- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိမြို့က စပါးကျီတစ်ခုထဲမှာ နှစ်ပေါင်း ၆၀ လောက် စွန့်ပစ်ခံထားရတဲ့ ဒေါ်လာ ၁၀ သန်းတန် ကားတစ်စင်းကို ဖုန်အလိမ်းလိမ်းဖြင့် ရှာဖွေတွေ့ရှိမှု
အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိမြို့က စပါးကျီတစ်ခုထဲမှာ နှစ်ပေါင်း ၆၀ လောက် စွန့်ပစ်ခံထားရတဲ့ ဒေါ်လာ ၁၀ သန်းတန် ကားတစ်စင်းကို ဖုန်အလိမ်းလိမ်းဖြင့် ရှာဖွေတွေ့ရှိမှု
- 500 views
အမေရိကန်ပြည်တွင် အလွန်တရာ ရှားပါးလှကာ ဆယ်စုနှစ်ပေါင်းများစွာ စွန့်ပစ်ထားသော ကားတစ်စင်းကို ဖုန်အလိမ်းလိမ်းဖြင့် နာမည်ကြီး ရုပ်သံတင်ဆက်သူ၊ ဟာသ သရုပ်ဆောင် ဂျေး လီနိုက တွေ့ရှိခဲ့သည်။
ဂျေး လီနိုသည် ၁၉၉၂ မှ ၂၀၀၉ ခုနှစ်အထိလည်းကောင်း၊ ၂၀၁၀ မှ ၂၀၁၄ အထိလည်းကောင်း ထုတ်လွှင့်ခဲ့သော The Tonight Show အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့သည်။
ထို့အပြင် Stand-up ဟာသ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပြီး ရုပ်သံနှင့် ရုပ်ရှင်တို့တွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သည်။
၎င်းသည် မော်တော်ကား အကြီးအကျယ် စုဆောင်းထားသည့် ကားဝါသနာရှင်တစ်ဦးလည်းဖြစ်ပြီး ကားအစင်းရေ ၁၈၀ ကျော် ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
ထို့အပြင် YouTube တွင် Jay Leno’s Garage အမည်ရှိ ချန်နယ်တွင် ဗွီဒီယိုများ တင်ဆက်နေသည်။
ဂျေးလီနိုသည် ကားများကို အလွန်မြတ်နိုးသူတစ်ဦးဖြစ်ပြီး ၎င်းဝယ်ယူထားသည့် မည်သည့်ကားကိုမျှ ပြန်လည်ရောင်းချခြင်း မရှိချေ။
၎င်းပထမဆုံး ဝယ်ယူခဲ့သည့် ၁၉၃၄ ခုနှစ်ထုတ် Ford Pickup ကိုပင် ယနေ့တိုင် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
ဂျေးလီနိုက သူ၏ YouTube ဗွီဒီယိုဖိုင်ထဲတွင် ယခုတွေ့ရှိခဲ့သောကားမှာ အဘယ်ကြောင့် ဒေါ်လာ ၁၀ သန်းနီးပါး တန်ကြေးရှိသည်ကို ရှင်းပြသည်။
(နှစ်ပေါင်း ၆၀ ကျော် စွန့်ပစ်ခံထားရသော ရှားပါး Mercedes Gullwing ။ ဓာတ်ပုံ-YouTube/ Jay Leno’s Garage)
(ယခုကားမျိုး ၂၉ စင်းသာ ထုတ်လုပ်ထားပြီး ပြန်လည်မွမ်းမံထိန်းသိမ်းမှု မလုပ်သည်မှာ ဤတစ်စင်းသာ ရှိသည်။ ဓာတ်ပုံ-YouTube/ Jay Leno’s Garage)
(ယခုကားပိုင်ရှင်က ဤကားကို လွန်ခဲ့သော ဆယ်စုနှစ်များစွာက ကန်ဒေါ်လာ ၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-YouTube/ Jay Leno’s Garage)
