- ပင်မစာမျက်နှာ
- ကားသတင်းများ
- [မိဘတိုင်း လုပ်မိတတ်တဲ့ အမှား] ကားထဲမှာ ကလေးကို ဘာကြောင့် ရှေ့ခန်းမှာ မထားသင့်တာလဲ
[မိဘတိုင်း လုပ်မိတတ်တဲ့ အမှား] ကားထဲမှာ ကလေးကို ဘာကြောင့် ရှေ့ခန်းမှာ မထားသင့်တာလဲ
- 362 views
အိန္ဒိယတွင် ကားအက်ဆီးဒင့်များ၌ လူမမယ် ကလေးငယ်များ ပါဝင်နှုန်း မြင့်တက်လာနေသည်။
ယင်းသို့သော ကားအက်ဆီးဒင့် များစွာတွင် ပါဝင်သော ကလေးငယ်များ သေဆုံးကြသည်။
သေဆုံးရခြင်း၏ အကြောင်းရင်းမှာ ကလေးငယ်များ နေထိုင်လိုက်ပါပုံ ဘေးမကင်းခြင်းမှာ အဓိက အချက်တစ်ခုဖြစ်နေသည်ကို တွေ့လာရသည်။
မိဘတို့မှာ အမြဲလိုလိုပင် ကလေးကို ရှေ့ခန်း ယာဉ်မောင်းဘေးခုံတွင် ပေါင်ပေါ်တင်လျက် ခေါ်ယူကြသည်။
ထိုအနေအထားကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ကလေးမှာ ဆုံးပါးရသည်ကများသည်။
အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မှ ယာဉ်အခြေအနေ စစ်ဆေးရေး အရာရှိ (MVI) တစ်ဦးက ကလေးကို ရှေ့ခန်းတွင် မိခင်၏ ပေါင်ပေါ်တင်ခေါ်ခြင်း၏ အန္တရာယ်ကြီးပုံကို မကြာသေးမီက ရှင်းပြလာသည်။
အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်တွင် ဆူဂျိ ဘာခ်သန် အမည်ရှိ ခရီးသွားဘလော့ဂ်၊ နာမည်ကြီး Content creator တစ်ဦးရှိသည်။
ဆူဂျိက သူ၏ YouTube ချန်နယ် (Tech Travel Eat) တွင် podcast တစ်ခု လွှင့်တင်ခဲ့ရာ အဆိုပါ podcast တွင် ယာဉ်စစ်ဆေးရေး အရာရှိတစ်ဦးဖြစ်သူ ဗီနု ကူးမား (Vinod Kumar) က ကလေးငယ်များကို ရှေ့ခန်းတွင် ခေါ်ဆောင်ခြင်း၏ အန္တရာယ်ကြီးပုံကို ရှင်းပြထားသည်။
မိဘများစွာသည် ကားဖြင့်သွားလာကြရာတွင် ကလေးငယ်ကို ရှေ့ခန်း၌ မိခင်၏ ပေါင်ပေါ်တင်ကာ ခေါ်ဆောင်လေ့ရှိကြောင်း ဗီနုက ပြောသည်။
ဖခင်ဖြစ်သူက ကားမောင်းပြီး မိခင်က ရှေ့ခန်းတွင် ထိုင်ကာ လိုက်ပါသည့် အခြေအနေတွင် နှစ်ဦးလုံးမှာ ထိုင်ခုံ ခါးပတ်များ ကောင်းစွာ တပ်ဆင်ထားကြသည်။
ကလေးငယ်မှာမူ မိခင်၏ ပေါင်ပေါ်တွင် ရှိနေမည်။
ကလေးများကို မိခင်လက်တွင် ထားရှိခြင်းမှာ အန္တရာယ်အကင်းဆုံးဖြစ်သည်ဟု လူအများယူဆကြသည်။
ဗီနုက ပြောသည်မှာ ကလေးငယ်ကို မိခင်ပေါင်ပေါ်တွင် ထားရှိခြင်းမှာ နှစ်ဦးလုံး နေအိမ်ရှိ ဆိုဖာတစ်ခုပေါ်တွင် ရှိနေလျှင်မူ ချမ်းမြေ့ဖွယ်သာဖြစ်သော်လည်း ရွေ့လျားနေသော ကားထဲတွင်ဆိုလျှင်မူ အခြေအနေ မတူတော့ကြောင်း ပြောသည်။
အရေးပေါ်အခြေအနေတစ်ခုတွင် မထင်မှတ်ဘဲ ဘရိတ်အုပ်လိုက်ရပါက ကလေးမှာ ဒက်ရှ်ဘုတ်နှင့် ပြေးဆောင့်ကာ ပြင်းထန်စွာ ဒဏ်ရာရနိုင်ကြောင်း ဗီနုက ရှင်းပြသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မျိုးဆိုလျှင် ပို၍ပင် အန္တရာယ်ကြီးနိုင်သည်။
