• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကားပြပွဲတွင် ပြသရန် ဒေါ်လာ သန်း ၁၀၀ ဖိုးရှိ တန်ဖိုးကြီးကား ၁၇ စင်း လော့စ်အိန်ဂျလိမှ မကာအိုသို့ လေယာဉ်ဖြင့် ရောက်ရှိလာ

ကားပြပွဲတွင် ပြသရန် ဒေါ်လာ သန်း ၁၀၀ ဖိုးရှိ တန်ဖိုးကြီးကား ၁၇ စင်း လော့စ်အိန်ဂျလိမှ မကာအိုသို့ လေယာဉ်ဖြင့် ရောက်ရှိလာ

  • 159 views

 

ကားများကို တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သယ်ယူတင်ပို့ရာတွင် ကုန်ကျစရိတ်အသက်သာဆုံး နည်းလမ်းမှာ ပင်လယ်ရေကြောင်းခရီးမှ သယ်ယူပို့ဆောင်ခြင်း ဖြစ်သည်။

လေယာဉ်ဖြင့် ပို့ဆောင်ခြင်းမှာမူ ပိုမိုလျှင်မြန်သည်။

သင့်အနေဖြင့် သတ္တိရှိပါက ပို့ဆောင်ရမည့်ကားအားလုံးကို လေယာဉ်တစ်စင်းတည်းဖြင့် ပို့ဆောင်နိုင်သည်။

အင်စတာဂရမ်တွင် တင်ခဲ့သော ပို့စ်တစ်ခုအရ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသော ကားများကို ကယ်လီဖိုးနီးယားအခြေစိုက် JP Logistics ကုမ္ပဏီက စီစဉ်ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် တန်ဖိုးအလွန်ကြီးမားသော မော်တော်ကားများကို ပြည်တွင်းပြည်ပ ပို့ဆောင်ပေးသည့် လုပ်ငန်း လုပ်ကိုင်သောကုမ္ပဏီ ဖြစ်သည်။

JP Logistics ၏ ပြောကြားချက်အရ ယခုပို့ဆောင်မှုမှာ ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိ ကားများ ပို့ဆောင်ပေးသော ပထမဆုံး ခရီးစဉ်ဖြစ်သည်ဟု ဆိုသည်။

မကာအိုရှိ Wynn အပန်းဖြေစခန်းတွင် ကျင်းပမည့် 2023 Hypercar Exhibition ကားပြပွဲအတွက် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
လေယာဉ်တစ်စင်းတည်းဖြင့် ကား ၁၇ စင်း ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

Toyota Corolla ကားများဆိုလျှင် သင့်အနေဖြင့် လေယာဉ်ခရီးစဉ်တစ်ခေါက်တည်းဖြင့် ဒေါ်လာ သန်း ၁၀၀ ဖိုး သယ်ယူရန် မဖြစ်နိုင်ပေ။

ယခုလေယာဉ်ဖြင့် သယ်ဆောင်လာသည်မှာ ကမ္ဘာ့အချမ်းသာဆုံးသူများအတွက် ဈေးအကြီးဆုံးနှင့် နောက်ဆုံးပေါ်ကားများ သယ်ဆောင်လာခြင်း ဖြစ်သည်။

The Drive သတင်းဌာနသို့ JP Logistics ကုမ္ပဏီက အတည်ပြုပြောကြားသည်မှာ ယခုသယ်ဆောင်လာသော ကားများတွင် McLaren Sabre ၊ အလွန်ရှားပါးသော Aston Martin One-77 နှင့် Koenigsegg Agera တို့ ပါဝင်ကြောင်း ပြောသည်။

အခြားကားများအနေဖြင့် Pagani Huayra ၊ Ford GT နှင့် Lamborghini Centenario တို့လည်းပါသည်။

ထို့အပြင်  TDF One ပြိုင်ကားကဲ့သို့ Formula 1 တစ်စင်းနှင့် Gunther Werks က modify ပြုလုပ်ပေးထား သော Porsche 911 တစ်စင်းတို့လည်း ပါဝင်လာသည်။

 

 

 

အဆိုပါ ကားများအကြောင်း ပထမဆုံး စတင်သတင်းထွက်လာသည်မှာ လော့စ်အိန်ဂျလိမှ မတင်ပို့မီ YouTube ဗွီဒီယိုတစ်ခုတွင် ပြီးခဲ့သောလအတွင်းက စတင်သတင်းထွက်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ မော်တော်ကားများကို လေယာဉ်ဖြင့် သယ်ယူပို့ဆောင်သည်မှာ ယခုဖြစ်ရပ်သည် ပထမဆုံးအကြိမ် မဟုတ်သေး။

၂၀၁၈ ခုနှစ်အတွင်းကလည်း လန်ဒန်မှ ဂျပန်နိုင်ငံသို့ ပို့ဆောင်ခဲ့ဖူးသည်။

မကာအိုသို့ ပို့ဆောင်ထားသော ကားများကို လူကိုယ်တိုင် ကြည့်ရှုလိုပါက မကာအိုတွင် နိုဝင်ဘာလ ၃၀ ရက်အထိ ပြသထားမည့် ကားပြပွဲတွင် ကြည့်ရှုနိုင်ပါသည်။

ထိုကားများကို အမေရိကန်ပြည်ထောင်စုသို့ လေယာဉ်ဖြင့်ပင် ပြန်လည်ပို့ဆောင်ဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  One Jet Flew 17 Hypercars Worth $100M From LA to Macau for a Car Show  (thedrive)