- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒူဘိုင်းလေဆိပ်ရှိ ကားပါကင်တွင် လွန်ခဲ့သော ၁၄ နှစ်ကတည်းက ရပ်ထားခဲ့သော ယူရို ၄ သန်းတန် Ferrari Enzo တစ်စင်းအကြောင်း
ဒူဘိုင်းလေဆိပ်ရှိ ကားပါကင်တွင် လွန်ခဲ့သော ၁၄ နှစ်ကတည်းက ရပ်ထားခဲ့သော ယူရို ၄ သန်းတန် Ferrari Enzo တစ်စင်းအကြောင်း
- 758 views
Ferrari ၏ အထင်ကရအရှိဆုံးမော်ဒယ်များတွင် Ferrari Enzo လည်း တစ်ခုအပါအဝင် ဖြစ်သည်။
ဒဏ္ဍာရီဆန်ကာ ရှားပါးသည့် မော်ဒယ်ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အကြား အစင်းရေ ၄၀၀ သာ ထုတ်လုပ်ထားသော မော်ဒယ်ဖြစ်သည်။ကာလပေါက်ဈေး ယူရို ၄ သန်းခန့်ရှိသော Ferrari Enzo တစ်စင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက ဒူဘိုင်းလေဆိပ် ကားပါကင်တစ်ခုတွင် စွန့်ပစ်ချန်ရစ်ထားခြင်းခံခဲ့ရသည်။ နောက်ဆုံးတွင်မူ ဒူဘိုင်းရဲတပ်ဖွဲ့က သိမ်းယူခဲ့ပြီး ရဲတပ်ဖွဲ့ဂိုဒေါင်တစ်ခုတွင် သိမ်းဆည်းထားခဲ့သည်။
((စွန့်ပစ်ခံ ပြိုင်ကား….))
Ferrari Enzo မှာ Ferrari ၏ တည်ထောင်သူ Enzo Ferrari ကို ရည်စူးကာ tribute အနေဖြင့် ၂၀၀၀ ပြည့်လွန်အစောပိုင်းကာလများတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
6.0L V12 အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 650 hp နှင့် ရုန်းအား 657 Nm ရှိသည်။
6-speed robotized ဂီယာသုံးထားပြီး အလေးချိန်မှာ ၁၃၆၅ ကီလိုဂရမ်သာရှိသည်။
0 to 100 km/h မြန်နှုန်းကို ၃ ဒသမ ၇ စက္ကန့်အတွင်းရနိုင်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ 350 km/h ဖြစ်သည်။
ဒူဘိုင်းနိုင်ငံတကာလေဆိပ်ရှိ ကားပါကင်တွင် အနီရောင် Ferrari Enzo တစ်စင်းကို ဂျာဗစ် မိုဟာမက် (Javed Mohammed) အမည်ရှိ ဗြိတိန်နိုင်ငံသားတစ်ဦးက ၂၀၁၁ ခုနှစ်ကတည်းက ချန်ရစ် စွန့်ပစ်သွားခဲ့သည်။ ဂျာဗစ်သည် ဗြိတိန်တွင် ပေါင် သန်း ၂၅၀ အခွန်ရှောင်လွှဲမှု အရှုပ်တော်ပုံများ ရှိနေသူတစ်ဦး ဖြစ်သည်။ ထိုကားသည် လပေါင်း ၂၀ ကျော် ကားရပ်နားခ မပေးဆောင်သည့်နောက်ပိုင်း အာဏာပိုင်တို့က သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။
((တရားရုံးကအမှု))
Ferrari Enzo သည် ဒူဘိုင်းတွင် စွန့်ပစ်သွားခဲ့ကြသော အခြား luxury ကားများကဲ့သို့ လေလံတင်ကာ ချက်ချင်းရောင်းချနိုင်ခဲ့ခြင်း မရှိချေ။နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) က အဆိုပါ မော်တော်ကား ဝယ်ယူရာတွင် အသုံးပြုခဲ့သည့်ငွေ မည်သို့မည်ပုံ ရရှိသည်နှင့် ပတ်သက်ပြီး သံသယရှိနေသည်။သို့ကြောင့် ကာလကြာရှည် မပြီးပြတ်နိုင်သော တရားရုံး ကြားနာမှုတွင် Ferrari Enzo မှာ သက်သေခံပစ္စည်းအဖြစ် ရှိနေခဲ့ရပြီး ရောင်းချခြင်းသာမက display အနေဖြင့် ပြသခြင်းပင် ဆောင်ရွက်ခွင့် မရှိခဲ့ချေ။
Al Qusais ရဲတပ်ဖွဲ့၏ ဂိုထောင်တွင် သိမ်းဆည်းထားရှိပြီး ကန္တာရဒေသ၏ ပြင်းထန်သော အပူချိန်နှင့် ရာသီဥတုအောက်တွင် နှစ်ပေါင်းများစွာ ဖြတ်သန်းကာ ဖုန်များ၊ သဲများ အလိမ်းလိမ်းထနေသည်။ လူမှုကွန်ရက်တွင် တွေ့ရသော ဗွီဒီယိုဖိုင်များနှင့် ဓာတ်ပုံများအရ အဆိုပါ Ferrari Enzo ၏ ကိုယ်ထည်မှာ ယိုယွင်းသည့် အခြေအနေများရှိလာသည်ကို တွေ့ရသည်။
((A record sale... kept secret))
၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် ယခု Ferrari Enzo ၏ သတင်းများ ပြန်လည်ထွက်ပေါ်လာပြန်သည်။ ဒူဘိုင်းရဲတပ်ဖွဲ့ သိမ်းယူခဲ့သော luxury ကားများကို လေလံတင်ရောင်းချမည်ဟူသော သတင်းနှင့် အတူ အချို့သော သတင်းမီဒီယာတို့က ဒူဘိုင်းတရားရုံးက လေလံတင်ရောင်းချခဲ့မှုများ အနက် စံချိန်တင် ဈေးအကြီးဆုံးဖြစ်လာမည်ဟု ရေးသားမှုများ ရှိလာသည်။
လေလံပွဲတွင် အခြားသော Porsches, McLarens, Lamborghinis နှင့် Rolls-Royces တို့ အပါအဝင် ယခု Ferrari Enzo လည်း ပါဝင်လာမည်ဟု ပြောဆိုမှုများ ရှိနေသည်။သို့သော် တရားဝင်ဈေးနှုန်းအချက်အလက်များ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A €4 million Ferrari Enzo abandoned in a Dubai airport parking lot