းတစ်စင်းကို ဒေါ်လာ ၃,၀၀၀ ခန့်ဖြင့် ဝယ်ယူလိုက်သည်။
“ကျွန်တော့်အတွက် အကြီးမားဆုံးကိစ္စက ခရီးသွားတာပါ။ ကျွန်တော် အမြဲခရီးထွက်နေချင်ပါတယ်” ဟု အသက် ၅၅ နှစ်အရွယ်ရှိ စကော့ဟက်ဇ်က Business Insider သတင်းဌာနသို့ ပြောသည်။
ယင်းနောက်ပိုင်း ကျောင်းဘတ်စ်ကားကို ၃ နှစ်ခန့်အချိန်ယူ မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ ဒေါ်လာ ၄၀,၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း စကော့က ပြောသည်။
ကားအမိုးကို ဖြတ်ထုတ်လိုက်ပြီး အမိုးမြှင့်လိုက်ကာ အမိုးသစ် တပ်ဆင်ခဲ့သည်။
ကားဟောင်းတွင် ပါလာသော ထိုင်ခုံများအပါအဝင် အတွင်းပိုင်းပစ္စည်းအားလုံးကို ဖယ်ရှားလိုက်ပြီး အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုဆောင်၊ စားသောက်ရန်နေရာတို့ ဖွဲ့စည်းခဲ့ပြီး အရောင်အသွေးစုံလင်သော ပန်းချီလက်ရာ များစွာဖြင့် မွမ်းမံခဲ့သည်။
“ကားပေါ်မှာ အိမ်သာ ဆင်လိုက်တဲ့နေ့မှာပဲ မိန်းမက မွေ့ယာတစ်ခု ပြေးဝယ်တယ်။ အဲဒီကစပြီး ကားပေါ်မှာပဲ သူအိပ်တော့တယ်” ဟု စကော့က ပြောသည်။
စကော့တို့စုံတွဲသည် ၂၀၂၃ ခုနှစ်တွင် နယူးအော်လင်းမြို့မှ အပြီးအပိုင် ကျောခိုင်းထွက်ခွာလာခဲ့တော့သည်။
ယင်းနောက်ပိုင်းကတည်းက စကော့နှင့် ရိုင်လေတို့သည် ခွေး ၂ ကောင်၊ ကြောင် ၂ ကောင်နှင့်အတူ အမေရိကန် အနောက်ပိုင်းတခွင် လှည့်လည်ခရီးထွက်ခဲ့ပြီး အမျိုးသားဥယျာဉ်ကြီးများထဲတွင် စခန်းချလေ့ရှိသည်။
လက်ရှိအားဖြင့် အရီဇိုးနားပြည်နယ်တောင်ပိုင်းတွင် ရောက်ရှိနေပြီး အခြေချရန် စိတ်ကူးနေသည်။
(စကော့တို့စုံတွဲသည် ၂၀၂၃ ခုနှစ်တွင် နယူးအော်လင်းမှ ထွက်ခွာလာခဲ့ပြီး အနောက်ပိုင်းတလွှားရှိ အမျိုးသားဥယျာဉ်များထဲတွင် စခန်းချနေထိုင်ခဲ့ကာ အရီဇိုးနားပြည်နယ် တောင်ပိုင်းတွင် အခြေချရန် စီစဉ်နေသည်။ ဓာတ်ပုံ-Scott Heltz)
ယခုကဲ့သို့ သွားလာနေထိုင်မှုကြောင့် စကော့မှာ ဝင်ငွေများစွာကျဆင်းသွားသည်။
သို့သော် ၎င်းတို့စုံတွဲ၏ အသုံးစရိတ်မှာ အလွန်နည်းပါးသည်။
“ဘတ်စ်ကားပေါ်မှာ နေရတဲ့ဘဝက စိတ်ကူးယဉ်မဆန်ပါဘူး။ ပျင်းတတ်တဲ့သူတွေနဲ့ မသင့်တော်ပါဘူး။ ကိုယ့်ကိုယ်ကို အားမကိုးတတ်တဲ့သူတွေအတွက် မသင့်တော်ပါဘူး”
စကော့တို့စုံတွဲသည် ဘတ်စ်ကားပေါ်တွင် တသက်လုံးနေရန် အစီအစဉ်မရှိချေ။
ယခုနှစ်အတွင်း တရားဝင်လက်ထပ်ရန် စီစဉ်ထားပြီး အရီဇိုးနားပြည်နယ်၊ ဒေါက်ဂလပ်စ်မြို့ကလေးတွင် မြေဧက ၂၀ ဝယ်ယူထားသည်။
ထိုမြေကွက်တွင် ကွန်တိန်နာအိမ်တစ်လုံး ဆောက်လုပ်နေထိုင်ရန်လည်း ကြံရွယ်ထားသည်။
ရီလေက ကြက်ဆင်နှင့် အခြားမွေးမြူရေးတိရ စ္ဆာန်များ မွေးမြူရန် ရည်မှန်းထားပြီး စကော့က ဆိုလာစွမ်းအင်စခန်းတစ်ခု တည်ဆောက်ကာ off-grid နေထိုင်နိုင်ရန် ကြံရွယ်ထားသည်။
(influencer များနှင့် အခြားသူများ ပြောနေသကဲ့သို့ ကားပေါ်တွင် နေထိုင်ရသည့်ဘဝမှာ မက်မောစရာ မရှိကြောင်း စကော့က ပြောသည်။ ဓာတ်ပုံ-Scott Heltz)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A couple transformed a 20-year-old school bus into a mobile home and traveled the country's parks: 'It's not for the lazy'
Photo Credit-Scott Heltz