- ပင်မစာမျက်နှာ
- ကားသတင်းများ
- Ford မော်တော်ကားကုမ္ပဏီ တည်ထောင်သူ ဟင်နရီဖို့ဒ်၊ ကမ္ဘာကျော် အင်ဂျင်နီယာကြီး ချားလ်စ် စတိုင်းမက်ဇ်နှင့် မီးစက်ပြင်ခ ဒေါ်လာ ၁၀၀၀၀ ၏ ဖြစ်ရပ်မှန်ဇာတ်ကြောင်း
Ford မော်တော်ကားကုမ္ပဏီ တည်ထောင်သူ ဟင်နရီဖို့ဒ်၊ ကမ္ဘာကျော် အင်ဂျင်နီယာကြီး ချားလ်စ် စတိုင်းမက်ဇ်နှင့် မီးစက်ပြင်ခ ဒေါ်လာ ၁၀၀၀၀ ၏ ဖြစ်ရပ်မှန်ဇာတ်ကြောင်း
- 713 views
((မှတ်ချက်။ ယခုဖော်ပြမည့် အကြောင်းအရာများမှာ နာရာယန်းအမည်ရှိ ဆောင်းပါးရှင်တစ်ဦးရေးသားသော ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်းဖြစ်ပါသည်။)
((ဘယ်နေရာမှာ ကြက်ခြေခတ် မှတ်သားရမလဲဆိုတာ သိခြင်း))
နည်းပညာနယ်၏ သမိုင်းကြောင်း လေ့လာရခြင်းကို ကျွန်ုပ်ဝါသနာထုံခဲ့သည်မှာ စတိုင်းမက်ဇ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ ဘဝကို လေ့လာမိခြင်းမှ အရင်းခံခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။စတိုင်းမက်ဇ်သည် ခေတ်အမျိုးမျိုးကို ဖြတ်သန်းခဲ့သူဖြစ်၏။၎င်းဖြတ်သန်းခဲ့သော ခေတ်က နည်းပညာမှာ ဖွံ့ဖြိုးစသာရှိသေးသည်။ မဖော်ထုတ်နိုင်သေးသည့် နည်းပညာများစွာရှိနေသေးသည်။သို့အတွက် သမားရိုးကျ ကိရိယာများ၊ စာရွက်၊ ဘောပင် အစရှိသည်တို့သာ အသုံးပြုခဲ့ရ၏။ဤသည်ကား ချားလ်စ် ပရိုတီယပ်စ် စတိုင်းမက်ဇ် (Charles Proteus Steinmetz) ၏ ဘဝဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။
စတိုင်းမက်ဇ် (မွေး ၁၈၂၆- ကွယ်လွန် ၁၉၂၃) သင်္ချာပညာရှင်၊ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး နယူးယောက်ရှိ Union College တွင် ပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။သူသည် ပရပ်ရှားနိုင်ငံ၊ Silesia ပြည်နယ် (ယနေ့ခေတ် ပိုလန်နိုင်ငံ) တွင် မွေးဖွားပြီး နောင်အခါ ၁၈၈၉ ခုနှစ်တွင် အမေရိကန်သို့ ပြောင်းရွှေ့ခဲ့သည်။သူသည် အင်ဂျင်နီယာတို့အတွက် သင်္ချာသီအိုရီများစွာ ဖော်ထုတ်ပေးခဲ့သူဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် မူပိုင်ခွင့်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ထားသည်။သူသည် General Electric ၏ အထူးချွန်ဆုံးပညာရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။
