• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဧပြီလအတွင်း ဥရောပတွင် လျှပ်စစ်ကားရောင်းအား ၁၆၉ ရာခိုင်နှုန်းအထိ ထိုးတက်၊ BYD က Tesla ကို ဥရောပတွင် ပထမဆုံးအကြိမ် ရောင်းအား ဖြတ်ကျော်

ဧပြီလအတွင်း ဥရောပတွင် လျှပ်စစ်ကားရောင်းအား ၁၆၉ ရာခိုင်နှုန်းအထိ ထိုးတက်၊ BYD က Tesla ကို ဥရောပတွင် ပထမဆုံးအကြိမ် ရောင်းအား ဖြတ်ကျော်

  • 1479 views

9a21d88a-8687-42eb-9be6-c3a364d3aa78_34a26fe2.jpg

ပြီးခဲ့သော ဧပြီလအတွင်း BYD သည် လျှပ်စစ်ကား ဈေးကွက်တွင် ဦးဆောင်သူ Tesla ကို ဥရောပ၌ ပထမဆုံး အကြိမ်အဖြစ် ရောင်းအား ဖြတ်ကျော်ခဲ့သည်။

တရုတ်ပြည်မကြီးမှ ဥရောပသို့ တင်သွင်းလာသည့် မော်တော်ကားများအပေါ် အကောက်အခွန်များ များပြားစွာ ကောက်ခံနေသည့်တိုင် BYD မှာ ဈေးကွက်တွင် ဆက်လက် ကြီးစိုး လွှမ်းမိုးလာနိုင်ခြင်း ဖြစ်သည်။

ရှန်ကျန်းမြို့ အခြေစိုက် BYD သည် Plug-in Hybrid (PHEVs) များလည်း ထုတ်လုပ်ပြီး ဧပြီလအတွင်း လျှပ်စစ်ကားအစင်းရေ ၇၂၃၁ ရောင်းချခဲ့ရသည်။နှစ်အလိုက် နှိုင်းယှဉ်လျှင် ၁၆၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း Jato Dynamics မှ ပြုလုပ်ခဲ့သော ဈေးကွက်သုတေသန အချက်အလက်များအရ သိရသည်။Jato Dynamics သည် ဥရောပရှိ နိုင်ငံပေါင်း ၂၈ ခုတွင် ဈေးကွက်သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Tesla ၏ ရောင်းအားမှာ အစင်းရေ ၇၁၆၅ စင်းသာ ရောင်းချခဲ့ရပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၄၉ ရာခိုင်နှုန်း ရောင်းအားကျဆင်းသွားခဲ့သည်။

“ဒီကား Brand ၂ ခုအကြားက နေ့စဉ်ရောင်းအား ပမာဏဟာ ကွာခြားချက် သေးငယ်တယ်ဆိုပေမယ့် အကျိုးသက်ရောက်မှု ရိုက်ခတ်မှုကတော့ ကြီးမားပါတယ်” ဟု Jato Dynamics ၏ Global Analyst တစ်ဦးဖြစ်သူ Felipe Munoz က ပြောသည်။

“ဒါဟာ ဥရောပ ကားဈေးကွက်အတွက် အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ အထူးသဖြင့်ကတော့ ဥရောပ လျှပ်စစ်ကား ဈေးကွက်ကို Tesla က နှစ်ပေါင်းများစွာ ကြီးစိုးထားတဲ့အချက်ကို သုံးသပ်ကြည့်ရင် ထူးခြားမှုကို သိနိုင်ပါတယ်။ BYD ဟာ ၂၀၂၂ နှစ်ကုန်ပိုင်းကျမှ နော်ဝေနဲ့ နယ်သာလန်တွေမှာ တရားဝင် လုပ်ငန်းစတင်ခဲ့တာ ဖြစ်ပါတယ်။”

Tesla ၏ ကားများမှာ ဥရောပတွင် ပုံမှန် ဝယ်လိုအား ရှိနေသော်လည်း ပြီးခဲ့သောလအတွင်းကမူ ရောင်းအား ကျဆင်းခဲ့သည်။ဧပြီလအတွင်း ဥရောပတွင် မော်တော်ကားသစ်အစင်းရေ ၁ ဒသမ ၁ သန်း မှတ်ပုံတင်ခဲ့ကြသည့်အနက် ၁၇ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများ ဖြစ်သည်။ပြီးခဲ့သော ၂၀၂၄ ခုနှစ် ကမူ ၁၃ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး PHEV များမှာ ၉ ရာခိုင်နှုန်း ရှိခဲ့ကြောင့် Jato Dymanics ၏ အချက်အလက်များတွင် ဖော်ပြသည်။

ထိုသို့ လျှပ်စစ်ကားများ ရောင်းအားမြင့်တက်လာခြင်း၏ နောက်ကွယ်တွင် အဓိက ရှိနေသည်မှာ တရုတ်ပြည်မှ ကားထုတ်လုပ်သူများဖြစ်ကြောင်း Jato Dymanics က ဖော်ပြသည်။ဥရောပ သမဂ္ဂက တရုတ်ပြည်မှ လျှပ်စစ်ကားများအပေါ် အကောက်ခွန်များ ကြီးမားစွာ ချမှတ်ထားခဲ့သော်လည်း ပြီးခဲ့သော ဧပြီလအတွင်း တရုတ်ပြည်ထုတ် လျှပ်စစ်ကားများ၏ ရောင်းအားမှာ နှစ်အလိုက် နှိုင်းယှဉ်လျှင် ၅၉ ရာခိုင်နှုန်းအထိ ရောင်းအား မြင့်တက်ခဲ့သည်။ပြီးခဲ့သော ဧပြီလတွင် တရုတ်ပြည်ထုတ် လျှပ်စစ်ကား အစင်းရေ ၁၅၃၀၀ ရောင်းချခဲ့ရသည်။ ဥရောပ၊ ဂျပန် ၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ရှိ ကားထုတ်လုပ်သူများ ရောင်းအားမှာ ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
PHEV ကဏ္ဍတွင် တရုတ်ပြည်မှ ကားထုတ်လုပ်သူတို့၏ ရောင်းအားမှာ နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၅၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD overtakes Tesla in Europe for the first time as battery EV sales jump 169% in April (scmp)