ဗြိတိန်နိုင်ငံသားတစ်ဦး၏ Lamborghini ခိုးယူခံရပြီး ထိုင်းသို့ ရောက်ရှိသွားကာ ၈ နှစ်အကြာတွင် ပြန်လည်ရရှိခဲ့ပုံ

  • 1259 views

lamborghini-volee-1.jpg

ယခုဖြစ်ရပ်သည်ကား တန်ဖိုးကြီးကားများ၊ နိုင်ငံဖြတ်ကျော် လိမ်လည်မှုများဖြင့် အက်ရှင်ရုပ်ရှင် ဇာတ်လမ်း တစ်ပုဒ်သဖွယ် မှတ်ထင်ရသည်။

၂၀၁၆ ခုနှစ်အတွင်း ဗြိတိန် YouTuber တစ်ဦးဖြစ်သူ မာ့ခ် မက်ကန် (Mark McCann) သည် သံပုရာစိမ်းရောင် Lamborghini Flamboyant Huracán Spider တစ်စင်းကို ပေါင် ၂၀၀၀၀၀ (ယူရို ၂၃၅၀၀၀) ဖြင့် ဝယ်ယူခဲ့သည်။ထိုကားကို ဝယ်မိခြင်းမှာ မိမိဘဝတွင် အဆိုးဝါးဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း မာ့ခ်က ပြောသည်။

lamborghini-volee-4.jpg

မာ့ခ်က Lamborghini ကို ဝယ်ခဲ့ခြင်းမှာ အပျော်စီးသက်သက်အတွက် မဟုတ်။သူ၏ လက်တွဲဖော် Mo နှင့်အတူ ပြိုင်ကားအငှားလုပ်ငန်းတစ်ခု တည်ထောင်ထားသည်။၎င်းတို့၏ အစီအစဉ်မှာ ရိုးစင်းသည်။ တစ်ရက်လျှင် ပေါင် ၈၀၀ ဖြင့် ငှားရမ်းကာ အမြတ်အစွန်းရရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ကနဦး လအနည်းငယ်အတွင်း မာ့ခ်၏ အစီအစဉ်မှာ အလုပ်ဖြစ်နေခဲ့သည်။

သူ၏ ရုံးဖုန်းမှာ မနားရလောက်အောင် ဆက်သွယ်ပြောဆိုနေရပြီး Lamborghini မှာ နေ့စဉ်နီးပါး ငှားရမ်းမှုများ ရှိခဲ့သည်။ထိုသို့သော အချိန်တွင် ပြဿနာမှာ စတင်ဝင်ရောက်လာခဲ့သည်။Customer တစ်ဦးက Lamborghini ကို တစ်လခန့် ငှားလိုကြောင်း ဆက်သွယ်ပြောကြားလာရာ မာ့ခ်က လက်ခံလိုက်ပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ကားကို ပို့ဆောင်ပေးခဲ့သည်။ ပြဿနာမှာ ထိုအချိန်မှ အစပျိုးသည်။

((ဟိသရိုးမှ ဘန်ကောက်သို့))

lamborghini-volee-3.jpg

ငှားရမ်းသွားပြီး ၂ ရက်အကြာတွင် ကားမှာ ဟိသရိုးလေဆိပ်တွင်ရှိနေပြီး မည်သည့်နေရာသို့မှ သွားလာခြင်း မရှိကြောင်း GPS ခြေရာခံစနစ်အရ သိရသည်။သို့နှင့် သိလိုစိတ်ပြင်းပြလာသော မာ့ခ်နှင့် Mo တို့ စုံတွဲမှာ လေဆိပ်သို့ သွားခဲ့ကြသည်။သို့သော် များစွာနောက်ကျသွားလေပြီ။Lamborghini မှာ ထိုင်းနိုင်ငံသို့ သွားမည့် လေယာဉ်ဖြင့် ပါသွားခဲ့ပြီ ဖြစ်သည်။

