Leapmotor ၏ စီအီးအိုက အနာဂတ်တွင် အလတ်စားမှ အကြီးစား SUV တို့၏ ဈေးနှုန်းမှာ ဒေါ်လာ ၇,၀၀၀ ခန့်သာ ဖြစ်သင့်ကြောင်းပြောကြား

  • 376 views

122052381-e1749692910204-768x433.jpg

Leapmotor ၏ စီအီးအို ကျူးကျန်းမျင် (Zhu Jiangming) က ထုတ်လုပ်မှုစရိတ် ကျဆင်းလာသည်နှင့်အမျှ အနာဂတ်တွင် ကားထုတ်လုပ်သူများအနေဖြင့် အလတ်စားမှ အကြီးစား SUV များကို ယွမ် ၅၀၀၀၀ (ကန်ဒေါ်လာ ၇၀၀၀) ဖြင့် ရောင်းချသင့်ကြောင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မကြာသေးမီက ပြောသည်။

မစ္စတာကျူးက လက်ရှိ လျှပ်စစ်ပစ္စည်းများ၏ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပြရာ လက်မ ၁၀၀ ရုပ်သံစက်တစ်လုံးမှာ လက်ရှိအချိန်တွင် ယွမ် ၅၀၀၀ မှ ၆၀၀၀ ကြား (ကန်ဒေါ်လာ ၇၀၀ မှ ၈၄၀ ကြား) သာရှိပြီး ၁ ကောင်အား လေအေးပေးစက်တစ်လုံးကို ယွမ် ၁၁၀၀ ကျော် (၁၅၄ ဒေါ်လာ) သာ ပေးရကြောင်း ပြောသည်။

နည်းပညာ အဆင့်မြင့်လာမှု (အထူးသဖြင့် chip များကို ပေါင်းစပ်နိုင်လာမှု) သည် မော်တော်ယာဉ် ထုတ်လုပ်မှု စရိတ်များကို သိသာစွာ ကျဆင်းစေမည်ဖြစ်ကြောင်း မစ္စတာကျူးက ပြောသည်။

ဇွန်လ ၁၁ ရက်က Leapmotor သည် ဟောင်ကောင်တွင် ပထမဆုံးအရောင်းပြခန်း ဖွင့်လှစ်ခဲ့ပြီး ဟောင်ကောင် ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုလျှင် Leapmotor ၏ ၁၅၀၀ မြောက် အရောင်းပြခန်းလည်း ဖြစ်သည်။

 

image-142-768x554.jpg
(Leapmotor ၏ စီအီးအိုး ကျူးကျန်းမျင်)

ဟောင်ကောင်သည် နှစ်စဉ် စုစုပေါင်း ကားအစင်းရေ ၄၀၀၀၀ မှ ၅၀၀၀၀ ကြားသာ ရောင်းအားရှိသည့်နေရာဖြစ်ရာ အတော်သေးငယ်သည့် ဈေးကွက်ဖြစ်သော်လည်း Leapmotor အကြောင်းကို ကမ္ဘာက သိမြင်နိုင်မည့် ပြတင်းပေါက်တစ်ခုဖြစ်ကြောင်း စီအီးအို ကျူးကျန်းမျင်က ပြောသည်။

ဟောင်ကောင်၏ NEV ဈေးကွက်မှာ လျင်မြန်စွာ ဖွံ့ဖြိုးလာနေသည်။

ဟောင်ကောင် သယ်ယူပို့ဆောင်ရေးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တာ ကာလအတွင်း ကားအစင်းရေ ၂၆၆၃၂ စင်း လိုင်စင်ဝင်ခဲ့သည့်အနက် ၇၅ ဒသမ ၃ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများဖြစ်ပြီး အစင်းရေအားဖြင့် ၂၀၀၅၂ စင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်ကာလအတွင်းတွင်လည်း လျှပ်စစ်ကားများ ရောင်းအားကောင်းခဲ့ပြီး အစင်းရေ ၉၉၄၀ လိုင်စင်ဝင်ခဲ့ကြသည်။

ဟောင်ကောင်ဈေးကွက်မှာ Leapmotor အတွက် ပြိုင်ဆိုင်မှု ပြင်းထန်သည်။

image-143-768x512.jpg

တရုတ်ပြည်မှ လျှပ်စစ်ကား အမှတ်တံဆိပ်များစွာ ဟောင်ကောင်ဈေးကွက်သို့ ဝင်ရောက်ခဲ့ကြပြီးဖြစ်ရာ BYD နှင့် ၎င်း၏ အမှတ်တံဆိပ်ခွဲဖြစ်သော Denza ၊ SAIC ၏ MG နှင့် Maxus ၊ GAC ၏ Aion တို့ အပါအဝင် ဖြစ်သည်။

ထို့အပြင် Xpeng, Zeekr နှင့် Seres တို့သည်လည်း Leapmotor ၏ ရှေ့ကျစွာ ဟောင်ကောင်ဈေးကွက်သို့ ဝင်ရောက်ခဲ့ကြပြီး ဖြစ်သည်။

Leapmotor ၏ လက်ရှိ lineup မှာ အဓိကအားဖြင့် SUV များ ဖြစ်သည်။

Leapmotor C10 မှာ mid-size SUV ဖြစ်ပြီး EREV နှင့် pure electric ဗားရှင်းများ ရွေးစရာ ရှိသည်။

image-145-768x512.jpg

Leapmotor C11 သည်လည်း mid-size SUV ဖြစ်သော်လည်း C10 ထက် ပိုမိုကြီးမားသည်။

Leapmotor C16 မှ Mid size မှ large size အထိ ရှိပြီး six-seat layout ဖြစ်ကာ မိသားစုဝင် များပြားသူတို့အတွက် သင့်တော်သည်။

အဆိုပါ မော်ဒယ်များကို ဈေးတန်း ယွမ် ၁၂၀,၀၀၀ မှ ၂၀၀,၀၀၀ ကြား (ကန်ဒေါ်လာ ၁၆,၈၀၀ မှ ၂၈,၀၀၀ ကြား) ဖြင့် ရနိုင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Leapmotor’s CEO: 7,000 USD would be a reasonable price for mid-to-large SUVs in the future (carnewschina)