- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားမှ လူကုံထံရပ်ကွက်တစ်ခုတွင် ရင်းဂစ် ၅၀၀,၀၀၀ တန် Toyota Alphard ဖြင့် စတော်ဘယ်ရီသီးများ ရောင်းချရာ လူကုံထံတို့က ကြိတ်ကြိတ်တိုး ဝယ်ယူခဲ့ကြမှု မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ကျော်ကြားလျက်ရှိ
မလေးရှားမှ လူကုံထံရပ်ကွက်တစ်ခုတွင် ရင်းဂစ် ၅၀၀,၀၀၀ တန် Toyota Alphard ဖြင့် စတော်ဘယ်ရီသီးများ ရောင်းချရာ လူကုံထံတို့က ကြိတ်ကြိတ်တိုး ဝယ်ယူခဲ့ကြမှု မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ကျော်ကြားလျက်ရှိ
- 373 views
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ အနောက်မြောက်ဘက်မှ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Mont Kiara တွင် Toyota Alphard တစ်စင်းဖြင့် စတော်ဘယ်ရီသီးများ ရောင်းချခဲ့ပုံ ဗွီဒီယိုဖိုင်တစ်ခုမှာ Threads လူမှုကွန်ရက်၌ ပျံ့နှံ့ကျော်ကြားနေသည်။
ဗွီဒီယိုထဲတွင် တွေ့မြင်ရမှုအရ လူကုံထံရပ်ကွက်တွင် နေထိုင်သူတို့သည် နေပူပူအောက်တွင် လူတန်းရှည်ကြီး ဖြစ်သည်အထိ တန်းစီဝယ်ယူခဲ့ကြပုံကို တွေ့ရသည်။
နောက်ဘက်ဆီတွင် Mont Kiara ဟူသော ဆိုင်းဘုတ်ကိုလည်း တွေ့ရရာ ထိုနေရာတွင် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားတစ်ခုလည်း ဖြစ်သည်။
“ရင်းဂစ် ၅၀၀၀၀၀ တန် ကားနဲ့ စတော်ဘယ်ရီတွေ ရောင်းနေတာ…Mont Kiara မှာ ရောင်းနေတာကလည်း တကယ့်ထူးခြားချက်ပဲ” ဟု ဗွီဒီယိုကို caption ရေးသားထားသည်။
အဆိုပါဗွီဒီယိုမှာ လူမှုကွန်ရက်တွင် လျင်မြန်စွာ ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူများစွာက စတော်ဘယ်ရီရောင်းသူ၏ သမားရိုးကျမဟုတ်သော ဈေးရောင်းပုံကို ချီးကျူးခဲ့ကြသည်။
“အဲဒီရပ်ကွက်မှာနေထိုင်သူတွေက သူတို့ ကြိုတင်မှာယူထားတဲ့ စတော်ဘယ်ရီသီးတွေ ယူဖို့ တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒါက စူပါမာ့ကက်တွေမှာ ဝယ်တာထက် ပိုလတ်ဆတ်ပြီး ဈေးသက်သာလို့ပါ။ ဒီ စီးပွားရေးပုံစံက ကိုဗစ်ကတည်းက စခဲ့ပြီး ရပ်သွားမယ့်အလားအလာ မရှိပါဘူး။ တခြား စိုက်ပျိုးရေးလုပ်ငန်းရှင်တွေလည်း ဒီတိုင်းလုပ်ကြမယ်ဆိုတာ သေချာပါတယ်” ဟု clairekhoo အမည်ရှိ လူမှုကွန်ရက်သုံးစွဲသူက မှတ်ချက်ပြုသည်။
“ငွေရှာရာမှာ ကြိုးစားမှုနဲ့ နှိမ့်ချမှုကို ပြသတာပါပဲ။ ဒါက ကျွန်တော်တို့အားလုံး အတုယူသင့်ပါတယ်” ဟု damien_mikeng ဟူသောအကောင့်က ချီးကျူးစကားဆိုသည်။
အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာမူ “ဘာတွေများ အံ့သြစရာရှိလို့လဲ။ ဒီလိုမျိုး လမ်းပေါ်မှာ ကားနဲ့ ဈေးလိုက်ရောင်းတဲ့သူတွေမှ တပုံကြီး။ ကျွန်တော် CBS (စီးပွားရေး အတိုင်ပင်ခံကုမ္ပဏီ) မှာ လုပ်ခဲ့တုန်းက ဆမ်ဘာ ငရုတ်သီးဆော့စ် ရောင်းတဲ့သူက ကားနောက်ဘက်မှာ ဂက်စ်မီးဖိုတောင် ဆင်ထားသေးတယ်။” ဟု ဆိုသည်။
လူကုံထံရပ်ကွက်တွင် လူတန်းရှည်ကြီးဖြစ်သည်အထိ တန်းစီဝယ်ယူကြခြင်းကို အချို့က အံ့အားသင့်ကြသည်။
“လူတန်းရှည်ကြီးက အံ့သြလောက်စရာပဲ။ သူတို့ စတော်ဘယ်ရီသီး မမြင်ဖူးကြဘူးလားမသိဘူး။ Mont Kiara ကလူတွေဟာ စူပါမာ့ကက်ကြီးတွေမှာရောင်းတဲ့ ဂျပန်စတော်ဘယ်ရီတွေကိုပဲ ဝယ်စားကြတယ် ထင်နေတာ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: “RM500,000+ car selling strawberries” - Toyoto Alphard goes viral after allegedly selling strawberries from car boot in Mont Kiara