- ပင်မစာမျက်နှာ
- ကားသတင်းများ
- Nissan နှင့် Honda ပေါင်းစည်းရန် ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက်ပိုင်း Toyota က Nissan ကို အကူအညီပေးရန် ကမ်းလှမ်းဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာ
Nissan နှင့် Honda ပေါင်းစည်းရန် ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက်ပိုင်း Toyota က Nissan ကို အကူအညီပေးရန် ကမ်းလှမ်းဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာ
- 1313 views
Toyota က Nissan ကို အကူအညီပေးရန် ကမ်းလှမ်းမှုများရှိကြောင်း ဂျပန်သတင်းမီဒီယာတို့က ရေးသားလာကြသည်။
Nissan နှင့် Honda ပေါင်းစည်းရန် ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက်ပိုင်း ယခုသတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
Nissan နှင့် Honda တို့သည် လျှပ်စစ်ကားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းနောက်ပိုင်း၌ ကုမ္ပဏီချင်း ပေါင်းစည်းရန်အထိ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် အဆိုပါဆွေးနွေးပွဲသို့ Mitsubishi လည်း ပါဝင်လာသည်။
Mitsubishi သည် ယခင်ကတည်းက Nissan နှင့် မိတ်ဘက်လက်တွဲ ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်မှ နည်းပညာမြင့်မားပြီး ဈေးချိုသောကားများ အလုံးအရင်းထွက်ပေါ်လာနေမှုကို ပိုမိုထိရောက်စွာ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် Nissan နှင့် Honda ပေါင်းစည်းရန် ကြံရွယ်ခဲ့ကြခြင်း ဖြစ်သည်။
လုပ်ငန်းလည်ပတ်မှုစရိတ် နည်းပါးစေရန်၊ အရင်းအနှီးနှင့် purchasing power ပိုမိုအားကောင်းလာစေရန် မျှော်မှန်းခဲ့ကြသည်။
(အမေရိကန်ပြည်ရှိ Nissan ၏ စက်ရုံ။ Nissan က အမေရိကန်ရှိ ယခုစက်ရုံကို ပိတ်သိမ်းမည်ဟု ကြေညာထားခြင်း မရှိသေးချေ။)
Honda က Nissan ကို ၎င်း၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုအဖြစ် ရပ်တည်ရန် ကမ်းလှမ်းလာရာ Nissan နှင့် Mitsubishi တို့က သီးခြားလွတ်လပ်စွာသာ ဆက်လက်ရပ်တည်သွားမည်ဟု ကြေညာခဲ့သည်။
မကြာသေးမီတွင် ဂျပန်သတင်းဌာနတစ်ခုဖြစ်သော Mainichi က ဖော်ပြလာသည်မှာ တိုယိုတာ၏ အမှုဆောင်တစ်ဦးက Nissan ကို ထောက်ပံ့ကူညီပေးမည်ဟု ကမ်းလှမ်းမှု ရှိလာသည်ဟု ဆိုသည်။
မည်သို့သော ထောက်ပံ့မှုမျိုး ပေးမည်ကိုမူ ရေရေရာရာ မသိရသေးချေ။ မိတ်ဘက်လက်တွဲမှု (သို့မဟုတ်) Nissan ကို ကယ်တင်ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်း ရှိ၊ မရှိလည်း မသိရသေး။
Toyota Motor Corporation သည် လက်ရှိအားဖြင့် ကမ္ဘာ့အကြီးမားဆုံး ကားထုတ်လုပ်သူအဖြစ် ရပ်တည်နေပြီး ၎င်း၏နောက်တွင် Volkswagen Group နှင့် Hyundai Motor Group တို့ ရပ်တည်နေသည်။
(Toyota စက်ရုံတစ်ခု၏ မြင်ကွင်း)
Toyota ၏ ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး တရားဝင်ထုတ်ဖော်ပြောကြားမှု မရှိသေးသော်လည်း Nissan ၏ လက်ရှိ စီအီးအိုဖြစ်သူ Ivan Espinosa က အခြားကားထုတ်လုပ်သူတို့နှင့် လက်တွဲဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ပြောဆိုထားမှု ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota stepped in to offer Nissan support after failed Honda deal – report (drive)