• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အိန္ဒိယတွင် အမျိုးသမီးတစ်ဦးက ၇၆ နှစ်အရွယ် မိခင်ကြီးအပါအဝင် တစ်မိသားစုလုံးကို ကားအိမ်တစ်ခုဖြင့် တင်ဆောင်ကာ အိန္ဒိယနိုင်ငံတစ်ဝန်း မိုင်ထောင်ပေါင်းများစွာ ခရီးထွက်နေမှု YouTube နှင့် အခြားလူမှုကွန်ရက်များတွင် အလွန်နာမည်ကြီးနေ

အိန္ဒိယတွင် အမျိုးသမီးတစ်ဦးက ၇၆ နှစ်အရွယ် မိခင်ကြီးအပါအဝင် တစ်မိသားစုလုံးကို ကားအိမ်တစ်ခုဖြင့် တင်ဆောင်ကာ အိန္ဒိယနိုင်ငံတစ်ဝန်း မိုင်ထောင်ပေါင်းများစွာ ခရီးထွက်နေမှု YouTube နှင့် အခြားလူမှုကွန်ရက်များတွင် အလွန်နာမည်ကြီးနေ

  • 4578 views

1000019817.jpg

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်တွင် အမျိုးသမီးတစ်ဦးသည် အသက် ၇၆ နှစ်အရွယ် မိခင်ကြီး အပါအဝင် တစ်မိသားစုလုံးနှင့် ဆွေမျိုးများကို ခေါ်ဆောင်ကာ ကားအိမ်တစ်စင်းဖြင့် အိန္ဒိယနိုင်ငံတစ်ဝန်း ပြည်နယ်ပေါင်း ၁၈ ခုကို ဖြတ်သန်းကာ ခရီးထွက်နေမှုမှာ ကျွန်ုပ်တို့အများစု အိပ်မက်ရုံသာရှိခဲ့ဖူးသော စိတ်ကူးမျိုးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ပြခဲ့ခြင်းလည်း ဖြစ်သည်။

1000019791.jpg

ထိုအမျိုးသမီးသည် အထူးပြန်လည်မွမ်းမံထားသော ကားအိမ်တစ်စီးဖြင့် ခင်ပွန်း၊ လမ်းလျှောက်တတ်စ ကလေးငယ်၊ ၇၆ နှစ်အရွယ် မိခင်တို့အပါအဝင် ၇ ဦးလိုက်ပါခဲ့သော ခရီးစဉ်ဖြစ်ပြီး အင်စတာဂရမ် လူမှုကွန်ရက်တွင် သူ၏ ခရီးစဉ်မှတ်တမ်း ဗွီဒီယိုများ မျှဝေခဲ့သည်။ သူ၏ ဗွီဒီယိုများကို အိန္ဒိယနိုင်ငံသားများ များစွာသဘောကျလျက်ရှိပြီး အိန္ဒိယနိုင်ငံတစ်ဝန်း ခရီးသွားရန် စိတ်ကူးကောင်းအဖြစ် လက်ခံလာကြသည်။

1000019796-(1).jpg

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ ကိုတာရမ်ခရိုင်၊ Ettumanoor အရပ်တွင် နေထိုင်သော ဂျီလာဂျာနှင့် ခင်ပွန်းဖြစ်သူ ရာ့တ်ဟေ့ရှ်နှင့်အတူ အိန္ဒိယတောင်ဖျား ကီရာလာမှသည် အနောက်မြောက်ဖျား Ladakh အထိ ကီလိုမီတာ ၄၀၀၀ (၂၄၈၅ မိုင်) ခရီးရှည်ကြီး ထွက်ခဲ့ကြခြင်း ဖြစ်သည်။

1000019792.jpg

၎င်းတို့၏ အင်စတာဂရမ် စာမျက်နှာ Puthettu Travel Vlog မှာ အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့ကြား နာမည်ကြီးနေသည်။ထို့အပြင် အဆိုပါအမည်ဖြင့်ပင် YouTube ချန်နယ်လည်း ဖွင့်လှစ်ထားရာ subscriber ပေါင်း ၅၆၆၀၀၀ ကျော်အထိ ရှိနေသည်။Puthettu ဟူသောအမည်မှာ ၎င်းတို့နေထိုင်သော ကိုတာရမ်ခရိုင်မှ ရပ်ကွက်အမည် ဖြစ်သည်။

