- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် တောင်တန်းများပေါ်၌ နေထိုင်သော အမျိုးသားတစ်ဦးက ကားအစင်းရေ ၃၀၀ ကျော်ကို စွန့်ပစ်ပစ္စည်းဟောင်းများဖြင့် ကိုယ်တိုင်ထုတ်လုပ်ခဲ့ရာ ရေပေါ် မောင်းနိုင်၊ မတ်စောက်သော လမ်းများ တက်နိုင်သော ကားများ ပါဝင်
တရုတ်ပြည်တွင် တောင်တန်းများပေါ်၌ နေထိုင်သော အမျိုးသားတစ်ဦးက ကားအစင်းရေ ၃၀၀ ကျော်ကို စွန့်ပစ်ပစ္စည်းဟောင်းများဖြင့် ကိုယ်တိုင်ထုတ်လုပ်ခဲ့ရာ ရေပေါ် မောင်းနိုင်၊ မတ်စောက်သော လမ်းများ တက်နိုင်သော ကားများ ပါဝင်
- 1779 views
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးသည် လူသူအလှမ်းကွာသော တောင်ပေါ်သို့ ပြောင်းရွှေ့လာပြီး ထူးခြားသော မော်တော်ကား အစင်းရေ ၃၀၀ ခန့် ဖန်တီးထုတ်လုပ်ခဲ့မှုမှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ အလွန် အံ့အားသင့် စိတ်ဝင်စားလျက်ရှိကာ ဂယက်ရိုက် ပျံ့နှံ့နေသည်။
၎င်းပြုလုပ်ခဲ့သော ကားများတွင် ရေပေါ်တွင် ပေါ်နိုင်သောကား၊ အလွန်မတ်စောက်သော နေရာများကို မောင်းတက်နိုင်သောကားများ အပါအဝင် ဖြစ်သည်။ထိုအမျိုးသားမှာ ကုယွိဖန် (Gu Yupeng) ဟု အမည်ရပြီး တရုတ်ပြည် အရှေ့မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ်ဇာတိ ဖြစ်သည်။
ကုယွိဖန်သည် လုပ်ငန်းများစွာ အရှုံးပေါ်ပြီးနောက် သူ၏ ဇာတိမြေမှသည် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တောတောင်ထူထပ်ကာ လူသူအလှမ်းကွာသောဒေသသို့ ၂၀၁၈ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။ကုယွိဖန်သည် မူလက ကုန်ထုတ်လုပ်ရေးနယ်ပယ်တွင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး မပြောင်းလဲဘဲ တစ်သမတ်တည်း လုပ်နေရသော စက်ရုံအလုပ်ကို ပျင်းရိငြီးငွေ့လာခဲ့သည်။ယူနန် တောင်ပေါ်ဒေသသို့ ရောက်ချိန်တွင် ကုယွိဖန်၌ စုဆောင်းထားငွေ ယွမ် ၃၀၀၀၀ (ကန်ဒေါ်လာ ၄၂၀၀) ရှိသည်။ထိုငွေဖြင့် မော်တော်ကားများ ကိုယ်တိုင်လက်ဖြင့် ထုတ်လုပ်မည့် လမ်းကြောင်းသစ်တစ်ခု စတင်ခဲ့သည်။
ကုယွိဖန်သည် ကားတစ်စင်းထုတ်လုပ်နိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများဖြစ်သော ဒီဇိုင်းဆွဲခြင်း၊ ဝရိန်ဆော်ခြင်း၊ ပရိုဂရမ်ရေးခြင်းနှင့် တပ်ဆင်ခြင်းတို့ကို မိမိဘာသာ လေ့လာခဲ့ခြင်း ဖြစ်သည်။ကုယွိဖန်သည် စွန့်ပစ်ကားကိုယ်ထည်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများ၊ တစ်ပတ်ရစ် မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများကို အသုံးပြုကာ မော်တော်ကားပေါင်း အစင်းရေ ၃၀၀ ခန့် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။သူ၏ ထုတ်လုပ်နိုင်စွမ်းမှာ ရက်သတ္တပတ်လျှင် ၁ စင်းနှုန်းခန့် ဖြစ်သည်။
