၁၀ စက္ကန့်လျှင် ကား ၁ စင်းနှုန်း ထုတ်လုပ်နေသော ကမ္ဘာ့အကြီးမားဆုံး ကားစက်ရုံကြီး

  • 1359 views

hyundai-ulsan-plant-official-3.jpg

Morning Christina သင်္ဘောကြီးပေါ်တွင် Hyundai မှ ထုတ်လုပ်သော ကားအသစ်စက်စက်များ ထောင်ချီကာ အပြည့်အသိပ်ရှိနေသည်။

အလျား ၃၈၀ မီတာ ရှည်လျားသော သင်္ဘောကြီး၏ deck ၁၁ ခုတွင် တင်ဆောင်ထားသော ကားများအနက် အစင်းရေ ၆၀၀၀ မှာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ကယ်လီဖိုးနီးယားသို့ ရောက်ရှိမည်ဖြစ်သည်။“၁၃ ရက်လောက် ကြာမှာပါ။ ပြီးရင် ကျွန်တော်တို့ ပြန်လာပြီး ပြန်သယ်ဦးမှာပါ” ဟု သင်္ဘော ကပ္ပတိန်က ပြောသည်။ဤသည်ကား ကားထုတ်လုပ်ရောင်းချမှု ဖြစ်စဉ်၏ နောက်ဆုံးအဆင့်လည်း ဖြစ်သည်။

ထိုစက်ရုံကြီးကား Hyundai ၏ စက်ရုံကြီးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသ Ulsan မြို့တွင် တည်ရှိသည်။စက်ရုံကြီးတွင် ဆိပ်ကမ်းတစ်ခု အသင့်ရှိနေပြီး ကား ထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် သင်္ဘောတင်မှုတို့ကို အကြားအလပ်မရှိ တစ်သမတ်တည်း လုပ်ဆောင်လျက်ရှိသည်။ဤစက်ရုံတွင် ကားအစင်းရေ မည်မျှ ထုတ်လုပ်သနည်း။

တစ်နှစ်လျှင် အစင်းရေ ၁ ဒသမ ၅ သန်း ထုတ်လုပ်ရာ ထိုပမာဏမှာ ၂၀၂၄ ခုနှစ်အတွင်း ဗြိတိန်ရှိ ကားစက်ရုံပေါင်း ၂၅ ခုမှ စုစုပေါင်း ထုတ်လုပ်မှုပမာဏထက် ၂ ဆများပြားသည်။ဤစက်ရုံကြီးသည် ကမ္ဘာ့အကြီးမားဆုံး ကားစက်ရုံကြီး ဖြစ်သည်။စက်ရုံအကျယ်အဝန်းမှာ ဧကပေါင်း ၁၂၀၀ ခန့်ရှိသည်။

 

pxl_20250402_055635938.jpg

ကားစက်ရုံ ၅ ခုအပြင် အင်ဂျင်စက်ရုံတစ်ခုနှင့် ဂီယာစက်ရုံတစ်ခုတို့လည်း ရှိသေးသည်။စက်ရုံတွင် သင်္ဘောဆိပ်တွဲလျက်ပါရှိသည့် ကမ္ဘာ့တစ်ခုတည်းသော ကားစက်ရုံလည်းဖြစ်ကာ နှစ်စဉ် ထုတ်လုပ်သော ကားများ၏ ၇၅ ရာခိုင်နှုန်းကို ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ တင်ပို့လျက်ရှိသည်။စက်ရုံတွင် Hyundai Santa Fe နှင့် Tucson တို့မှသည် Genesis line-up တစ်ခုလုံး အပြင် ကားမော်ဒယ်ပေါင်း ၁၇ ခုကို ထုတ်လုပ်သည်။ထုတ်လုပ်ရေးလိုင်းမှာ တစ်ရက်လျှင် ၁၈ နာရီ လည်ပတ်သည်။