1000019811.jpg

လူမှုကွန်ရက်တွင် တင်ခဲ့သော ဗွီဒီယိုဖိုင်များတွင် ၎င်းတို့ ခရီးထွက်ခဲ့သည့် လမ်းတစ်လျှောက်ရှုခင်း မြင်ကွင်းများ၊ ခေတ္တရပ်နား အနားယူပုံများ အစရှိသည်တို့ကို တွေ့ရသည်။ထို့အပြင် ကားတစ်စီးဖြင့် မိုင်ထောင်ချီ ခရီးရှည်ကြီးသွားမည်ဆိုပါက မည်သို့စီစဉ်ထားရန် လိုအပ်ပုံကိုလည်း လေ့လာသိရှိရသည်။

1000019819.jpg

ဂျီလာဂျာက သူ၏ ကားတွင်လည်း Puthettu ဟူသော စာလုံးကြီးကို ရေးသားထားသည်။ကားကြီးကို ခရီးဝေးအတွက် သက်သောင့်သက်သာရှိစေရန် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ထားသည်။နံရံကပ် အိပ်စင်များ ထားရှိထားရာ အလွယ်တကူ နားနေနိုင်သည်။မီးဖိုဆောင်နေရာတွင်လည်း လိုအပ်သည့် အသုံးအဆောင် ပစ္စည်းအားလုံး ထည့်ထားသည်။ 

အဝတ်အစားများထားသိုရန် နေရာတစ်ခုရှိသည့်အပြင် ရေခဲသေတ္တာငယ် တစ်ခုလည်း ပါဝင်သည်။

1000019803.jpg

အင်စတာဂရမ်တွင် မကြာသေးမီက မျှဝေခဲ့သော ဗွီဒီယိုဖိုင်တစ်ခုအရ ၎င်းတို့၏ ကားအိမ်မှာ တစ်နေရာတွင် ရပ်နားခဲ့ပြီး ကားအပြင်ဘက်၌ portable မီးဖိုဆောင်တစ်ခု ခင်းကျင်းစီစဉ်နေပုံကို တွေ့ရသည်။

1000019819.jpg

ချက်ပြုတ်စားသောက်ရေးအတွက် အားလုံးဝိုင်းဝန်းစီစဉ်ကြသည်။အချို့က ဟင်းသီးဟင်းရွက်များ လှီးနေချိန်တွင် အချို့က မီးဖိုကို ကြည့်ပေးနေသည်။ချက်ပြုတ်ပြီးစီးချိန်တွင် အရသာရှိသော စားသောက်ဖွယ်ရာများကို ပျော်ရွှင်စွာ အတူတကွ စားသောက်ကြသည်။

1000019799.jpg

၎င်းတို့၏ ခရီးစဉ်ကိုကြည့်ရှုရသော လူမှုကွန်ရက်သုံးစွဲသူတို့က ချီးကျူးအားကျသော မှတ်ချက်များ ရေးသားကြသည်။တစ်ဦးက မှတ်ချက်ပြုသည်မှာ “ညီမရဲ့ ဗွီဒီယိုကိုကြည့်ရတော့ ကျွန်မလည်း ညီမတို့နဲ့အတူ ခရီးသွားနေသလို ခံစားရပါတယ်” ဟု ဆိုသည်။

1000019802.jpg

အခြားတစ်ဦးကလည်း “ဒီအစ်မကို လိုင်းပေါ်မှာ တွေ့နေတာ အတော်ကြာပါပြီ။ သူ့ကို တကယ်လေးစားပါတယ်။ ဘုရားသခင်က သူတို့မိသားစုလေးကို ကောင်းချီးပေးပါစေ” ဟု ဆုတောင်းမေတ္တာပို့သပေးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Kerala Woman Is On 4,000 Km Road Trip With Family Including 76-Year-Old Mom
■ All photo credit to Puthettu Travel Vlog