• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် ယောက္ခမဖြစ်သူက ကားနောက်တစ်စင်း ထပ်ဝယ်ခိုင်းသည့်အကြောင်း အမျိုးသမီးတစ်ဦးက ရင်ဖွင့်လာရာ မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့အကြား အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပြုလျက်ရှိ

မလေးရှားတွင် ယောက္ခမဖြစ်သူက ကားနောက်တစ်စင်း ထပ်ဝယ်ခိုင်းသည့်အကြောင်း အမျိုးသမီးတစ်ဦးက ရင်ဖွင့်လာရာ မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့အကြား အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပြုလျက်ရှိ

  • 350 views

upset-asian-couple-sit-couch-living-room_5271348_20250603193750.jpg

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူ၏ ဖခင်မှ ကားနောက်တစ်စင်းထပ်ဝယ်ပေးရန် တောင်းဆိုလာမှုအပေါ် အလွန်စိတ်ပျက်နေသည့်အကြောင်း လူမှုကွန်ရက်တွင် ရင်ဖွင့်လာရာ မလေးရှား လူမှုကွန်ရက်သုံးစွဲသူတို့အကြား သဘောထားအမျိုးမျိုး ကွဲပြားနေသည်။

အဆိုပါ အမျိုးသမီးက Threads လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်မှာ ယောက္ခမ၏ တောင်းဆိုချက်ကို မိမိအနေဖြင့် သဘောမတူကြောင်း၊ ခင်ပွန်းဖြစ်သူမှာလည်း မိမိနှင့် ကလေးငယ်များကို ထောက်ပံ့မှု မရှိကြောင်း ပြောထားသည်။

၎င်းက ရှင်းပြသည်မှာ ယောက္ခမဖြစ်သူတွင် Perodua Bezza တစ်စင်းရှိကြောင်း၊ ထိုကားဖြင့် အက်ဆီးဒင့်ဖြစ်သည်မှာလည်း ၂ ကြိမ်ရှိပြီဖြစ်ကြောင်း ပြောသည်။

“အခု ယောက္ခမက အိမ်ကယောက်ျားကို Ativa တစ်စင်း ထပ်ဝယ်ခိုင်းနေပါတယ်။ Bezza က အက်ဆီးဒင့်ဖြစ်တာ ၂ ကြိမ်ရှိပြီဖြစ်တာကြောင့် ကားသစ်တစ်စင်းဝယ်ခိုင်းတာလို့ ပြောပါတယ်”

“သူက ပိုက်ဆံလည်း မရှိဘဲ သူဌေးလို နေနေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှုလည်း မရှိပါဘူး။ လူတွေက ဘာကြောင့် ဒီလိုတွေလုပ်နေတယ်ဆိုတာ ကျွန်မ နားမလည်နိုင်ပါဘူး” ဟု ပို့စ်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။

၎င်း၏ ပို့စ်ကို မှတ်ချက်ပြုသူတစ်ဦးအား ၎င်းက reply ပြန်ထားသည်မှာ ခင်ပွန်းဖြစ်သူမှာ မိမိနှင့် ကလေးငယ်များ၏ လိုအပ်ချက်ကိုမူ မသိကျိုးကျွံပြုထားကြောင်း ပြောသည်။
“ကျွန်မ ယောက်ျားက သူမိဘတွေ ပိုက်ဆံမရှိဘူးလို့ ပြောသံကို မကြားချင်တဲ့သူမျိုး။ သူ့မှာ တစ်ပြားမှ မကျန်ရင်တောင် ရှိသမျှ ချက်ချင်းထုတ်ပေးတတ်ပါတယ်”

“ဒါပေမယ့် ကျွန်မက ကလေးတွေရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့ မဝယ်ရသေးတာတွေ၊ ပေးစရာရှိတာတွေ ပြောပြပြီး ပိုက်ဆံလိုတယ်လို့ ပြောလိုက်ရင် သူက ကျွန်မကို အော်ငေါက်ပါတယ်” ဟု ၎င်းက ရေးသားဖော်ပြသည်။

မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့အကြား ယခုအမျိုးသမီး၏ ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး သဘောထား အမျိုးမျိုး ကွဲပြားနေသည်။

အချို့က မိဘကို ဦးစားပေးသည့် ခင်ပွန်းဖြစ်သူကို ချီးကျူးစကားဆိုကြပြီး များစွာသောသူတို့ကမူ ဇနီးနှင့် ကလေးများကို ရှေ့တန်းတင်သင့်ကြောင်း ပြောကြသည်။

အချို့ကမူ Perodua Ativa မှာ Perodua Bezza ထက် ပိုမိုဈေးကြီးကြောင်း ထောက်ပြကာ ထိုကားဝယ်ခိုင်းမှုအပေါ် ဝေဖန်ကြသည်။

“ယောက်ျားတစ်ယောက်က အိမ်ထောင်ဦးစီးတာဝန်မကျေဘူးဆိုရင် ထွက်သွားတာ အကောင်းဆုံးပါပဲ” ဟု တစ်ဦးက မှတ်ချက်ပြုသည်။

“ခင်ဗျားရဲ့ ယောက်ျားက ဘယ်လိုလူစားလဲမသိဘူး။ သူ့အနေနဲ့ မိန်းမနဲ့ ကလေးတွေကို ဦးစားပေးသင့်တာ။ အထောက်အပံ့မပေးဘူးဆိုရင်တော့ တရားရုံးကိုသာ ဆွဲခေါ်သွားပါ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Woman frustrated after father-in-law requests for second car purchase, claims her and child’s needs neglected (thesun)