ဂျပန်ထိပ်သီး Toyota နှင့် Nissan တို့ ပူးပေါင်းဖွယ်ရှိသည့်သတင်း ကားလောကကို ကိုင်လှုပ်

  • 1232 views

nissan-toyota-alliance-global-market-vehicles-750x422.jpg


ဂျပန်ထိပ်သီး ကားကုမ္ပဏီကြီး ၂ ခုဖြစ်သော Toyota နှင့် Nissan တို့ ပူးပေါင်းဖွယ် အလားအလာရှိနေသည့် သတင်းမှာ ကားလောကတစ်ခုလုံးတွင် ဂယက်ရိုက်နေသည်။

၎င်းတို့၏ ပူးပေါင်းမှုမှာ ကားလောကပြိုင်ဆိုင်မှုကို တမျိုးတဖုံပြောင်းလဲစေနိုင်ပြီး အထူးသဖြင့် EV လောကတွင် ဖြစ်သည်။

Tesla, BYD နှင့် အခြားသော EV ကုမ္ပဏီများ အလွန်လျင်မြန်စွာ ဈေးကွက်ကျယ်ပြန့်လာနေမှုကို ရင်ဆိုင်ရန် ကားထုတ်လုပ်သူများ အဆောတလျင် ကြိုးစားရလျက်ရှိသည့် အရေးကြီးသည့် ကာလမျိုးတွင် ယခု မဟာဗျူဟာမြောက် ပူးပေါင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

[နောက်ခံအကြောင်းရင်း]

Nissan သည် Honda နှင့် ပေါင်းစည်းရန် ၂၀၂၅ နှစ်ဆန်းပိုင်းက ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပြီးနောက်ပိုင်း ယခုအခါ Toyota နှင့် Nissan အကြား ဆွေးနွေးမှုများ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

Nissan က Honda ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် မရပ်တည်လိုသောကြောင့် ဆွေးနွေးမှု မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း Nissan က တိုယိုတာထံ ချဉ်းကပ်ခဲ့သည်။

တိုယိုတာသည် ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူအဖြစ် ၅ နှစ်ဆက်တိုက် ရပ်တည်နေပြီး ဂျပန်ကားထုတ်လုပ်သူများစွာထံတွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားရာ Subaru (20%), Mazda (5.1%), Suzuki (4.9%) နှင့် Isuzu (5.9%) တို့ ဖြစ်သည်။

တိုယိုတာနှင့် Nissan ပေါင်းစည်းမှုမှာ ဂျပန်ကားလောကတွင်သာမက ကမ္ဘာ့ဈေးကွက်ကိုပါ သက်ရောက်မှုများ ရှိလာနိုင်သည်။

တရုတ်၊ အမေရိကန်နှင့် ဥရောပတို့အတွက် ပိုမိုအားကောင်းသော ပြိုင်ဘက်သစ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။


((ဘာတွေဖြစ်လာမလဲ))

၁။ စွမ်းအားများ ပေါင်းစပ်ခြင်း

ယခု လက်တွဲမှုကြောင့် တိုယိုတာ၏ hybrid နည်းပညာတွင် တဖက်ကမ်းခတ်မှုနှင့် Nissan ၏ EV ပိုင်း ကျွမ်းကျင်မှုတို့ ပေါင်းစည်းပေးနိုင်မည် ဖြစ်သည်။

(Nissan ၏ Leaf မှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး EV များတွင် တစ်ခုအပါအဝင်ဖြစ်သည်။)

Toyota အနေဖြင့် ၎င်းတို့ထုတ်လုပ်မည့် EV များ ပိုမို မြန်ဆန်စွာ ထုတ်လုပ်နိုင်ရေးအတွက် Nissan ၏ EV platform များကို အသုံးပြုနိုင်မည် ဖြစ်သည်။