မာ့ခ်လည်း တုန်လှုပ်သွားပြီး ကားပြန်လည်ရရှိရန် ဘန်ကောက်သို့ လူ ၂ ဦး စေလွှတ်ခဲ့သည်။ဘန်ကောက်တွင် လိုက်လံရှာဖွေရာ အရောင်းပြခန်းတစ်ခု၌ Lamborghini ကို ပြန်တွေ့သည်။သို့သော် ကိုယ်ထည်ကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားပြီး spoiler တစ်ခု တပ်ဆင်ထားကာ ထိုင်းနံပါတ်ပြားဖြင့် အရောင်းတင်ထားခြင်း ဖြစ်သည်။မာ့ခ်မှာ သော့အပိုတစ်ချောင်းရှိနေသည့်တိုင် ဘာမှလုပ်မရ ဖြစ်နေသည်။

ထိုင်းရဲတစ်ဦးက မာ့ခ်အား လာဘ်ငွေတောင်းခံခဲ့ပြီး ရဲတစ်ဦးက ပြောသည်မှာ “အဲဒီလူက ကြောက်ဖို့ကောင်းတယ်။ ညဘက်ကို အပြင်မထွက်နဲ့” ဟု သတိပေးခဲ့သည်ဟု ဆိုသည်။မာ့ခ်တို့လည်း မည်သို့မှ မတတ်နိုင်ဘဲ အင်္ဂလန်သို့ ပြန်ခဲ့ကြသည်။

အင်္ဂလန်မှ ‘အမျိုးသား မော်တော်ယာဉ် ရာဇဝတ်မှု ထောက်လှမ်းရေးဌာန - NAVCIS’ မှ စုံစမ်းဖော်ထုတ်ချက်အရ ခိုးယူခံခဲ့ရသော ကားများအားလုံးအကြောင်းကို ဖော်ထုတ်နိုင်ခဲ့သည်။ဗြိတိန်မှ ကားပေါင်း ၃၅ စင်းမှာ ခိုးယူခံခဲ့ရပြီး လေကြောင်းဖြင့် ဘန်ကောက်သို့ တင်ပို့ ရောင်းချခြင်းခံခဲ့ရကာ တန်ကြေးအားဖြင့် ပေါင် ၆ ဒသမ ၅ သန်းဖိုးရှိသည်ဟု ဆိုသည်။ယခုအခါ ကားခိုးဂိုဏ်းခေါင်းဆောင်မှာ ထိုင်းနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်ရန် စောင့်ဆိုင်းလျက်ရှိသည်။

lamborghini-volee-2.jpg

((၈ နှစ်ကြာသောအခါ….))

မာ့ခ်၏ Lamborghini ခိုးယူခံရအပြီး ၈ နှစ်အကြာတွင် တရားရေးကိစ္စများ အပြီးသတ်ကာ ထိုင်းအာဏာပိုင်တို့က မာ့ခ်၏ Lamborghini ကို ဗြိတိန်သို့ ပြန်လည်တင်ပို့ပေးခဲ့သည်။ အံ့အားသင့်ဖွယ်ကောင်းစွာပင် သူ၏ Lamborghini မှာ ခိုးယူမခံရမီကထက် ပိုမိုကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။

ကိုယ်ထည်အသစ်၊ စက်ပိုင်းအသစ်တို့ဖြင့် တွေ့ရသည်။ ထိုင်းအာဏာပိုင်တို့က အဆိုပါကားကို မမောင်းဘဲ ဂိုဒေါင်တစ်ခုထဲတွင် သိမ်းထားခြင်းဖြစ်ကြောင်း ပြောသော်လည်း Odometer တွင် မိုင် ၁၅၀၀၀ ခန့် စီးထားကြောင်း ပြသနေသည်။မာ့ခ်က အဆိုပါကားကို အငှားအတွက်သာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခင်က တစ်ခါမှ မမောင်းဖူးချေ။

ကားပြန်လည်ရရှိချိန်တွင်ကား ကားပေါ်တက်ကာ မောင်းကြည့်မိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: He rents his Lamborghini... stolen, it reappears 8 years later in Thailand (italpassion)