- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကနေဒါတွင် ကားအရောင်းပြခန်းတစ်ခုမှ အလုပ်သမား ၁၅ ဦး ဒေါ်လာ သန်း ၂၀ ထီဆုကြီး ကံထူးခဲ့သော်လည်း နောက်တစ်ရက်တွင် အလုပ်သို့ အချိန်မှန်ရောက်လာကြ
ကနေဒါတွင် ကားအရောင်းပြခန်းတစ်ခုမှ အလုပ်သမား ၁၅ ဦး ဒေါ်လာ သန်း ၂၀ ထီဆုကြီး ကံထူးခဲ့သော်လည်း နောက်တစ်ရက်တွင် အလုပ်သို့ အချိန်မှန်ရောက်လာကြ
- 465 views
ကနေဒါနိုင်ငံ၊ Quebec ပြည်နယ်၊ ထရွိုင် ရီဗီရဲယက်စ်မြို့တွင် ကားအရောင်းပြခန်းတစ်ခုမှ အလုပ်သမား ၁၅ ယောက်အုပ်စုသည် ပြီးခဲ့သော ရက်သတ္တပတ်က Lotto Max jackpot ထီဆုကြီးကံထူးကာ ဒေါ်လာ သန်း ၂၀ ရခဲ့ရာ ယခုအခါ သန်းကြွယ်သူဌေးများ ဖြစ်လာကြသည်။
၎င်းတို့ တစ်ဦးလျှင် ဒေါ်လာ ၁ ဒသမ ၃ သန်းစီ ရခဲ့ကြသည်။
Loto-Québec ထီဌာန၏ ထုတ်ပြန်ချက်အရ ဆုရထီလက်မှတ်ကို ထရွိုင် ရီဗီရဲယက်စ်မြို့၊ Les Chenaux ခရိုင်၊ Diversite လမ်းပေါ်ရှိ Marche Express စတိုးဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ထီလက်မှတ်ကို ရောင်းချပေးလိုက်သည့် ထိုဆိုင်မှာလည်း ဘောနပ်စ်အဖြစ် ဆုငွေ၏ ၁ ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၂၀၀၀၀၀ ရရှိမည်ဖြစ်သည်။
“ဒါက ကျွန်မတို့ဒေသအတွက် တကယ့်ဧရာမသတင်းကြီးတစ်ခုပါပဲ” ဟု Loto-Québec ထီ၏ Lottery Operations ဌာနမှ COO ဖြစ်သူ Isabelle Jean က ပြောသည်။
“Lotto Max jackpot ဆုကြီးကို ဒီဒေသက ဆွတ်ခူးသွားတာ အံ့သြစရာပါပဲ။ အလုပ်ကြိုးစားတဲ့သူတွေ ခွဲဝေရရှိသွားတာ ပိုလို့တောင် ကောင်းပါသေးတယ်” ဟု Jean က ပြောသည်။“Lotto-Quebec ဟာ ဒီနှစ်ထဲမှာကိုပဲ သန်းကြွယ်သူဌေး ၆၀ နီးပါးလောက် မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်”
အုပ်စုလိုက် ထီထိုးမှုများကို စီစဉ်ပေးသူ ခရစ္စတီယန် ဒက်စ်ရွှားရော့သည် ပထမဆုံး ထီတိုက်ပေးခဲ့သူ ဖြစ်သည်။အလုပ်သမားတစ်ဦးက ပြောသည်မှာ ရရှိလာသောငွေဖြင့် အိမ်တစ်လုံးဝယ်ရန် စီစဉ်ထားကြောင်း ပြောသည်။အလုပ်မှ အနားယူရမည့်အရွယ်ရောက်နေသော အခြားတစ်ဦးကမူ စီစဉ်ထားချိန်ထက် ဆောလျင်စွာ အနားယူမည်ဖြစ်ကြောင်း၊ မိမိ၏ ကားအိမ်ဖြင့် ခရီးသွားရန် စီစဉ်ထားကြောင်း ပြောသည်။
ထီမပေါက်မီရက်ပိုင်းက တစ်ပတ်ရစ် ရေခဲသေတ္တာတစ်လုံး ဝယ်ယူရန် ရှာဖွေနေသူ မိန်းကလေး အလုပ်သမား တစ်ဦးက ပြောသည်မှာမူ ရေကန်စပ်မှ အိမ်တစ်လုံးကို မျက်စိကျနေကြောင်းပြောသည်။“ကျွန်မတို့ လူတိုင်း ကခုန်နေခဲ့ကြပါတယ်” ဟု ထီပေါက်သည့်အုပ်စုမှ တစ်ဦးက ပြောသည်။၎င်းတို့အားလုံးသည် ထီပေါက်ပြီး နောက်တစ်ရက်တွင် ပုံမှန်အတိုင်း အလုပ်ဆင်းခဲ့ကြသည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း Loto-Québec မှ ပြည်နယ်တစ်လွှား ထီဆုငွေ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ခွဲဝေပေးခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 15 car dealership workers win $20M Lotto Max prize — and show up to work on time (globalnews)