တဖက်တွင်လည်း Nissan အနေဖြင့် Toyota ထံမှ financial stability အကျိုးကျေးဇူးနှင့် ထုတ်လုပ်နိုင်မှု ပမာဏ ပိုမိုအားကောင်းမှုတို့ ရရှိမည် ဖြစ်သည်။

2. Nissan ၏ ဘဏ္ဍာရေးအကျပ်အတည်း ပြေလည်လာမည်

Nissan သည် လက်ရှိအားဖြင့် "Re:Nissan" စီမံကိန်းဖြင့် ကုမ္ပဏီ ဖွဲ့စည်းပုံပြောင်းလဲမှုများ ပြုလုပ်နေရာ
= ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အလုပ်အကိုင်နေရာ ၂၀၀၀၀ လျှော့ချရန်
= စက်ရုံ ၇ ခု ပိတ်သိမ်းရန် (ဂျပန်နှင့် ထိုင်းမှ စက်ရုံများ ပါဝင်)
= ဂျပန်တွင် ဘက်ထရီစက်ရုံသစ် တည်ထောင်မည့်အစီအစဉ် ဖျက်သိမ်းခြင်း
= ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမြတ်ပြန်လည်ရရှိနိုင်ရေးအတွက် ယန်းငွေ ၂၅၀ ဘီလီယံအထိ စရိတ်လျှော့ချမှုများ ပြုလုပ်ရန်တို့ ပါဝင်သည်။
တိုယိုတာက ကျောထောက်နောက်ခံပေးမည်ဆိုပါက Nissan ၏ ခက်ခဲသော အကူးအပြောင်းကာလအတွက် အထောက်အကူကြီးစွာ ရမည် ဖြစ်သည်။

၃။ Tesla နှင့် BYD တို့အား ရင်ဆိုင်ခြင်း

Toyota-Nissan မိတ်ဘက်ပူးပေါင်းမှုကြောင့် အောက်ပါအချက်များ ဆောင်ရွက်ခြင်းဖြင့် Tesla နှင့် တရုတ်ပြည်မှ ကားထုတ်လုပ်သူ BYD တို့အတွက် ပိုမိုကြီးမားအားကောင်းသည့် ပြိုင်ဘက်ဖြစ်လာနိုင်သည်။
■ ဘက်ထရီနည်းပညာနှင့် EV platform များအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး အရင်းအမြစ်များ ပေါင်းစည်းခြင်း
■ ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုသက်သာစေခြင်း
■ ထုတ်လုပ်မှု စွမ်းပကားများ၊ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချိရေးကွန်ရက်များ ပေါင်းစပ်နိုင်ခြင်း

((ရရှိလာဖွယ်ရှိသည့် အကျိုးကျေးဇူးများ))

■ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှု = စွမ်းအင်သိပ်သည်းမှု ပိုမိုအားကောင်းကာ အားသွင်းရ ပိုမိုလျင်မြန်သော solid-state ဘက်ထရီများ အပါအဝင် next-gen ဘက်ထရီနည်းပညာများ ဖော်ထုတ်ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
■ ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း=  ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များ မျှဝေသုံးစွဲခြင်းကြောင့် ကုမ္ပဏီ ၂ ရပ်လုံးအတွက် ကုန်ကျစရိတ် ပိုမိုသက်သာသောကြောင့် consumer တို့အတွက် ပိုမိုဈေးသက်သာသော EV များ ထုတ်လုပ်လာနိုင်ခြင်း
■ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး= အားသွင်းနေရာများ ချဲ့ထွင်ရန် ပူးပေါင်းကြိုးပမ်းနိုင်ခြင်း
■ ကမ္ဘာ့ဈေးကွက် ချဲ့ထွင်ရေး= မြောက်အမေရိက၊ ဥရောပနှင့် အာရှတို့ကဲ့သို့ အရေးပါသော ဈေးကွက်များတွင် တစ်ဦး၏ အားသာချက်ကို တစ်ဦးက ရယူနိုင်ခြင်း

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Confirmed – Toyota and Nissan negotiate industry-shaking super alliance that threatens Tesla and BYD  (unionrayo)