- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျပန်တွင် အလွန်ဂယက်ထ နာမည်ကြီးနေသော ဒေါ်လာ ၇၀၀၀ တန် တစ်ယောက်စီး mini EV အကြောင်း
ဂျပန်တွင် အလွန်ဂယက်ထ နာမည်ကြီးနေသော ဒေါ်လာ ၇၀၀၀ တန် တစ်ယောက်စီး mini EV အကြောင်း
- 1304 views
ဂျပန်နိုင်ငံတွင် mini EV ကားမော်ဒယ်သစ်တစ်ခုမှာ အလွန်ဂယက်ရိုက် နာမည်ကြီးနေသည်။
ထိုကားမှာ တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါကုမ္ပဏီများက ထုတ်လုပ်ခြင်း မဟုတ်ချေ။
mibot ဟု အမည်ပေးထားသော mini EV ၏ ဈေးနှုန်းမှာ ယန်း ၁ သန်း (ကန်ဒေါ်လာ ၇၀၀၀) မျှသာရှိရာ ဂျပန်တွင် အရောင်းရဆုံး EV အဖြစ် ရပ်တည်နေသည့် Nissan ကုမ္ပဏီထုတ် Sakura ၏ ဈေးနှုန်းအောက် ထက်ဝက်မျှသာ ရှိသည်။
((ဒေါ်လာ ၇၀၀၀ တန် mini EV ဟာ ဂျပန်မှာ ရောင်းအား တစ်ဟုန်ထိုး တက်လာနိုင်သလား))
Japanese မှ ထွန်းသစ်စ ကားကုမ္ပဏီတစ်ခုဖြစ်သော KG Motors သည် ဂျပန်၏ လျှပ်စစ်ကားဈေးကွက်တွင် တန်ဖိုးနည်း လျှပ်စစ်ကားများဖြင့် ဝင်ရောက်လာသည်။
ယခုအခါ KG Motors က mibot ဟု အမည်ပေးထားသော တစ်ယောက်စီး လျှပ်စစ်ကားငယ်ကို ဈေးကွက်တွင် စတင်မိတ်ဆက်ရန် စီစဉ်နေသည်။
ကား၏ အလျားမှာ ၂၄၉၀ မီလီမီတာ (၉၈ လက်မ) သာရှိသည်။ သို့သော် မြို့တွင်းသွားလာရေးအတွက် လုံလောက်မှု ရှိသည်။ကားမှာ သေးငယ်ပေါ့ပါးသော ဒီဇိုင်းဖြစ်ကာ ပြုပြင်ထိန်းသိမ်းစရိတ်လည်း နည်းပါးပြီး နေ့စဉ်သွားလာရေး အတွက် လုံလောက်ကြောင်း KG ကုမ္ပဏီက ထုတ်ပြန်သည်။မောင်းနိုင်သည့် range မှာ ကီလို ၁၀၀ (၆၂ မိုင်) ရှိပြီး အမြင့်ဆုံးမြန်နှုန်း 60 km/h (37 mph) ဖြစ်သည်။ယခုကားမှာ ယနေ့ခေတ် ဈေးကွက်တွင် တွေ့နေရသော EV များကဲ့သို့ မောင်းနိုင်သည့် range အနည်းဆုံး မိုင် ၃၀၀ (၄၈၃ ကီလိုမီတာ) ရှိသည့် performance မျိုးကဲ့သို့ တွေ့ရမည်မဟုတ်ချေ။
Mibot ကို ဂျပန်မှ ကျဉ်းမြောင်းသော မြို့ပြလမ်းများအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ကြီးမားတိုင်း ကောင်းသည်မဟုတ်ဟူသည်ကို KG Motors က ပြသလိုဟန်ရှိသည်။
(▲ KG Motors ထုတ် mibot mini EV ။ ဓာတ်ပုံ- KG Motors)
ကုမ္ပဏီ၏ စီအီးအိုနှင့် တည်ထောင်သူ Kazunari Kusunoki က Bloomberg သတင်းဌာနသို့ ပြောသည်မှာ “ဂျပန်က လမ်းကျဉ်းလေးတွေမှာ ကားကြီးတွေ သွားလာနေတာကို တွေ့မြင်နေခဲ့ပြီးနောက်ပိုင်း ဒါကို ထုတ်လုပ်ဖို့ စတင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
KG Motors သည် ဂျပန်တွင် ပြီးခဲ့သော ဆောင်းတွင်းကစတင်က mibot အတွက် ကြိုတင်အမှာစာများ လက်ခံခဲ့ရာ တစ်လအတွင်း မှာယူသူ ၁၀၀၀ ဦးကျော်ရှိခဲ့သည်။မေလအထိ ကြိုတင်မှာယူထားသူ ၂၂၅၀ ဦးရှိနေသည်။
KG Motors သည် ၂၀၂၇ မတ်လတွင် mibot အစင်းရေ ၃၃၀၀ စတင်ဖြန့်ချိရန် ရည်မှန်းထားရာ လက်ရှိအချိန်အထိ ကြိုတင်မှာယူထားသည့်အစင်းရေမှာ လျာထားချက်၏ ထက်ဝက်ကျော်ရှိနေပြီ ဖြစ်သည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း Toyota သည် ဂျပန်တွင် EV အစင်းရေ ၂၀၀၀ ခန့် ရောင်းချခဲ့သည်ဟုဆိုရာ KG Motors မှာ Toyota ထက်ပင် ရောင်းအားကောင်းခဲ့သည်ဟု ဆိုနိုင်သည်။
BYD သည် ဂျပန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ပြီးခဲ့သောနှစ်အတွင်း EV အစင်းရေ ၂၂၀၀ ကျော် ရောင်းချထားရသည်။Toyota, Honda နှင့် Nissan တို့ အပါအဝင် ဂျပန်ကားကုမ္ပဏီများမှာ လျှပ်စစ်ကားများဘက်သို့ ကူးပြောင်းရန် နှေးကွေးနေကြသည်။
(▲ Nissan ကုမ္ပဏီထုတ် Sakura mini EV ။ ဓာတ်ပုံ- Nissan)
လာမည့်နှစ် အစောပိုင်းတွင် mibot များ ဈေးကွက်သို့ ရောက်လာပါက ဈေးနှုန်းမှာ ယန်းငွေ ၁ သန်း (ဒေါ်လာ ၇၀၀၀) (အခွန်မဆောင်ရသေးမီ) ဖြစ်လိမ့်မည် ဖြစ်သည်။Kusunoki ၏ ပြောကြားချက်အရ ယခုနှစ် အောက်တိုဘာတွင် ထုတ်လုပ်မှု စတင်မည်ဖြစ်ပြီး mibot ပထမအသုတ် အစင်းရေ ၃၀၀ ကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် ဂျပန်၌ စတင်ဖြန့်ချိပေးရန် မျှော်မှန်းထားသည်။အခြား အစင်းရေ ၃၀၀၀ ကိုမူ နိုင်ငံတကာသို့ တင်ပို့သွားမည် ဖြစ်သည်။
ပထမအသုတ်တွင် အရှုံးပေါ်မည်ဟု ကုမ္ပဏီက မျှော်မှန်းထားသည်။ သို့သော် ဒုတိယအသုတ်တွင်မူ အမြတ်အစွန်းရှိလာမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် နှစ်စဉ် mini EV အစင်းရေ ၁၀၀၀၀ ဝန်းကျင် ထုတ်လုပ်သွားရန် KG Motors က စီစဉ်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Meet the $7,000 mini EV that’s taking Japan by storm
Photo Credit-Nissan, KG Motors