အဝတ်အစား နွမ်းပါးသော သားအဖနှစ်ဦး Lamborghini Sterrato တစ်စင်း ဝယ်ယူသွားသည့်ဖြစ်ရပ် အိန္ဒိယတွင် သတင်းကြီးနေ

  • 1124 views

humble_family_takes_delivery_of_lamborghini_sterrato_90f4306667.jpg

ကျိကျိတက် ချမ်းသာကြွယ်ဝသူများက တန်ဖိုးကြီး luxury ကားများ ဝယ်ယူသည့်သတင်းမှာ အမြဲလိုလိုကြားနေရပြီး မထူးဆန်းလှချေ။

Luxury ကား ဝယ်ယူသူများမှာ တန်ဖိုးကြီး အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများဖြင့် တွေ့ရလေ့ရှိပြီး ၎င်းတို့၏ ဥစ္စာဓန ကြွယ်ဝချမ်းသာမှုကို အရောင်တဖြတ်ဖြတ်ဖြင့် လှစ်ဟပြသလေ့ရှိသည်။ထိုသို့ luxury ကားများ ဖြန့်ချိရောင်းချပေးသည့် အခမ်းအနားကို အရောင်းစင်တာ (သို့မဟုတ်) ဟိုတယ်၊ အပန်းဖြေစခန်းများတွင် သီးသန့် ပွဲလမ်းဖြင့် ပြုလုပ်လေ့ရှိကြသည်။

humble_family_takes_delivery_of_lamborghini_sterrato_97d26cef9f.jpg

အိန္ဒိယနိုင်ငံ၊ ဘင်္ဂလူရူ (ဘင်္ဂလိုဟုလည်းခေါ်) တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း Lamborghini Sterrato တစ်စင်း ရောင်းချပေးခဲ့သည့်ဖြစ်ရပ်မှာမူ တမူထူးခြားနေသည်။အဆိုပါ ဝယ်လက်မှာ ရူပီး ကုဋေပေါင်းများစွာ တန်ကြေးရှိသော Lamborghini Sterrato ကို အဝတ်အစား နွမ်းနွမ်းပါးပါးဖြင့် မိသားစုနှင့်အတူ ၎င်းတို့၏ နေအိမ်၌ လက်ခံရယူခဲ့ခြင်းဖြစ်သည်။

တန်ဖိုးကြီး အဝတ်အစား ၊ အသုံးအဆောင်ပစ္စည်းများ မတွေ့ရ။ ခမ်းနားကြီးကျယ်သော အခမ်းအနား မရှိ။ ၎င်းတို့ မိသားစုက Lamborghini Sterrato ကို ရူပီး ၅ ဒသမ ၄၄ ကုဋေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် အလွန်ဈေးကြီးလှသော ကားများ ဝယ်ယူသူတို့သည် ကားများ ဝယ်ယူသည့် အထိမ်းအမှတ်ကို အမှတ်တရအဖြစ် ခမ်းနားထည်ဝါစွာ လုပ်ဆောင်ကြလေ့ရှိသည်။ဘင်္ဂလူရူမှ မိသားစုမှာမူ ကားလက်ခံရယူရာတွင် မည်သည့်ခမ်းနားထည်ဝါမှုမှ မတွေ့ရချေ။ယခုဖြစ်ရပ်တွင် သားအဖနှစ်ဦးနှင့် ကျန်မိသားစုဝင်များကို ခပ်နွမ်းနွမ်း အိမ်နေရင်း အဝတ်အစားများဖြင့်သာ တွေ့ရသည်။

humble_family_takes_delivery_of_lamborghini_sterrato_fd4327aa1f.jpg

Lamborghini Bengaluru က မျှဝေလာသော ဓာတ်ပုံတွင် တွေ့ရမှုအရ အရောင်းဝန်ထမ်းထံမှ ကားသော့ လက်ခံရယူနေသော သားအဖကို တွေ့ရသည်။

ယခုဖြစ်ရပ်ကိုကြည့်လျှင် လူတိုင်း၌ မိမိတို့၏ အမှတ်တရနေ့ရက်များကို သီးခြားနည်းလမ်းများဖြင့် ကြိုဆိုလေ့ရှိရာ အမြဲတစေကား ကျယ်လောင်မှု၊ ခမ်းနားမှုများ တွေ့ရမည် မဟုတ်ချေ။ မည်သို့ဆိုစေ ၎င်းတို့၏ ရွေးချယ်မှုကို လေးစားရမည်သာပင်။အဆိုပါ မိသားစု၏ ဓာတ်ပုံမှာ အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ရိုက် ပျံ့နှံ့ခဲ့သည်။၎င်းတို့မှာ တွေ့ဖူးနေကြမြင်ကွင်းမျိုးနှင့် ခြားနားနေသည် မဟုတ်ပါလော။

humble_family_takes_delivery_of_lamborghini_sterrato_e467b95b47.jpg

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Dad And Son In 'Humble Clothes' Take Delivery Of Lamborghini Sterrato: Internet Goes Crazy (cartoq)