- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် ချောမောသော သူဌေးသားတို့က Luxury ကားများဖြင့် ၉၉ ယွမ် (၁၄ ဒေါ်လာ) ဝန်ဆောင်ခ ယူကာ မိန်းကလေးများ အလုပ်အပြန်တွင် လိုရာသို့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု ခေတ်စားနေ၊ မိန်းကလေးတို့မှာ ရုံးဆင်းချိန် မြန်မြန်ရောက်ရန် စိတ်စောလျက်ရှိ
တရုတ်ပြည်တွင် ချောမောသော သူဌေးသားတို့က Luxury ကားများဖြင့် ၉၉ ယွမ် (၁၄ ဒေါ်လာ) ဝန်ဆောင်ခ ယူကာ မိန်းကလေးများ အလုပ်အပြန်တွင် လိုရာသို့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု ခေတ်စားနေ၊ မိန်းကလေးတို့မှာ ရုံးဆင်းချိန် မြန်မြန်ရောက်ရန် စိတ်စောလျက်ရှိ
- 1049 views
တရုတ်ပြည်တောင်ပိုင်းတွင် ချောမောသော ယောက်ျားလေးတို့က Luxury ကားများဖြင့် ဝန်ဆောင်ခ ၉၉ ယွမ် (၁၄ ဒေါ်လာ) ယူကာ မိန်းကလေးများ အလုပ်အပြန်တွင် လိုရာသို့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု နာမည်ကြီး ခေတ်စားနေသည်။
ပြည်မကြီးသတင်းဌာနတစ်ခုဖြစ်သော Vista Hydrogen Business ၏ ဖော်ပြချက်အရ “မြို့ထဲခရီး” ဟုခေါ်သော trend သစ်တစ်ခု ခေတ်စားနေပြီး အထူးသဖြင့် ရှန်ဟိုင်း၊ ဟန်ကျိုးနှင့် ရှားမန်းကဲ့သို့ မြို့ကြီများတွင် ဖြစ်ကြောင်း ဖော်ပြသည်။
တန်ဖိုးကြီးကားများဖြင့် အဖော်ပြုပေးသည့် ဝန်ဆောင်မှုကို ပြည်မကြီးတွင် “အမျိုးသား ဗောဒိသဗ္ဗ” ဟုလည်း ခေါ်ဆိုနေကြသည်။
(မှတ်ချက်။ ဗုဒ္ဓဘာသာတွင် ဗောဒိသဗ္ဗဟူသည်မှာ ဘုရားဆုပန်ထားပြီး ဘုရားတစ်ဆူ၏ ဗျာဒိတ်တော် ရရှိထားသူကို ဆိုလိုသည်။ ဗုဒ္ဓဘုရားရှင်သည် သုမေဓာရသေ့ဘဝက မိမိဘာသာ နိဗ္ဗာန်သို့ ရောက်ရှိအောင် ကြိုးစားနိုင်သော်လည်း သံသရာ၌ နစ်မွန်းနေသော ဝေနေယျသတ္တဝါတို့ကို သနားသောကြောင့် လွတ်မြောက်ရာ မယူခဲ့ဘဲ ဘုရားဆုပန်ခဲ့ရာ ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာရသေ့ကို နောင် ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာလျှင် ဂေါတမအမည်ဖြင့် ဘုရားရှင် ဖြစ်လာမည်ဟု ဗျာဒိတ်ပေးခဲ့သည်။ Luxury ကားဖြင့် အဖော်ပြုပေးသည့် ဝန်ဆောင်မှုကို ဘုရားလောင်းဟု ရည်ညွှန်းခြင်းမှာ တရုတ်ပြည် လူမှုကွန်ရက် သုံးစွဲသူတို့အကြား သုံးလေ့သုံးထရှိသော စကားမျိုးဖြစ်သည်။ delivery ပို့သူတို့ကိုလည်း delivery ဘုရားလောင်းလေးတွေဟု သုံးနှုန်းကြလေ့ရှိသည်။)
ထိုသို့ ဝန်ဆောင်မှုပေးသူတို့မှာ အများအားဖြင့် ချမ်းသာကြွယ်ဝသော တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြပြီး ၎င်းတို့၏ အားလပ်ချိန်များတွင် luxury ကားများဖြင့် မိန်းကလေးများကို အလိုရှိရာသို့ လိုက်လံပို့ဆောင်ပေးကြခြင်း ဖြစ်သည်။
(ထိုလူငယ်တို့မှာ အများအားဖြင့် ချမ်းသာကြွယ်ဝသော တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသည်။ ဓာတ်ပုံ-Shutterstock)
၎င်းတို့၏ နှစ်လိုဖွယ်ရှိမှုနှင့် ရက်ရောစွာ ကူညီမှုတို့ကြောင့် ပြည်မကြီးလူမှုကွန်ရက်တွင် “ဗောဓိသဗ္ဗ ယောက်ျား” (ဘုရားလောင်းလေးတွေ) ဟု တင်စားခေါ်ဝေါ်ကြသည်။အများဆုံးအသုံးပြုကြသည့် ကားများတွင် Porsche, Ferrari နှင့် Rolls-Royce တို့ အပါအဝင် ဖြစ်သည်။