(▲ကုယွိဖန်သည် စွန့်ပစ်ကားကိုယ်ထည်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများ၊ တစ်ပတ်ရစ် မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများကို အသုံးပြုကာ မော်တော်ကားပေါင်း အစင်းရေ ၃၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။ ဓာတ်ပုံ-Douyin)
“ကျွန်တော်က ကလေးဘဝကတည်းက အကုန်စပ်စုခဲ့ပါတယ်။ ပစ္စည်းတွေကို တစ်စစီဖြုတ်ပစ်ပြီး ဘယ်လို အလုပ်လုပ်တယ်ဆိုတာ လေ့လာခဲ့တယ်” ဟု ကုယွိဖန်က Ran News သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
သူ၏ အထူးခြားဆုံး တီထွင်မှုများအနက် ကားဘီးများစွာ တပ်ဆင်ထားသော ကားတစ်စင်းလည်း ပါဝင်သည်။ အဆိုပါကားသည် ၄၅ ဒီဂရီ မတ်စောက်သည့်နေရာများကို တက်နိုင်စွမ်းရှိပြီး ကျောက်ဆောင်ထူထပ်သော နေရာများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်စွမ်းရှိသည်။ထို့အပြင် ကျောက်ခဲများ တင်းကျမ်းပြည့်ကာ မြေမျက်နှာပြင် မညီညာသော နေရာများ၊ ရွှံ့အိုင်များ၊ အကျယ် ၁ ဒသမ ၅ မီတာရှိသော မြောင်းများ၊ စမ်းချောင်းငယ်များကို အလွယ်တကူ ဖြတ်ကျော်နိုင်စွမ်းရှိသည်ဟု ဆိုသည်။
ကားပေါ်တွင် ခေါက်သိမ်းနိုင်သော အိပ်ရာတစ်ခုလည်း ပါဝင်ပြီး မောင်းနှင်နေစဉ် အချိန်အတွင်း သက်သောင့်သက်သာ အိပ်စက်နိုင်သည်။အခြား ထူးခြားသည့် တီထွင်မှုမှာ ရွေ့လျား အလုပ်စားပွဲ မော်တော်ယာဉ်ဖြစ်ပြီး ခရီးသွားနေရသည့် ပညာရှင်များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ထိုကားတွင် စားပွဲတစ်လုံး၊ လက်တင်ကုလားထိုင်၊ စားပွဲတင်မီးအိမ်တို့ ပါဝင်သည်။
ထိုကားမှာ ရေပေါ်တွင် ပေါ်နိုင်ပြီး built-in barbecue grill တစ်ခု၊ ရေထဲသို့ ရောက်လျှင် ငါးဖမ်းပေးမည့် ကိရိယာတို့ ပါဝင်ရာ အလုပ်နားချိန်များတွင် လတ်ဆတ်သည့် သားငါးတို့ စားသုံးနိုင်မည် ဖြစ်သည်။
(▲ရေပေါ်တွင် ပေါ်နိုင်ပြီး built-in barbecue grill တစ်ခု၊ ရေထဲသို့ ရောက်လျှင် ငါးဖမ်းပေးမည့် ကိရိယာတို့ ပါဝင်သည်။ ဓာတ်ပုံ- Douyin)
ကုယွိဖန်က သူ၏ ကားထုတ်လုပ်ပုံ မြင်ကွင်းများကို Douyin လူမှုကွန်ရက်တွင် Short Video များ တင်လေ့ရှိသည်။Strong Pig ဟု အမည်ရသော သူ၏ လူမှုကွန်ရက်အကောင့်မှာ follower ၃ သန်းနီးပါးရှိပြီး သူ၏ လူကြည့်အများဆုံး ဗွီဒီယိုတစ်ခုမှာ ကြည့်ရှုမှုအကြိမ်ရေ ၅ ဒသမ ၃ သန်းကျော် ရှိသည်။
(▲ကားပေါင်း အစင်း ၃၀၀ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း မိမိတွင် ဆက်လက်ချီတက်လိုသည့် ပန်းတိုင်များစွာရှိနေသေးကြောင်း ကုယွိဖန်က ပြောသည်။ ဓာတ်ပုံ-Douyin)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chinese man lives in mountains, builds 300 creative cars, including ‘work-desk vehicle’
Photo Credit-Douyin