• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယာ့စ် ဘရော့စ်နန် Die Another Day ဇာတ်ကားအတွက် လက်ဆောင်ရခဲ့သော ဒေါ်လာ ၃၀၀၀၀၀ တန် Aston Martin ၏ ကံကြမ္မာ

ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးယာ့စ် ဘရော့စ်နန် Die Another Day ဇာတ်ကားအတွက် လက်ဆောင်ရခဲ့သော ဒေါ်လာ ၃၀၀၀၀၀ တန် Aston Martin ၏ ကံကြမ္မာ

  • 609 views

pierce_brosnan_-1-.png_647153064.jpg

Aston Martin Vanquish V12 သည် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကား Die Another Day (၂၀၀၂) တွင် ထည့်သွင်းအသုံးပြုခဲ့ပြီးနောက် နာမည်ကြီးလာသည်။

ထိုရုပ်ရှင်တွင် ပီးယာ့စ် ဘရော့စ်နန်က ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာတွင် နည်းပညာဆန်းပြားသော ၎င်းစီးသည့် မော်တော်ကားအဖြစ် Aston Martin Vanquish V12 ကို အသုံးပြုခဲ့သည်။

သားနားသော ဒီဇိုင်း၊ ဆန်းသစ်သော ကိရိယာများထည့်သွင်းပေးထားသော Vanquish မှာ ရုပ်ရှင်ကြယ်ပွင့်တစ်ဦးပမာ ဖြစ်ခဲ့သည်။


 ((V12 အင်ဂျင်=ထူးကဲသော ပါဝါနှင့် မြန်နှုန်း))

aston_martin_vanquish_pierce_brosnan.jpg

(▲ ၂၀၀၂ ခုနှစ်က ရုံတင်ခဲ့သော Die Another Day ရုပ်ရှင်တွင် ဂျိမ်းစ်ဘွန်းအဖြစ် ပီးယာ့စ် ဘရော့စ်နန် သရုပ်ဆောင်ခဲ့ပုံ)

Vanquish V12 တွင် 5.9-liter အင်ဂျင်အသုံးပြုထားပြီး ဆွဲအား 460hp ရှိသည်။
0 to 60 mph အမြန်နှုန်းကို ၄ ဒသမ ၅ စက္ကန့်အတွင်း ရနိုင်ပြီး အမြင့်ဆုံးမြန်နှုန်းအနေဖြင့် 186 mph မောင်းနိုင်သည်။

Vanquish ၏ အဆိုပါ performance မှာ ၂၀၀၀ ပြည့်လွန်အစောပိုင်း ကာလများအတွင်း powerful အဖြစ်ဆုံး ကားများထဲတွင် ပါဝင်ပြီး ဗြိတိသျှ အင်ဂျင်နီယာပညာ၏ ရတနာတစ်ပါးလည်း ဖြစ်ခဲ့သည်။

 ((ရုပ်ရှင်ကြယ်ပွင့်တစ်ဦး၏ လက်ဆောင်))

pierce_brosnan_aston_martin_vanquish.jpg

(▲ ပီးယာ့စ် ဘရော့စ်နန်ကို သူ၏ Aston Martin V12 Vanquish နှင့်အတူ တွေ့ရပုံ)

Die Another Day ရုံတင်ပြီးနောက် ရုပ်ရှင်ထဲတွင် သုံးခဲ့သော Vanquish V12 ကို Aston Martin ကုမ္ပဏီက ပီးယာ့စ် ဘရော့စ်နန်အား ကျေးဇူးတင်သောအနေဖြင့် လက်ဆောင်ပေးခဲ့သည်။

ယင်းနောက်ပိုင်း နှစ်ပေါင်းများစွာကာလအတွင်း ပီးယာ့စ် ဘရော့စ်နန်က Vanquish V12 ကို မိုင်ပေါင်း ၂၈၀၀၀ ခန့် စီးခဲ့ပြီး တွေ့ဆုံမေးမြန်းခန်းများစွာတွင်လည်း ပါဝင်ခဲ့ဖူးသည်။

ယနေ့အခါ လေလံပွဲများတွင် အဆိုပါ ကားမော်ဒယ်မျိုးမှာ ဒေါ်လာ ၃၀၀၀၀၀ ဝန်းကျင်ဖြင့် လက်လွှဲလက်ပြောင်း ဖြစ်နေကြသည်။


((ကြောက်မက်ဖွယ် တောမီး))

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာတွင် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ အနောက်ဘက်ရှိ ပင်လယ်ကမ်းခြေမြို့လေး Malibu တွင် တောမီးလောင်ကျွမ်းခဲ့ရာ ပီးယာ့စ် ဘရော့စ်နန်က နေအိမ်မှ ကားဂိုဒေါင်လည်း မီးသင့်ခဲ့ရာ သူအလွန်ချစ်မြတ်န်ိုးသော Aston Martin Vanquish V12 မှာ ပြာကျသွားသည်။

ပီးယာ့စ် ဘရော့စ်နန်က Vanquish V12 မှာ ဂျိမ်းစ်ဘွန်းတစ်ခေတ်ဖြတ်သန်းခဲ့မှု၏ ပြယုဂ်တစ်ခုအဖြစ် ရှုမြင်ထားရာ အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးလည်း ဖြစ်သည်။


((ဆယ်စုနှစ်များစွာအကြာ Vanquish V12 နှင့် ပြန်လည်ဆုံစည်းမှု))

သို့သော် Die Another Day ကို ရုံတင်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ အကြာတွင် ရုပ်ရှင်ထဲ၌ ၎င်းစီးခဲ့သော ကားနှင့် ထပ်တူ တူညီသော V12 Vanquish တစ်စီးနှင့် ပြန်လည်ဆုံစည်းခွင့် ရခဲ့သည်။

Aston Martin ကုမ္ပဏီက အင်္ဂလန်နိုင်ငံ၊ ဝါးဝစ်ရှိုင်းယားခရိုင်၊ Gaydon ရွာလေးရှိ ၎င်းတို့၏ ရုံးချုပ်ရှိရာသို့ ပီးယာ့စ် ဘရော့စ်နန်ကို ဖိတ်ခေါ်ခဲ့ရာ Aston Martin Vanquish V12 ပုံတူတစ်စင်းကို ပြန်လည်တွေ့ခွင့်ရခဲ့ပြီး အတူတွဲကာ ဓာတ်ပုံရိုက်ခဲ့သေးသည်။

Die Another Day ရုပ်ရှင်ထဲတွင်သုံးခဲ့သော ကားမှာမူ ကမ္ဘာမြေပေါ်မှ ထာဝရ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: $300,000, 28,000 Miles Driven, and a Reunion 10 Years After the Tragedy: Pierce Brosnan's Aston Martin Vanquish

Photo Credit-Tork