ကျွန်ုပ် တာဝန်ထမ်းဆောင်ခဲ့စဉ်က GE ၏ သမိုင်းဝင် Schenectady စက်ရုံတွင်ဖြစ်ပြီး ကျွန်ုပ်၏ အဖွဲ့မှာ စက်ရုံ၏ ရှေးအကျဆုံးဖြစ်သော အဆောက်အအုံ အမှတ် ၂ တွင် အခြေစိုက်ခဲ့ကြသည်။အဆောက်အအုံကြီးက အခွံသက်သက်နီးပါးဖြစ်နေခဲ့ပြီး ကျွန်ုပ်တို့အဖွဲ့သည်သာလျှင် ကျယ်ပြောလှသော၊ စကားပြောလိုက်လျှင် ပဲ့တင်ရိုက်ခတ်နေသော ခန်းမကြီးများထဲတွင် ရှိသည်။
ကျွန်ုပ်၏ အားလပ်ချိန်များတွင် လူသူကင်းမဲ့သော ရုံးခန်းများထဲတွင် လှည့်ပတ်လေ့လာခဲ့ပြီး တစ်ချိန်က မည်သို့ အုတ်အုတ်ကျက်ကျက်ရှိခဲ့မည်ကို မှန်းဆမှန်းမျှော်မိပါသည်။လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဤနေရာကြီးတွင် ထောင်နှင့်ချီသော အလုပ်သမားများ၊ရာနှင့်ချီသောအင်ဂျင်နီယာများ ပျားပန်းခတ် သက်ဝင်လှုပ်ရှားခဲ့ကြဖူးမည်။ ယခုအခါတွင်ကား တိတ်ဆိတ်မှုသာ မင်းမူနေသည်။အဆောက်အအုံ၏ မြေတိုက်ခန်းတွင် ဓာတ်ခွဲခန်းတစ်ခု ရှိခဲ့သည်။ ထိုဓာတ်ခွဲခန်းသည် စတိုင်းမက်ဇ် အလုပ်လုပ်ရာနေရာ ဖြစ်ခဲ့၏။
သမိုင်းအချက်အလက်= GE ၏ သုတေသနဓာတ်ခွဲခန်းကို စတိုင်းမက်ဇ်၏ အကြံပြုချက်အရ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
((စတိုင်းမက်ဇ်နှင့် ဟင်နရီဖို့ဒ်၏ စိတ်ဝင်စားဖွယ် ပုံပြင်))
ယခုဖြစ်ရပ်ကို မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) ၏ အဓိပတိဖြစ်သူ Charles M. Vest က ၁၉၉၉ ခုနှစ်၊ ဇွန်လ ၄ ရက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောပြခဲ့ခြင်းဖြစ်သည်။
တစ်ခါတွင် ဟင်နရီ ဖို့ဒ်၏ စက်ရုံတွင် ဓာတ်အားပေးစက်ကြီးတစ်ခု ပျက်သွားရာ စက်ရုံရှိ အင်ဂျင်နီယာ တစ်ဦးမှ ပြန်ကောင်းအောင် မပြင်နိုင်ခဲ့ချေ။ထိုအခါ ဟင်နရီဖို့ဒ်က ချားလ်စ် စတိုင်းမက်ဇ်ကို ခေါ်ယူခဲ့သည်။ စတိုင်းမက်ဇ်သည် အရပ် ၄ ပေသာရှိသော်လည်း လျှပ်စစ်အင်ဂျင်နီယာဘက်တွင် တစ်ဖက်ကမ်းခတ်သူအဖြစ် ယနေ့တိုင် ကျော်ကြားသူဖြစ်သည်။သူသည် ခဲတံ၊ မှတ်စုစာအုပ်တစ်အုပ်၊ ခေါက်ကုတင်တစ်လုံးနှင့်အတူ ရောက်လာသည်။သူသည် ဓာတ်အားပေးစက်ကြီးကို ၂ ရက်ခန့် ကြည့်ရှုလေ့လာကာ တိတ်ဆိတ်စွာဖြင့်ပင် အသေးစိတ် တွက်ချက်၏။အချိန်ယူ တွက်ချက်ပြီးချိန်တွင် လှေကားတစ်ခုနှင့် မြေဖြူခဲတစ်ခုတောင်းကာ ဓာတ်အားပေးစက်ကြီးပေါ် လှေကားဖြင့် တက်ပြီး တစ်နေရာတွင် ကြက်ခြေခတ် အမှတ်အသား ပေးလိုက်သည်။
