• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • နယူးယောက်တွင် ယာဉ်မောင်းပေါင်း ၁၀၀,၀၀၀ ကျော်မှာ သယ်ယူပို့ဆောင်ရေးဌာနက ဒဏ်ရိုက်သည့် အီးမေးလ်များ လက်ခံရရှိခဲ့၊ ဘာကြောင့်လဲ

နယူးယောက်တွင် ယာဉ်မောင်းပေါင်း ၁၀၀,၀၀၀ ကျော်မှာ သယ်ယူပို့ဆောင်ရေးဌာနက ဒဏ်ရိုက်သည့် အီးမေးလ်များ လက်ခံရရှိခဲ့၊ ဘာကြောင့်လဲ

  • 989 views

nyc-new-york-tickets-fine-750x422.jpg

အမေရိကန်ပြည် နယူးယောက်မြို့တွင် သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်သူများကို အရေးယူမှုများ ပြုလုပ်ပြီဖြစ်သည်။

ထို့အပြင် ပိုမိုပြင်းထန်စွာ အရေးယူမည့် အစီအစဉ်တစ်ခုလည်း လုပ်ဆောင်နေသည်။တံတားများ၊ ဥမင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့တွင် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သူများမှာ ဒေါ်လာ ၁၀၀ အထိ ဒဏ်ကြေးငွေ ချမှတ်ခံရမည် ဖြစ်သည်။ယခုအခါ ယာဉ်မောင်းများစွာ ဒဏ်ကြေးငွေ ချမှတ်ခံနေရပြီ ဖြစ်သည်။


ယာဉ်ကြောလမ်းပေါ် ဘေးကင်းလုံခြုံရေးမှာ မိမိတို့၏ အဓိကဦးစားပေးလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း နယူးယောက်အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုသည်။ပြင်းထန်သော ယာဉ်မတော်တဆဖြစ်မှုများ များပြားလာနေသောကြောင့် ယခုကဲ့သို့ စီစဉ်လာခြင်းလည်း ဖြစ်သည်။


■ သတ်မှတ်မြန်နှုန်း ကျော်လွန်မောင်းနှင်မှု တိုက်ဖျက်ရေးစစ်ပွဲ


အမျိုးသား ဘေးကင်းလုံခြုံရေးကောင်စီက ထုတ်ပြန်သော အချက်အလက်များအရ ကားအက်ဆီးဒင့်များ၏ ၃၀ ရာခိုင်နှုန်းမှာ သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်မှုကြောင့်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ ၃၂ ဦးခန့် သေဆုံးနေရပြီး ၂၀၂၂ ခုနှစ် တစ်နှစ်တည်းတွင်ပင်လျှင် ကားအက်ဆီးဒင့်ဖြစ်ပွားမှု ၁၀၀၅၀၈ ကြိမ် ရှိခဲ့ကြောင်း ဖော်ပြသည်။


ကိန်းဂဏန်းများမှာ မုသားမဆိုတတ်။


၂၀၂၄ ခုနှစ်အတွင်း နယူးယောက်တစ်မြို့တည်းတွင် သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်သောကြောင့် ဖြစ်ပွားခဲ့ရသည့် မတော်တဆမှု ၂၅၃ ကြိမ်ရှိသည်။ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တစ်ခုခု လုပ်ဆောင်ရန် လိုအပ်လာသည်။


■ မြန်နှုန်းမြင့်လေ အန္တရာယ်ကြီးလေ


မြန်နှုန်းမြင့်ခြင်းမှာ ယာဉ်မောင်းများအတွက် ယာဉ်ထိန်းချုပ်ရမှု ခက်ခဲစေသည်သာမက လမ်းသွားလမ်းလာများ အတွက်လည်း အန္တရာယ်ကြီးသည်။ယာဉ်မောင်းများ မြန်နှုန်းမြင့် မောင်းနှင်လျှင် လမ်းသွားလမ်းလာများ ယာဉ်တိုက်ခံရကာ သေဆုံးနိုင်ချေမှာ ၄ ဆ၊ ၅ ဆခန့် ပိုမိုမြင့်တက်လာသည်။


((နယူးယောက်မှာ ဘာတွေ အကောင်အထည်ဖော်နေလဲ))


နယူးယောက်တွင် Automated Work Zone Speed Enforcement (AWZSEP) အမည်ရှိ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်နေသည်။ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မော်တော်ကားများ အရှိန်ပြင်းစွာ မောင်းနှင်မှုကို တားမြစ်လိုက်သည်။ရည်ရွယ်ချက်မှာ မဆင်မခြင် ကားမောင်းသူတို့ကြောင့် ဆောက်လုပ်ရေးလုပ်သားများ အန္တရာယ်ကြီးမားလာနေမှုကို ကာကွယ်ပေးရန် ဖြစ်သည်။


တံတားများ၊ ဥမင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့တွင် အရှိန်နှုန်းတိုင်း ကင်မရာများ စတင် တပ်ဆင်နေသည်။သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်သူကို ကင်မရာတစ်လုံးလုံးမှ ဖမ်းယူတွေ့ရှိပါက ဒဏ်ငွေချမှတ်သည့် email ချက်ချင်းလက်ခံရရှိမည် ဖြစ်သည်။


((ဒဏ်ငွေချမှတ်မှု))


ဒဏ်ငွေမှာ သင်၏ စည်းကမ်းချိုးဖောက်မှုမှတ်တမ်းအပေါ် မူတည်သည်။အကယ်၍ သင့်တွင် စည်းကမ်းချိုးဖောက်ထားသည့် ပြစ်ချက်ဟောင်းမရှိပါက ပထမဆုံးချမှတ်မည့်ဒဏ်ငွေမှာ ဒေါ်လာ ၅၀ ဖြစ်သည်။၁၈ လအတွင်း နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ၇၅ ဒေါ်လာ ဒဏ်ငွေဆောင်ရမည် ဖြစ်သည်။ မိမိ၏ အမှားကို သင်ခန်းစာမယူဘဲ ၁၈ လအတွင်း တတိယအကြိမ် ချိုးဖောက်လျှင် ဒေါ်လာ ၁၀၀ ဒဏ်ငွေ ဆောင်ရမည် ဖြစ်သည်။
ထို့ကြောင့် ဒဏ်ငွေမှာ တဖြည်းဖြည်းမြင့်တက်လာသည်ကို တွေ့ရမည် ဖြစ်သည်။လမ်းသွားလမ်းလာများနှင့် အလုပ်သမားတို့၏ ဘေးကင်းလုံခြုံမှုကို အလေးမထားသူများအား စည်းကမ်းလိုက်နာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: In an unprecedented crackdown by the Department of Transportation, more than 100,000 drivers in NYC received tickets in the mail – Here’s why  (unionrayo)