- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla က အမေရိကန်တွင် Model 3 နှင့် Model Y တို့၏ ဈေးနှုန်းများ လျှော့ချ
Tesla က အမေရိကန်တွင် Model 3 နှင့် Model Y တို့၏ ဈေးနှုန်းများ လျှော့ချ
- 334 views
Elon Musk ဦးဆောင်သော ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်ကားကုမ္ပဏီ Tesla သည် ပြီးခဲ့သော ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စုတွင် Model 3 နှင့် Model Y ကားတို့၏ ဈေးနှုန်းများကို လျှော့ချပေးခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာမှုများကြောင့် ယခုကဲ့သို့ ဈေးနှုန်းလျှော့ချမှုများ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။
Tesla သည် ကားဈေးနှုန်းများကို ၂ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၂၃ ရာခိုင်နှုန်း အသီးသီးလျှော့ချပေး ခဲ့ကြောင်း Tesla ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
Tesla သည် Model 3 ဆီဒင်ကို ကန်ဒေါ်လာ ၄၀၂၄၀ မှ ကန်ဒေါ်လာ ၃၈၉၉၀ သို့ လျှော့ချပေးခဲ့ပြီး Model Y long-range ၏ ဈေးနှုန်းကို ကန်ဒေါ်လာ ၅၀၄၉၀ မှ ကန်ဒေါ်လာ ၄၈၄၉၀ သို့ လျှော့ချပေးခဲ့သည်။
Model Y performance မျိုးကွဲ၏ ဈေးနှုန်းကိုလည်း ကန်ဒေါ်လာ ၅၄၄၉၀ မှ ကန်ဒေါ်လာ ၅၂၄၉၀ သို့ လျှော့ချပေးလိုက်သည်။
ထို့အပြင် Model 3 long range ၏ ဈေးနှုန်းကို ကန်ဒေါ်လာ ၄၇၂၄၀ မှ ကန်ဒေါ်လာ ၄၅၉၉၀ သို့ လည်းကောင်း ၊ Model 3 performance ကို ကန်ဒေါ်လာ ၅၃၂၄၀ မှ ကန်ဒေါ်လာ ၅၀၉၉၀ သို့လည်းကောင်း လျှော့ချပေးထားသည်။
ယခုရက်သတ္တပတ်အစောပိုင်းတွင် ပြန်လည်မိတ်ဆက်ခဲ့သော Model Y ၏ ဈေးနှုန်းမှာမူ ကန်ဒေါ်လာ ၄၃၉၉၀ တွင်ပင် ရပ်တည်နေသည်။
Model S နှင့် Model X ၏ ဈေးနှုန်းမှာလည်း ပြောင်းလဲခြင်း မရှိချေ။
Tesla သည် အမေရိကန်တွင် စက်တင်ဘာလအစောပိုင်းကလည်း Model S နှင့် Model X တို့၏ ဈေးနှုန်းများကို လျှော့ချပေးခဲ့ဖူးသည်။
Model 3 သည် ကမ္ဘာတစ်လွှားတွင် Tesla ၏ ဈေးအသက်သာဆုံး ကားဖြစ်ပြီး Model Y လျှပ်စစ် SUV မှာမူ Tesla ၏ ရောင်းအား အကောင်းဆုံး ဖြစ်သည်။
Tesla ၏ အကျော်ကြားဆုံး မော်ဒယ် ၂ မျိုး ဈေးလျှော့ပေးလိုက်ခြင်းမှာ အံ့အားသင့်ဖွယ် အကြောင်းရပ် မဟုတ်ဘဲ ကြိုတင်မှန်းဆခဲ့ကြပြီး အခြေအနေမျိုးသာ ဖြစ်သည်။
Tesla သည် ကမ္ဘာတစ်လွှား EV ဈေးကွက်တွင် ဈေးနှုန်းစစ်ပွဲ ဆင်နွှဲလျက်ရှိပြီး ပြိုင်ဘက်များထက် များစွာ အသာရ ဦးဆောင်ထားနိုင်လျက် ရှိနေသည်။
ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖိအားများရှိနေစေကာမူ အမေရိကန်ကဲ့သို့ ဈေးကွက်မျိုးသည် EV ကုမ္ပဏီများ အတွက် အလွန်အရေးပါလျက် ရှိနေဆဲ ဖြစ်သည်။
“ကမ္ဘာ့စီးပွားရေးက ဒီနေ့ဆိုးလိုက်၊ နောက်နေ့ကောင်းလိုက်ပါပဲ။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကျွန်တော် မသိပါဘူး” ဟု Elon Musk က ပြောသည်။
Tesla တွင် ကြီးမားသည့် ရည်မှန်းချက်တစ်ခု ရှိနေရာ လာမည့် ၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် ကမ္ဘာတစ်ဝန်း EV များ ရောင်းချရမှု အစင်းရေ သန်း ၂၀ ရှိရန် ရည်မှန်းထားသည်။
ထိုရည်မှန်းချက်မှာ အလွန်ကြီးမားသည့် ရည်မှန်းချက်ဖြစ်နေသော်လည်း Tesla ကမူ ထိုရည်မှန်းချက် အထမြောက် အောင်မြင်ရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Tesla slashes prices of Model 3, Models Y vehicles in US (Reuters, Hindustantimes)