- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယတွင် ဗုဒ္ဓဂါယာသို့သွားသော အဝေးပြေးလမ်းပိုင်း ဖောက်လုပ်ရာ သစ်တောဌာနနှင့် ဆောက်လုပ်ရေးတို့ ညှိနှိုင်းမရသောကြောင့် လမ်းအလယ်၌ သစ်ပင်ကြီးများရှိနေ၊ သစ်ပင်များကို ဝင်တိုက်မှုများ ဖြစ်ပေါ်နေပြီး လူမှုကွန်ရက်တွင် ဝေဖန်သူများပြား
အိန္ဒိယတွင် ဗုဒ္ဓဂါယာသို့သွားသော အဝေးပြေးလမ်းပိုင်း ဖောက်လုပ်ရာ သစ်တောဌာနနှင့် ဆောက်လုပ်ရေးတို့ ညှိနှိုင်းမရသောကြောင့် လမ်းအလယ်၌ သစ်ပင်ကြီးများရှိနေ၊ သစ်ပင်များကို ဝင်တိုက်မှုများ ဖြစ်ပေါ်နေပြီး လူမှုကွန်ရက်တွင် ဝေဖန်သူများပြား
- 338 views
အသစ်စက်စက် ဖောက်လုပ်ပြီးစီးထားသော လမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးသွားသည်ဆိုပါစို့။
အရှိန်အတော်ရနေချိန်တွင် ရုတ်တရက် လမ်းအလယ်၌ သစ်ပင်ကြီးများ ဟိုမှသည်မှ တိုးထွက်ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။ဒုတိယမြောက် ထပ်မံကြည့်မိချိန်တွင် လမ်းမ အလယ်ခေါင်ကြီး၌ သစ်ပင်ကြီးများရှိနေသည်မှာ သေချာသွားသည်ကို သိလိုက်ရမည်။ထိုအချိန်တွင် သစ်ပင်များကို ဝင်မတိုက်မိစေရန် သင့်၌ စက္ကန့်ပိုင်းသာ အချိန်ရတော့မည်ဖြစ်၏။သင့်အနေဖြင့် ယာဉ်ကို ချက်ချင်း အရှိန်လျှော့လိုက်ပြီး အပင်ကြီးများကြားတွင် မြွေလိမ်မြွေကောက် သတိထားမောင်းနိုင်ရန် ချက်ချင်းအသိစိတ်ကပ်ရတော့မည်ဖြစ်သည်။
အထက်ဖော်ပြပါ မြင်ကွင်းအနေအထာမျိုး အိန္ဒိယတွင် အမှန်တကယ် ပေါ်ပေါက်လာနေသည်။ လမ်းပိုင်းတည်နေရာမှာ ဘီဟာပြည်နယ်တွင်ဖြစ်ပြီး အမောင်းသင်စ ယာဉ်မောင်းတို့အတွက် သင့်တော်သည့် လမ်းပိုင်းမဟုတ်ချေ။
((ဘီဟာပြည်နယ်က ခက်ခဲသောလမ်းပိုင်းနေရာ))
လမ်းပိုင်းတည်ရှိသည့်နေရာမှာ ဘီဟာပြည်နယ်၊ ပတ္တနား- ဂယာအဝေးပြေးလမ်း၊ ဂျဟားနာဘာ့ဒ်မြို့အနီးတွင် ဖြစ်သည်။အဝေးပြေးလမ်းဖောက်လုပ်ရေး ရူပီး ကုဋေ ၁၀၀ စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အဆိုပါလမ်းပိုင်းကို မကြာသေးမီက လမ်းပိုမိုကျယ်ဝန်းစေရန် ချဲ့ထွင်ခဲ့သည်။
လမ်းပိုင်းနေရာ၏ အလျားမှာ ၇ ဒသမ ၄၈ ကီလိုမီတာရှိပြီး ပတ္တနာမြို့မှ ကီလိုမီတာ ၅၀ အကွာတွင်ရှိကာ မကြာသေးမီက လမ်းခင်းပြီးစီးခဲ့ခြင်းဖြစ်သည်။လမ်းခင်းချိန်တွင် လမ်းလယ်တွင်ရှိနေသော သစ်ပင်များကို ခုတ်လှဲရန် သစ်တောဌာနထံ ခွင့်ပြုချက် တောင်းခံခဲ့သည်။သို့သော် သစ်တောဌာနက ထိုသစ်ပင်များ ခုတ်လှဲမည်ဆိုပါက သစ်ပင်စိုက်ပျိုးနိုင်မည့် မြေ ၁၄ ဟက်တာ လျော်ကြေးအနေဖြင့် ပေးရန် တောင်းဆိုသည်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့လည်း သစ်တောဌာန၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသောကြောင့် သစ်ပင်များကို မခုတ်ဘဲ လမ်းဖောက်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ရလဒ်အနေဖြင့် လမ်းမကြီး အလယ်တွင် သစ်ပင်ကြီးများ ထိုးထိုးထောင်ထောင်ရှိနေခြင်း ဖြစ်သည်။ထိုလမ်းပိုင်းတွင် ဖြတ်သန်းမောင်းနှင်သူတို့မှာ တစ်ဖက်ထိပ်သို့ အသက်ရှင်လျက် ရောက်ရှိနိုင်ရေးအတွက် သတိကြီးစွာဖြင့် မြွေလိမ်မြွေကောက် မောင်းနှင်ကြရသည်။ညအချိန်များတွင် မောင်းနှင်ရလျှင် အလွန်အန္တရာယ်ကြီးသည်။
ထူးဆန်းသော လမ်းပိုင်းမှာ ယခုအခါ အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ပြက်ရယ်ပြုစရာ ဖြစ်နေသည်။ အဆိုပါ လမ်းပိုင်း၏ ဓာတ်ပုံများ၊ ဗွီဒီယိုများ အွန်လိုင်းတွင် ပျံ့နှံ့နေပြီး အာဏာပိုင်တို့ကို လှောင်ပြောင်လျက် ရှိကြသည်။
အိန္ဒိယအစိုးရက လမ်းတံတားများ ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးမြင့်မားသော လမ်းအခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးကို အာရုံစိုက်နေချိန်မျိုးတွင် ယခုလမ်းနေရာကဲ့သို့ အန္တရာယ်ကြီးသော အခြေအနေမှာ အရှက်ရဖွယ်တစ်ခု ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Real-Life Subway Surfers: Trees Stand Tall On This Indian Highway! (cartoq)