- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် ကားမောင်းနေရင်း ဇနီးနှင့် စကားများ ရန်ဖြစ်သော အမျိုးသား တစ်ဖက်လမ်းကြောထဲသို့ လမ်းပြောင်းပြန် ဝင်မောင်းမိကာ အဖမ်းခံခဲ့ရသည့်အဖြစ် မလေးရှား လူမှုကွန်ရက် သုံးစွဲသူတို့ကြား သတင်းကြီးနေ
မလေးရှားတွင် ကားမောင်းနေရင်း ဇနီးနှင့် စကားများ ရန်ဖြစ်သော အမျိုးသား တစ်ဖက်လမ်းကြောထဲသို့ လမ်းပြောင်းပြန် ဝင်မောင်းမိကာ အဖမ်းခံခဲ့ရသည့်အဖြစ် မလေးရှား လူမှုကွန်ရက် သုံးစွဲသူတို့ကြား သတင်းကြီးနေ
- 365 views
မလေးရှားနိုင်ငံ၊ ဂျိုဟော ဘာရူမြို့တွင် Jalan Skudai အမည်ရှိ အဝေးပြေးလမ်းမကြီးအတိုင်း မောင်းနှင်နေစဉ် Pantai Lido ကမ်းခြေအနီးတွင် ဇနီးဖြစ်သူနှင့် စကားများကာ ဆန့်ကျင်ဘက် လမ်းကြောထဲသို့ လမ်းပြောင်းပြန် မောင်းဝင်ခဲ့သည့်ဖြစ်ရပ် ပြီးခဲ့သော ရက်ပိုင်းက ဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်ရပ်ဗွီဒီယိုဖိုင်မှာ မလေးရှားလူမှုကွန်ရက် သုံးစွဲသူတို့အကြား ပျံ့နှံ့ကျော်ကြားနေသည်။
ဂျိုဟော ဘာရူ တောင်ပိုင်းခရိုင် ရဲမှူး Raub Selamat က ပြောသည်မှာ ယခုဖြစ်ရပ်မှာ လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့ဂယက်ရိုက်နေကြောင်း၊ ည ၉နာရီ ၁၀မိနစ်တွင် အာဏာပိုင်တို့က အရေးယူခဲ့ကြောင်းပြောသည်။ ရဲမှူး Selamat ၏ ပြောကြားချက်အရ အသက် ၃၄ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူမှာ ထိုနေ့တွင်ပင် ဂျိုဟော ဘာရူ တောင်ပိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံတွင် လာရောက်ကာ အဖမ်းခံခဲ့ကြောင်း ပြောသည်။
(မှတ်ချက်။ မလေးရှား ဥပဒေအရ ပုဒ်မ ၄၂ (၁) အရ ၅ နှစ်အထိ ထောင်ဒဏ်အပြင် ဒဏ်ငွေ ရင်းဂစ် ၁၅၀၀၀ အထိ ချမှတ်ခံရနိုင်သည်။ ထို့အပြင် အနည်းဆုံး ၂ နှစ်ခန့် လိုင်စင်ပိတ်သိမ်းခံရနိုင်ဖွယ်ရှိသည်။ သို့သော် ယခင် ပြစ်ချက်ဟောင်းမရှိပါက ပြစ်ဒဏ်လျော့နည်းဖွယ်ရှိသည်။ မည်မျှပြစ်ဒဏ်ကျခံရဖွယ်ရှိသည်ဆိုခြင်းမှာမူ တရားရုံးဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်ပါသည်)
“စုံစမ်းစစ်ဆေးချက်တွေအရ မနေ့က ညဉ့်နက်ပိုင်း မနက် ၁နာရီ ၄၁မိနစ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အပြာရောင် Perodua Aruz တစ်စင်းဟာ လမ်းပြောင်းပြန်မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်”
“ဒီအမျိုးသား ပြောတာက သူဟာ အခင်းဖြစ်ပွားတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့ စကားများနေခဲ့ပြီး ကားမောင်းတာကို အာရုံမစိုက်နိုင်တော့တာကြောင့် တစ်ဖက်လမ်းကြောထဲကို ရောက်သွားတယ်လို့ ပြောပါတယ်” ဟု ရဲမှူးက Kosmo သတင်းဌာနသို့ ပြောသည်။ဆီးစစ်ချက်များအရမူ ယာဉ်မောင်းအမျိုးသားမှာ မူးယစ်ဆေးဝါး၊ အရက်သေစာ သုံးစွဲထားခြင်း မရှိသည်ကို တွေ့ရကြောင်းလည်း ရဲမှူး Raub က ပြောသည်။
“မဆင်မခြင် အန္တရာယ်ဖြစ်လောက်အောင် မောင်းနှင်ခဲ့တဲ့ ဒီအမှုကို ၁၉၈၇ ခုနှစ် ပို့ဆောင်ရေး အက်ဥပဒေ ပုဒ်မ ၄၂ (၁) အရ အမှုဖွင့် စစ်ဆေးနေပါတယ်” ဟု ရဲမှူးက ပြောသည်။အဆိုပါဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် ဗွီဒီယိုဖိုင်တစ်ခုကို Community Roda Johor က တင်ခဲ့ရာ လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့ဂယက်ရိုက်ခဲ့သည်။
(မှတ်ချက်။ Community Roda Johor မှာ ဂျိုဟောဘာရူးရှိ လမ်းစည်းကမ်းချိုးဖောက်မှုများကို လူမှုကွန်ရက်တွင် ဖော်ပြလေ့ရှိသည့် ဖေ့စ်ဘုတ်ဂရုတစ်ခု ဖြစ်သည်။)ဗွီဒီယိုဖိုင်မှာ ၁ မိနစ်၊ ၃၂ စက္ကန့် ကြာမြင့်ပြီး ဗွီဒီယိုထဲတွင် တွေ့မြင်ရမှုအရ အပြာရောင် Perodua Aruz တစ်စင်းသည် Jalan Skudai အဝေးပြေးလမ်းပေါ်တွင် လမ်းပြောင်းပြန်မောင်းနေပုံ တွေ့ရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Quarrel with wife led to Aruz being driven against traffic
Photo: shutterstock