• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အိန္ဒိယတွင် ပလုံကောက်သည့် ကလေးငယ်များကို သူဌေးတစ်ဦးက သူ၏ Ford Mustang ကားပေါ် ခေါ်တင်ကာ စီးခွင့်ပေးခဲ့သည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့၏ စိတ်နှလုံးကို ဖမ်းစားလျက်ရှိ

အိန္ဒိယတွင် ပလုံကောက်သည့် ကလေးငယ်များကို သူဌေးတစ်ဦးက သူ၏ Ford Mustang ကားပေါ် ခေါ်တင်ကာ စီးခွင့်ပေးခဲ့သည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့၏ စိတ်နှလုံးကို ဖမ်းစားလျက်ရှိ

  • 1210 views

Swarna-2025-05-28T154835.740.jpg

အချို့သူများအတွက် Luxury ကားတစ်စီးတွင် လိုက်ပါစီးနင်းဖူးလိုသည့် အိပ်မက်မှာ လက်တွေ့ အကောင်အထည်ဖော်လာလေ့ရှိသော်လည်း များစွာသောသူတို့အတွက်မှာမူ တစ်ဘဝလုံး အိပ်မက်တစ်ခု အဖြစ်သာ ရှိနေကြသည်။

အိန္ဒိယတွင် ပလုံကောက်သည့် ကလေးငယ် ၄ ဦးအတွက် နှလုံးသားများ နွေးထွေးဖွယ်ရာ ဖြစ်ရပ်တစ်ခု မကြာသေးမီက ဖြစ်ပွားခဲ့သည်။

ပလုံကောက်သည့် ကလေးငယ်များသည် လမ်းဘေးတွင် ရပ်နားထားသည့် Ford Mustang ကားကို ကြည့်ကာ အလွန်သဘောကျနေပြီး ဤသို့သော ကားမျိုးစီးရပါက အလွန်ပျော်စရာကောင်းမည်ဟု ကျယ်လောင်စွာ ပြောဆိုနေကြရာ ကားပိုင်ရှင်က ကလေးများ၏ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ပေးရန် ဆုံးဖြတ်လိုက်သည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်အရ ကားပိုင်ရှင်အမျိုးသားသည် သူ၏ ကားဘေးတွင် ရပ်ကြည့်နေသော ကလေးများကို တွေ့ရှိခဲ့ရာ ကလေးတစ်ဦးက “ကျွန်တော့်ဘဝမှာ ဒီလိုကားမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဟု ကားပိုင်ရှင်ကို ပြောခဲ့သည်။

အခြားတစ်ဦးကလည်း“အထဲကိုဝင်ပြီး စီးကြည့်ချင်လိုက်တာ” ဟု ပြောသည်။ကားပိုင်ရှင်က ကားစီးမည်လားဟု မေးရာ ကလေးငယ်တို့၏ မျက်နှာများ ဝင်းပသွားသည်။ကားပိုင်ရှင်က ကလေးများကို သူ၏ ကားထဲသို့ ဝင်စေသည်။ ကလေးများအား တံခါးပင် ဖွင့်ပေးလိုက်သေးသည်။ကလေး ၃ ဦးမှာ နောက်ခန်းသို့ စွေ့ခနဲ ဝင်သွားကြပြီး တစ်ဦးကိုမူ ရှေ့ခန်းသို့ ခေါ်လိုက်သည်။

ကလေးများမှာ အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။မိမိ၏ ဘဝတွင် luxury ကားထဲသို့ ပထမဆုံးဝင်ဖူးခြင်းဖြစ်ကြောင်း ကလေးတစ်ဦးက ဝန်ခံသည်။

လမ်းတစ်လျှောက်လုံး ကလေးငယ်များမှာ မြူးထူးပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးရင်း အော်ဟစ်လိုက်ပါလာကြသည်။မျှော်လင့်မထားသည့် အတွေ့အကြုံသစ်အပေါ် အလွန်စိတ်လှုပ်ရှား ဝမ်းမြောက်နေပုံကို အထင်းသားတွေ့ရသည်။

အဆိုပါ ဗွီဒီယိုဖိုင်မှာ ရိုးစင်းသော အကူအညီကလေးဖြစ်သော်လည်း မေတ္တာတရား၏ စွမ်းအားကို သိမ်မွေ့လှပစွာ လှစ်ဟပြသလိုက်ခြင်းလည်း ဖြစ်သည်။သေးငယ်သော ကြင်နာမှုကလေး ပြသခြင်းသည်ပင်လျှင် အလွန်တာသွားသည်ကို ဗွီဒီယိုဖိုင် ကြည့်ရှုရသူများအား သတင်းစကား ပါးလိုက်ခြင်းလည်း ဖြစ်သည်။ခရီးစဉ်ပြီးဆုံးသွားသည့်တိုင် ကလေးငယ်များ၏ မျက်နှာတို့မှာ အပြုံးပန်းတို့ဖြင့် တောက်ပနေဆဲပင်။

ထို့နောက် ကလေးငယ်တို့က ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် လက်ပြနှုတ်ဆက်ကြပြီးနောက် ၎င်းတို့ ကောက်ယူစုဆောင်းလာသော ဘူးပလုံအိတ်များကို ပုခုံးပေါ်ထမ်းကာ ပြန်သွားကြသည်။

အဆိုပါ ဗွီဒီယိုဖိုင်ကို အင်စတာဂရမ်တွင် မျှဝေရာတွင် “ဒူစရိုးကီး ကူရှီး မဟီး အက်ပ်နီး ကူရှီးဟဲ” (စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ တခြားသူတွေကို ပျော်ရွှင်အောင် လုပ်ပေးတာကနေ အခြေတည်ပါတယ်) ဟု caption ရေးသားထားသည်။

ထိုဗွီဒီယိုဖိုင်ကို ‘Faridabad Rockers’ အမည်ရှိ အင်စတာဂရမ် စာမျက်နှာက မျှဝေလာခြင်းဖြစ်ပြီး နေရာမှာ ဖာရီဒါဘက်မြို့တွင် ဖြစ်သည်ဟု ဆိုသည်။ကားနံပါတ်မှာမူ ကာနာတာကာ ပြည်နယ်မှ နံပါတ်ဖြစ်ကြောင်း တွေ့ရသည်။

ထိုဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားနေပြီး လက်ရှိအချိန်အထိ ကြည့်ရှုမှုအကြိမ်ရေ ၂ ဒသမ ၅ သန်းကျော် ရှိနေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Child Ragpickers Ride In Ford Mustang After Owner Offers Them A Drive; Video Goes Viral