ပြည်မကြီး လူမှုကွန်ရက်တွင် “လေပြေလို ဖြတ်သန်းသူ” ဟု အမည်ပေးထားသောအမျိုးသားတစ်ဦးက ပြောသည်မှာ မိမိမှာ အရပ် ၁၈၀ စင်တီမီတာရှိပြီး ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်ကာ ယခင်က လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ကြောင်း ပြောပြသည်။၎င်းက အားကစားလေ့ကျင့်ခန်းမတွင် ရိုက်ကူးထားသောဓာတ်ပုံများ၊ သူ၏ Porsche Cayenne မော်တော်ကား၏ ဓာတ်ပုံများကို လူမှုကွန်ရက်တွင် မျှဝေချပြပြီး ၈၈ ယွမ်မျှဖြင့် လိုရာသို့ ပို့ပေးမည်ဟု ကမ်းလှမ်းထားသည်။
ထိုသို့ လိုက်လံပို့ဆောင်ပေးစဉ်အတွင်း အစ်ကိုကြီးတစ်ဦးသဖွယ်၊ ချစ်သူတစ်ဦးသဖွယ် ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းက ပြောသည်။၎င်းက လူမှုကွန်ရက်တွင် ဂရုတစ်ခု ဖွဲ့စည်းထားရာ member ၄၀၀ ဦးခန့် ရှိသည်။ထိုဂရုထဲတွင် ၎င်း၏ ကားဖြင့် လိုက်ပါစီးနင်းဖူးသူ မိန်းကလေးတို့က ထောက်ခံချက်များ ပေးကြသည်။ကားအတွင်းတွင် နှစ်သက်ဖွယ် ရနံ့ရှိကြောင်း၊ ကားစီးရသည်မှာ သက်သောင့်သက်သာရှိကြောင်းနှင့် ဖော်ရွေမှုရှိကြောင်း ထောက်ခံကြသည်။
(မျက်မှောက်ခေတ်တွင် အလုပ်ခွင်တို့မှာ ဖိအားအလွန်များလာသည်။ ငယ်ရွယ်သူအများစုမှာ အထီးကျန်မှုကို တစ်နေ့တခြားခံစားလာနေရရာ စိတ်အပန်းပြေမည့် အခိုက်အတန့်လေးများအတွက် ငွေကြေးအကုန်အကျခံရန် ဆန္ဒရှိကြသည်။ ဓာတ်ပုံ-Shutterstock)
ဝူဟန်မြို့တွင် နေထိုင်သော “လီမွန်ဘူး” ဟူသည့် လူမှုကွန်ရက်အကောင့်ပိုင်ရှင် အမျိုးသားက သူ၏ Ferrari ဖြင့် နာရီဝက်လျှင် ၉၉ ယွမ်ဖြင့် လိုရာပို့ဆောင်ပေးမည်ဟု ကမ်းလှမ်းထားသည်။မိမိမှာ ပြိုင်ကားဝါသနာအိုးတစ်ဦးဖြစ်ပြီး ကားဖြင့် လိုက်လံပို့ဆောင်ပေးစဉ်အတွင်း လုပ်ငန်းခွင်မှ ဖိအားများနှင့် အချစ်ရေးတို့အကြောင်း ဆွေးနွေးပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောသည်။
တရုတ်ပြည် အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်မှ ဘွဲ့ရတစ်ဦးဖြစ်သူ ဝမ်အမည်ရှိ အမျိုးသားက ပြောသည်မှာ ယခုအချိန်အထိ မိန်းကလေး ၆ ဦးကို ကားမောင်းပို့ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဓိကအားဖြင့် အလုပ်ပြန်ချိန်များတွင်ဖြစ်ပြီး သာယာလှပသော ကမ်းခြေတစ်လျှောက် ကားမောင်းပို့ပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။“အများစုက သူတို့ရဲ့ အချစ်ရေးတွေအကြောင်း ပြောပြကြပါတယ်။ သူတို့ရဲ့ ချစ်သူတွေရဲ့ အလေ့အထတွေအကြောင်း နားလည်နိုင်ဖို့ သူတို့ကို ကူညီရှင်းပြပေးခဲ့ပါတယ်” ဟု ဝမ်က ပြောသည်။
မိန်းကလေးတစ်ဦးမှာမူ ချစ်သူက သစ္စာဖောက်ခြင်းခံရသောကြောင့် အသည်းကွဲနေပြီး မိမိ၏ ကားပေါ်တွင် နာရီဝက်ခန့် ငိုကြွေးနေခဲ့ကြောင်း ဝမ်က ပြောသည်။“လူတွေဟာ သူစိမ်းတွေဆီကနေ ဒီလိုအကူအညီမျိုး လိုအပ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကားဟာ စိတ်ဖြေသိမ့်ပေးနိုင်မယ့် နေရာတစ်ခုဖြစ်နိုင်ပါတယ်” ဟု ဝမ်က ပြောသည်။
(ယခုဝန်ဆောင်မှုကို ရယူဖူးသော မိန်းကလေးတစ်ဦးက ပြောသည်မှာ ဤဝန်ဆောင်မှုသည် မြို့တွင်းသွားလာရေးအတွက် တီထွင်ဆန်းသစ်သော နည်းလမ်းတစ်ခုဖြစ်ပြီး မိမိအနေဖြင့် ရုံးဆင်းချိန် မြန်မြန်ရောက်ရန်သာ စိတ်စောနေပြီဖြစ်ကြောင်း ပြောသည်။ ဓာတ်ပုံ-Shutterstock)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China women pay US$14 to unwind with charming men who take them on luxury car rides (scmp)