ကားပိုင်ရှင်ဖြစ်သူ Rudy Klein က လော့စ်အိန်ဂျလိမြို့မှ စပါးကျီတစ်ခုထဲတွင် စွန့်ပစ်ထားခြင်း ဖြစ်သည်။
ဂျေးလီနို၏ ဗွီဒီယိုဖိုင်မှာ ကြည့်ရှုမှုအကြိမ်ရေ ၁ ဒသမ ၇ သန်းနီးပါးရှိနေသည်။
သူ၏ Jay Leno You Tube ချန်နယ်မှာ subscriber ၃ ဒသမ ၈ သန်းကျော် ရှိသည်။
ယခုဗွီဒီယိုကို $10 million barnfind : Jay Leno reveals the rarest Mercedes Gullwing ever discovered ဟု ခေါင်းစဉ်တပ်ထားသည်။
မော်တော်ကားသမိုင်းတွင် တစ်သက်လျှင် တစ်ကြိမ်သာ တွေ့နိုင်သည့် ရှာဖွေတွေ့ရှိမှုဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗွီဒီယို၏ caption တွင် ဖော်ပြထားသည်မှာ “ဒါဟာ မြှုပ်နှံထားတဲ့ ရတနာတစ်ပါးကို တူးဖော်တွေ့ရှိမှုမျိုးပါပဲ။ ဂျေးလီနိုက မကြာသေးမီ ကားသမိုင်းမှာ အထူးခြားဆုံး ရှာဖွေတွေ့ရှိမှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါက ၁၉၅၆ ခုနှစ်ထုတ် Mercedes-benz Alloy Gullwing ဖြစ်ပြီး စုစုပေါင်း ၂၉ စင်းသာ ထုတ်လုပ်ထား ပါတယ်။” ဟု ဖော်ပြထားသည်။
“လော့စ်အိန်ဂျလိမြို့က ဂိုဒေါင်တစ်ခုထဲမှာ နှစ်ပေါင်း ၆၀ နီးပါး စွန့်ပစ်ခံထားရတဲ့၊ အလွန်တရာ ရှားပါးတဲ့ ကားတစ်စင်းဖြစ်ပါတယ်။ လက်နဲ့ အသေးစိတ် ထုတ်လုပ်ထားပြီး ဘာကြောင့် ဒေါ်လာ ၁၀ သန်း တန်ကြေးရှိတယ်ဆိုတာကို ဂျေးက ရှင်းပြထားပါတယ်”
ယခုကားမှာ ပေါ့ပါးစေသော အလူမီနီယံကိုယ်ထည်ဖြင့် ထုတ်လုပ်ထားပြီး အထူးပါဝါကောင်းသည့် အင်ဂျင် တပ်ဆင်ထားကြောင်း ဂျေးလီနိုက ပြောသည်။
“ဒီကားက နှစ်ပေါင်း ၆၀ လောက်ရှိပါပြီ” ဟု ၎င်းက YouTube ဗွီဒီယိုဖိုင်ထဲတွင် ပြောကြားထားသည်။
ကားပိုင်ရှင်မှာ ၁၉၇၀ ပြည့်လွန်ကာလများက စီးနင်းခဲ့ပြီး ဒေါ်လာ ၃၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဂျေးလီနိုက ပြောသည်။
“်ကားက ဖုန်အလိမ်းလိမ်းဖြစ်နေပေမယ့် အံ့မခန်း လှနေတုန်းပဲ” ဟု YouTube သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
“ဒါက တကယ်တော့ အနုပညာလက်ရာတစ်ခုပါ။ ကျေးဇူးတင်ပါတယ် ဂျေး” ဟု အခြားတစ်ဦးက ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Driver finds $10m car left in a barn for 60 years – detail hiding under dust means it’s ‘rarest ever discovered’
Photo Credit- YouTube/ Jay Leno’s Garage