- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားတွင် ကားထဲ၌ အိပ်စက်ကာ အမှိုက်ပုံမှ စားကြွင်းစားကျန်များကို ရှာဖွေစားသောက်နေသူ အမျိုးသားကို မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ ဝေဖန်လျက်ရှိ
မလေးရှားတွင် ကားထဲ၌ အိပ်စက်ကာ အမှိုက်ပုံမှ စားကြွင်းစားကျန်များကို ရှာဖွေစားသောက်နေသူ အမျိုးသားကို မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ ဝေဖန်လျက်ရှိ
- 1051 views
မလေးရှားတွင် အမျိုးသားတစ်ဦးက မိသားစုက ထောက်ပံ့ကူညီခြင်းမရှိဘဲ ၂၀၁၅ ခုနှစ်ကတည်းက ကားပေါ်တွင် နေထိုင်ကာ အချိန်ပိုင်းအလုပ်လုပ်ရင်း စားကြွင်းစားကျန်များကို စားသောက်နေထိုင် ရပ်တည်နေပုံအကြောင်း Threads လူမှုကွန်ရက်တွင် ထုတ်ဖော်ပြောပြလာသည်။
ထိုအမျိုးသားက သူ၏ ပို့စ်ကို “အခြေခံလူတန်းစားတွေရဲ့ ဘဝရှင်သန်ရပ်တည်ရေး” ဟု ခေါင်းစဉ်ပေး ထားသည်။၎င်းက သူ၏ ခေါင်းစဉ်တွင် Marhaen ဟူသော စကားလုံးကို အသုံးပြုထားသည်။Marhaen မှာ မလေး ဝေါဟာရဖြစ်ပြီး သာမန်ပြည်သူ၊ အထူးသဖြင့် လက်လုပ်လက်စား (သို့မဟုတ်) ဝင်ငွေနည်းပါးသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။ထိုစကားလုံးကို အင်ဒိုနီးရှား၏ ပထမဆုံးသမ္မတကြီး ဒေါက်တာ ဆူကာနိုက စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကိုလိုနီခေတ် ကျောမွဲလူတန်းစားကို ရည်ညွှန်းရာတွင် အသုံးပြုခဲ့သည်။
ယခုအမျိုးသားက မိမိကဲ့သို့ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို သူ၏ ပို့စ်တွင် အကြံပြု ရေးသားဖော်ပြ ထားသည်မှာ ▬
“● စားသောက်ဆိုင်တွေက စားကြွင်းစားကျန် (ဒါမှမဟုတ်) လွှင့်ပစ်တာတွေကို စားပါ။
● နေ့စဉ် သွားလာရေးအတွက် စက်ဘီးကိုသုံးပါ။
● ဆေးရုံတွေ၊ ဓာတ်ဆီဆိုင်တွေမှာ ရေသွားချိုးပါ။
● ကားပေါ်မှာ နေပါ။ ဒါမှမဟုတ် စွန့်ပစ်ထားတဲ့ အဆောက်အအုံတွေမှာ အိပ်ပါ။
● မာမက်ဆိုင်တွေမှာ ရေခဲရေ တဝကြီး ဗိုက်ကားအောင် သောက်ပါ။ (မှတ်ချက်။ တမီလ်မွတ်စလင်များ ဖွင့်လှစ်လေ့ရှိသော စားသောက်ဖွယ်ရောင်းချသည့်ဆိုင်များကို မာမက်ဆိုင်ဟု ခေါ်ကြသည်)
● အများပြည်သူသုံး စာကြည့်တိုက်တွေမှာ ဖုန်းအားသွင်းပြီး အလုပ်လုပ်ပါ။
● ရေချိုးရင်း အဝတ်လျှော်သွားပါ။ ဝတ်စုံ ၈ စုံလောက် လှည့်ဝတ်ပါ။ နေ့တိုင်း အဝတ်တစ်စုံလျှော်ပါ။
“တကယ်လို့ ခင်ဗျားဟာ ခြေသလုံးအိမ်တိုင်ဘဝမျိုးနေခဲ့ဖူးပြီး လက်ရှိမှာလည်း ဒီလိုဘဝမျိုး ဖြတ်သန်းနေရတယ်ဆိုရင် ကျွန်တော်တို့ ဘဝတူတွေပါပဲ” ဟု ၎င်းက ရေးသားဖော်ပြထားသည်။
၎င်း၏ ရေးသားမှုအပေါ် အပြင်းအထန် ရှုတ်ချ ဝေဖန်သူများ ရှိနေသည်။
bghfjvm အမည်ရှိ အကောင့်က “မသတီစရာကောင်းလိုက်တာ။ အရမ်းညစ်ပတ်တယ်” ဟု မှတ်ချက်ပြုရာ ထိုအမျိုးသားက “သူဌေးမင်းခင်ဗျာ…..မဖြစ်စလောက် လစာနဲ့… ပံ့ပိုးမယ့် မိဘလည်း မရှိဘဲ ဒီလိုမှ ကျွန်တော် မနေထိုင်ရင် ဘယ်သူက ကျွန်တော့်ကို လာထောက်ပံ့မှာမို့လဲ” ဟု တုံ့ပြန်ထားသည်။
“ဒီလို နေထိုင်နေတာကြောင့် ငွေနည်းနည်းစုဆောင်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ၂၀၁၅ ခုနှစ်ကတည်းက ဒီလို နေထိုင်ဖြတ်သန်းခဲ့တာပါ။ အခုထိ အသက်ရှင်နေဆဲပါပဲ”
x89x89_x89 အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူကမူ “ဘယ်လို…ဖုန်းနဲ့ အင်တာနက် ဒေတာကျ ရှိပြီး စားစရာမရှိဘူးဟုတ်လား” ဟု မေးခွန်းထုတ်သည်။
ထိုအခါ OP က “ကျွန်တော်က အချိန်ပိုင်းအလုပ်လုပ်ပြီး ပညာဆည်းပူးလေ့လာတာတွေ လုပ်ပါတယ်။ ဒါကြောင့် ဖုန်းမရှိရင် ကျွန်တော့်အတွက် ငါးပါးမှောက်ပါလိမ့်မယ်” ဟု တုံ့ပြန်သည်။
အချို့ကမူ စာနာကြပြီး အကြံဉာဏ်များ အားပေးစကားများ ပြောဆိုကြသည်။
“ဟိုင်း…အစ်ကိုကြီးခင်ဗျာ…။ ဒါက လူမှုဘဝကို စမ်းသပ်ကြည့်နေတာမျိုးပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
ကျွန်တော်ဒီလိုဘဝမျိုးတွေ မြင်ရရင် မခံစားနိုင်ဘူး။ တကယ်လို့ အစ်ကိုကြီးက ကွာလာလမ်ပူ၊ Chow Kit ဒါမှမဟုတ် Masjid Jamek ဝန်းကျင်မှာ နေတာဆိုရင် အိမ်ရာမဲ့တွေကို စားစရာတွေ အခမဲ့ဝေပေးနေတဲ့ ကျွန်တော်တို့လူတွေရှိပါတယ်။
အလ္လာဟ်အရှင်မြတ်က စောင့်ရှောက်ပါစေ။ အစ်ကိုကြီးနဲ့ မိသားစုအတွက် အာဟာရတွေ ထောက်ပံ့ပေးပါစေ” ဟု 2mariamus အမည်ရှိ အကောင့်က မှတ်ချက်ပေးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man sleeps in car, eats leftovers from dumpster – netizens react with mixed emotions