ဆဋ္ဌမမြောက် ကားစက်ရုံအဖြစ် EV သီးသန့် ထုတ်လုပ်မည့်စက်ရုံကိုလည်း လာမည့်နှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး Genesis GV90 ကို ထုတ်လုပ်ရန် ရည်မှန်းထားသည်။Hyundai ကုမ္ပဏီ တည်ထောင်ပြီး တစ်နှစ်အကြာ ၁၉၆၈ ခုနှစ်တွင် Ulsan စက်ရုံဝန်းကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။စက်ရုံနေရာမှာ ယခင်က Ford ကုမ္ပဏီ၏ ကားတပ်ဆင်စက်ရုံငယ်တစ်ခု တည်ရှိခဲ့သောနေရာ ဖြစ်သည်။

ယနေ့အခါတွင်ကား Ulsan စက်ရုံမှာ အလွန်ကြီးမားသော စက်ရုံဝန်းကြီးတစ်ခုဖြစ်နေပြီဖြစ်ပြီး စက်ရုံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ၎င်း၏ ကြီးကျယ်ခမ်းနားမှုကို ချက်ချင်းသိမြင်နိုင်သည်။ကားဖြင့် ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက် စက်ရုံများ တစ်ခုပြီးတစ်ခု တွေ့ရမည့်အပြင် သစ်ပင်ပေါင်းများစွာလည်း တွေ့ရမည် ဖြစ်သည်။စက်ရုံဝန်းအတွင်း သစ်ပင်ပေါင်း ၆၀၀,၀၀၀ ဝန်းကျင်ရှိသည်ဟု ဆိုသည်။

စက်ရုံ အမှတ် ၅ မှာ ၁၉၇၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မူလက golf cart များကို ထုတ်လုပ်ခဲ့သည်။ ယနေ့အခါ စက်ရုံအမှတ် ၅ တွင် Genesis G70, G80 နှင့် G90 saloon များ၊ Hyundai Palisade နှင့် ဟိုက်ဒရိုဂျင် လောင်စာသုံး Nexo တို့ကို ထုတ်လုပ်လျက်ရှိသည်။G80 လျှပ်စစ်ကားအတွက် ဘက်ထရီများကိုလည်း ဤစက်ရုံတွင်ပင် ထုတ်လုပ်သည်။

hyundai-ulsan-plant-official-19.jpg

ထုတ်လုပ်ရေးလိုင်းမှ ကားများထွက်ရှိလာပြီးလျှင် အရည်အသွေး စစ်ဆေးမှု ပြုလုပ်ပြီးနောက် အချောသတ်ပြီးစီးသွားသော ကားများမှာ ဆိပ်ကမ်းဘေးရှိ ကြီးမားသော ကားရပ်နားကွင်းကြီးထဲသို့ ရောက်သည်။

ယင်းနောက် သင်္ဘောနောက်ဘက်ရှိ ကုန်းဘောင်ဆင်ခြေလျှောမှတစ်ဆင့် သင်္ဘောပေါ်သို့ ကားများ တင်ဆောင်သည်။ယင်းကား နေ့စဉ်လုပ်ငန်းစဉ်ဖြစ်သည်။စက်ရုံ၏ သင်္ဘောဆိပ်မှာ ၂၄ နာရီလျှင်တစ်ကြိမ် ကားတင်သင်္ဘောတစ်စင်းထွက်သည်။

ယခုကဲ့သို့ ထုတ်လုပ်တင်ပို့မှုစနစ် တစ်ပြိုင်တည်း လုပ်ဆောင်နေခြင်းကြောင့် အချိန်နှင့် ငွေကုန်သက်သာစေကြောင်း စက်ရုံမန်နေဂျာတစ်ဦးက ပြောသည်။ Ulsan မြို့တွင် စတင် စက်ရုံတည်စဉ်က မြို့လူဦးရေ ၃၀၀၀၀ ခန့်သာ ရှိခဲ့သော်လည်း ယနေ့အခါတွင် လူဦးရေ ၁ ဒသမ ၁ သန်းခန့်အထိ တိုးတက်လာသည်။စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ ပမာဏမှာ ၃၄၀၀၀ ဝန်းကျင်ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: 10 seconds per car - inside the world's biggest car plant (autocar)