“ဒီအပြားကို ဖယ်ပြီး ဝိုင်ယာ ၁၆ ပတ် ဖြုတ်လိုက်ပါ”
အင်ဂျင်နီယာတို့လည်း စတိုင်းမက်ဇ် ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ကြရာ ဓာတ်အားပေးစက်ကြီးမှာ စက်ပြန်နိုးလာသည်ဟု ဆိုသည်။ရက်အနည်းငယ်အကြာတွင် စတိုင်းမက်ဇ်က ပြင်ဆင်စရိတ် တောင်းခံလွှာ ပေးပို့လိုက်ကာ စက်ပြင်ခ ဒေါ်လာ ၁၀၀၀၀ တောင်းခံခဲ့သည်။ ထိုခေတ်ငွေတန်ဖိုးအရ ဒေါ်လာ ၁၀၀၀၀ ဟူသည်မှာ မနည်းမနော ပမာဏပင်။
ဟင်နရီဖို့ဒ်မှာ အလွန်အံ့အားသင့်သွားကာ ကုန်ကျစရိတ်ကို အသေးစိတ်ဖော်ပြရန် ပြောရာ စတိုင်းမက်ဇ်က အောက်ပါအတိုင်း ကုန်ကျစရိတ်အသေးစိတ်ကို ဖော်ပြကာ အကြောင်းပြန်ခဲ့သည်။
▬ မြေဖြူခဲဖြင့် ကြက်ခြေခတ်မှတ်ခ= ၁ ဒေါ်လာ
▬ မည်သည့်နေရာတွင် ရေးမှတ်ရမည်ကို သိသည့်ပညာကြေး= ၉၉၉၉ ဒေါ်လာ
ဟု ဖြစ်လေသည်။
((တကယ်လား၊ ပုံပြင်လား))
အထက်ပါ ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်း ဟုတ်၊ မဟုတ် လေ့လာရှာဖွေခဲ့ရာ အသံဖိုင်ဟောင်းတစ်ခုကို ကျွန်ုပ် ရှာဖွေတွေ့ရှိခဲ့ပါသည်။အဆိုပါ အသံဖိုင်ထဲတွင် ပြောကြားထားမှုများမှာ လက်ခံနိုင်ဖွယ်ရှိသည်။
စတိန်းမက်ဇ်သည် မည်သည့်ကြက်ခြေခတ် အမှတ်အသားမှ ရေးမှတ်ခဲ့ခြင်းမရှိသကဲ့သို့ တူဖြင့် ထုကာ အသံနားထောင်သည်ဟူသော ပြောဆိုမှုများမှာလည်း မဟုတ်မှန်။ ဝိုင်ယာ ၁၆ ပတ် ဖြုတ်ပစ်ရန် ပြောဆိုခဲ့ခြင်းလည်း မရှိ။
ဓာတ်အားပေးစက်နှင့် ဟင်နရီဖို့ဒ်က ပြုပြင်ခိုင်းမှုမှာ အမှန်ဖြစ်သည်။စတိန်းမက်ဇ်သည် လှေကားတစ်ခုနှင့် ပစ္စည်းကိရိယာများယူဆောင်ကာ ဓာတ်အားပေးစက်ကို ကိုယ်တိုင်ပြုပြင်ခဲ့သည်။စက်ပြင်ခ ဒေါ်လာ ၁၀၀၀၀ တောင်းခဲ့သည်မှန်၏။ ဟင်နရီဖို့ဒ်က အမျိုးအမည်ခွဲကာ ကုန်ကျစရိတ် စာရင်းပေးပို့ရန် ပြောဆိုသောအခါ လှေကားဖြင့် တက်ကာ လုပ်ဆောင်ရမှုအတွက် ၁ ဒေါ်လာနှင့် ပညာကြေး ၉၉၉၉ ဒေါ်လာ တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The Real Story Behind Charles Steinmetz and Ford’s $10,000 Generator Fix (riteinsyts)