ခေတ်သစ် မော်တော်ကားတို့မှာ လေအိတ်အများအပြားဖြင့် ထုတ်လုပ်လေ့ရှိရာ ကလေးကို မိခင်၏ ပေါင်ပေါ်တွင် ခေါ်ဆောင်ခြင်းမှာ အန္တရာယ်ကြီးသည်။
ကားက တစုံတခုကို တိုက်မိချိန်တွင် sensor များက အာရုံခံလိုက်မိသည်နှင့် ချက်ချင်းဆိုသလိုပင် ဒက်ရှ်ဘုတ်ထဲတွင်ရှိသော လေအိတ်ကို ၀ ဒသမ ၀၃ စက္ကန့်အတွင်း လေဖြည့်လိုက်ပြီး ဒက်ရှ်ဘုတ်မှသည် လူရှိရာသို့ တိုးထွက်လာသည်။
တိုးထွက်သည့် အမြန်နှုန်းမှာ တစ်နာရီလျှင် ၃၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ထွက်လာခြင်းဖြစ်ရာ ကျည်ဆန်ရထားတစ်စင်း၏ အမြန်နှုန်းခန့်ရှိသည်။
ပေါင်ပေါ်တင်ထားသော ကလေးငယ်မှာ ဒက်ရှ်ဘုတ်နှင့် အလွန်နီးကပ်စွာရှိနေရာ အလွန်မြင့်မားသော မြန်နှုန်းဖြင့် ထိုးထွက်လာသော လေအိတ်၏ ထိုးနှက်မှုဒဏ်ကို ပြင်းထန်စွာခံရမည့်အပြင် လေအိတ်နှင့် မိခင်အကြား ညပ်ကာ အသက်ရှုရပ်ပြီး သေဆုံးနိုင်သည်။
လူကြီးများမှာမူ ထိုင်ခုံခါးပတ်များ ပတ်ထားသောကြောင့် ထိုအန္တရာယ်မျိုး မရှိချေ။
ဗီနုက ကားအက်ဆီးဒင့်ဖြင့် ကွယ်လွန်ခဲ့ရသော တယောပညာရှင် ဘာလ ဘာစကာ (Balabhasker) ၏ ဖြစ်ရပ်ကို ထောက်ပြသည်။
ဘာလ ဘာစကာသည် ၎င်း၏ Innova ကားဖြင့် ခရီးသွားစဉ် ဇနီးနှင့် ကလေးငယ်မှာ ရှေ့ခန်းတွင် လိုက်ပါစီးနင်းခဲ့သည်။
ကလေးငယ်မှာ မိခင်၏ ပေါင်ပေါ်တွင် လိုက်ပါခဲ့ခြင်းဖြစ်ပြီး အက်ဆီးဒင့်ဖြစ်ချိန်တွင် လေအိတ်ကြောင့် အသက်ရှုကြပ်ကာ သေဆုံးသွားခဲ့သည်။
မကြာသေးမီကလည်း အိန္ဒိယမှ ကားအက်ဆီးဒင့်တစ်ခုတွင် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ လေအိတ်ကြောင့် အသက်ရှူမရဖြစ်ကာ သေဆုံးခဲ့သေးသည်။
အထက်ပါဖြစ်ရပ်များ ဖြစ်ပွားပြီးနောက်ပိုင်း ကီရာလာပြည်နယ် မော်တော်ယာဉ်ဌာနက ကလေးများ ဘေးကင်းလုံခြုံရေးအတွက် ခရီးသွားလာရာတွင် သင့်တော်သည့် ထိုင်ခုံကို အသုံးပြုရမည်ဖြစ်ကြောင်း တိုက်တွန်းဆော်သြမှုများ ပြုလုပ်လာသည်။
ရှေ့ခန်းတွင် ကလေးငယ်များ လိုက်ပါလာသည်ကို တွေ့ရှိပါကလည်း ကားကို ရပ်တန့်စေကာ ဖြစ်လာနိုင်သည့် အန္တရာယ်နှင့် စပ်လျဉ်းပြီး မိဘများကို ရှင်းပြကြသည်။
မိဘများအနေဖြင့် ကလေးငယ်များကို သင့်လျော်သည့် အထူးထိုင်ခုံများဖြင့် နောက်ခုံ (သို့မဟုတ်) အလယ်တန်းတွင် ထားရှိခေါ်ဆောင်သင့်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Don't Keep Children On Your Lap: Motor Vehicle Inspector (cartoq)