- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်ထုတ်ကားများမှာ အနောက်တိုင်း ကားများထက် နည်းပညာပိုင်း အပြတ်အသတ် သာလွန်သွားပြီ ဖြစ်ကြောင်း အမေရိကန်ထိပ်သီး ကားထုတ်လုပ်သူ Ford ၏ စီအီးအို Jim Farley ထုတ်ဖော်ဝန်ခံ
တရုတ်ပြည်ထုတ်ကားများမှာ အနောက်တိုင်း ကားများထက် နည်းပညာပိုင်း အပြတ်အသတ် သာလွန်သွားပြီ ဖြစ်ကြောင်း အမေရိကန်ထိပ်သီး ကားထုတ်လုပ်သူ Ford ၏ စီအီးအို Jim Farley ထုတ်ဖော်ဝန်ခံ
- 475 views
Ford ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ ဂျင်မ် ဖာလေ (Jim Farley) က ပြီးခဲ့သော သောကြာနေ့တွင် ပြောခဲ့သည်မှာ တရုတ်ပြည်၏ EV လုပ်ငန်းမှာ Ford အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပြီဖြစ်ကြောင်း ပြောသည်။
Aspen Ideas Festival တွင် စာရေးဆရာ ဝေါလ်တာ အိုင်ဆက်ဇန်က စီအီးအို ဖာလေအား တရုတ်ပြည်မှ EV ဈေးကွက်အကြောင်း မေးမြန်းခဲ့ရာတွင် ဖာလေက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း တရုတ်ပြည်သို့ ခရီးစဉ် ၇ ကြိမ်ခန့် သွားရောက်ခဲ့ကြောင်း ဂျင်မ် ဖာလေက ပြောသည်။
တရုတ်ပြည် EV တို့၏ နည်းပညာမှာ မယုံနိုင်လောက်အောင် အံ့အားသင့်စရာကောင်းပြီး မိမိတို့ မည်မျှ နောက်တွင် ကျန်ခဲ့ပြီကို သုံးသပ်မိကြောင်း၊ ကမ္ဘာပေါ်တွင် ရောင်းချနေသော EV တို့၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ပြည်မှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖာလေက ပြောသည်။
“သူတို့ဟာ ကားအတွင်းပိုင်း နည်းပညာတွေမှာ အပြတ်အသတ် သာလွန်သွားပါပြီ။ Huawei နဲ့ Xiaomi ရဲ့ နည်းပညာတွေဟာ ကားတိုင်းမှာ တွေ့ရပါတယ်” ဟု ဖာလေက ဆိုသည်။
အနောက်တိုင်းထုတ်ကားများနှင့် ကွာခြားသည့်အချက်မှာ လူက ဖုန်းနှင့် ကားကို bluetooth ဖြင့် တကူးတက ချိတ်ဆက်နေစရာမလိုဘဲ instant phone to car sync လုပ်ဆောင်ခြင်း ဖြစ်သည်။ ဖုန်းတွင်သုံးသည့်အကောင့်အားလုံးနှင့် app အားလုံးကို ကားတွင် တိုက်ရိုက်အသုံးပြုနိုင်သည်။ ထို့ကြောင့် Apple CarPlay နှင့် Android Auto တို့ကိုသာ မှီခိုနေရသော အနောက်တိုင်းကားများ ခေတ်နောက်ကျ ကျန်ခဲ့ပြီဟု ဖာလေက ပြောခြင်း ဖြစ်သည်။
Ford အနေဖြင့် အဆိုပါ နည်းပညာများကို တရုတ်ပြည်ထုတ်ကားများနည်းတူ မိမိတို့၏ ကားများတွင် ထည့်သွင်းမပေးနိုင်သည့် အကြောင်းရင်းမှာ Google နှင့် Apple ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများက ကားနယ်ပယ်သို့ မဝင်ရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်ကြောင်း ဖာလေက အိုင်ဆက်ဇန်ကို ပြောပြသည်။
“ဒါ့အပြင် ကားဈေးနှုန်းနဲ့ အရည်အသွေးက အနောက်နိုင်ငံတွေမှာ ကျွန်တော်တွေ့ရတာထက် အပြတ်အသတ် သာလွန်နေပါတယ်” ဟု ဖာလေက ပြောသည်။“တရုတ်ပြည်နဲ့ တစ်ကမ္ဘာလုံး ယှဉ်ပြိုင်ရမှု ဖြစ်ပေါ်နေပါတယ်။ EV မှာတင် မဟုတ်ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ ရှုံးသွားရင် အနာဂတ်မှာ Ford မရှိနိုင်တော့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဖာလေသည် ၂၀၂၄ ခုနှစ်အတွင်းကလည်း တရုတ်ပြည်မှ နည်းပညာ ထိပ်သီးကုမ္ပဏီကြီး Xiaomi ကို အရာအားလုံးကို နင်းကြိတ်ဖြတ်ကျော်သွားမည့် စက်ယန္တရားကြီးတစ်ခုအဖြစ် တင်စားပြောဆိုခဲ့ပြီး ကားကုမ္ပဏီများထက် ပိုမိုအားကောင်းကြောင်း ပြောဆိုခဲ့သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်လွှင့်ခဲ့သော "The Fully Charged Podcast" တွင် ဖာလေက Xiaomi ကို ချီးကျူးပြောဆိုခဲ့ခြင်း ဖြစ်သည်။“ပြိုင်ဆိုင်မှုတွေအကြောင်း အများကြီးမပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်စီးနေတာ Xiaomi ပါ” ဟု ဖာလေက ဆိုသည်။
ဖာလေစီးသောကားမှာ Xiaomi ထုတ် Xiaomi Speed Ultra 7 ဖြစ်သည်။
“ရှန်ဟိုင်းကနေ ချီကာဂိုကို ကျွန်တော် တစ်စင်းမှာယူခဲ့တာဖြစ်ပါတယ်။ ကျွန်တော်စီးနေတာ ၆ လရှိပါပြီ။ တခြားကား ပြောင်းမစီးချင်ပါဘူး” ဟု ဖာလေက ဆက်လက်ပြောကြားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ford's CEO says China's EV progress is 'the most humbling thing' he's ever seen (businessinsider)