• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်မှာ ခရီးသည် ရက်ပ်အဆိုတော် အမျိုးသမီးက “ဟိုလမ်းကမောင်း …ဒီလမ်းကမောင်း” ဟု အမျိုးမျိုး သြဇာပေးနေသောကြောင့် အငှားယာဉ်မောင်း အမျိုးသမီးက သေနတ်ဖြင့် ထုတ်ချိန်ပြီး ကားပေါ်မှ မောင်းထုတ်ခဲ့သည့်အဖြစ် အွန်လိုင်းတွင် ဟိုးလေးတကြော်ဖြစ်နေ

အမေရိကန်မှာ ခရီးသည် ရက်ပ်အဆိုတော် အမျိုးသမီးက “ဟိုလမ်းကမောင်း …ဒီလမ်းကမောင်း” ဟု အမျိုးမျိုး သြဇာပေးနေသောကြောင့် အငှားယာဉ်မောင်း အမျိုးသမီးက သေနတ်ဖြင့် ထုတ်ချိန်ပြီး ကားပေါ်မှ မောင်းထုတ်ခဲ့သည့်အဖြစ် အွန်လိုင်းတွင် ဟိုးလေးတကြော်ဖြစ်နေ

  • 1063 views

Untitled-1.jpg

ရက်ပ်အဆိုတော် မိန်းကလေး ခရစ်စီ ဆီးလက်စ် (Krissy Celess) သည် Uber အငှားယာဉ်ဖြင့် သွားလာရာတွင် ယာဉ်မောင်းအမျိုးသမီးကို မည်သည့်လမ်းမှ သွားရန် တောက်လျှောက်ညွှန်ကြား နေခဲ့သောကြောင့် ယာဉ်မောင်းမှာ ဒေါသထွက်လာကာ သေနတ်ဖြင့် ထုတ်ချိန်လိုက်ပြီး ကားပေါ်မှ မောင်းချခဲ့သည်။

ခရစ်စီ ဆီးလက်စ်သည် အနုပညာအမည် Bomb A** Krissy ဟု လူသိများသည်။ဖလော်ရီဒါပြည်နယ်၊ ဟောလိဝုဒ်မြို့ (Miami နှင့် Fort Lauderdale ကြားတွင် တည်ရှိ) တွင် သူငယ်ချင်းတစ်ဦးနှင့်အတူ ကားငှားစီးစဉ် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါဖြစ်ရပ်ကို ခရစ်စီ ဆီးလက်စ်က ဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးထားခဲ့ကာ လူမှုကွန်ရက်တွင် တင်ခဲ့ရာ ပျံ့နှံ့ဂယက်ရိုက်သွားသည်။

ဖြစ်ပွားသည့်နေရာမှာ အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် ဖြစ်သည်။ဗွီဒီယိုထဲတွင် တွေ့မြင်ရမှုအရ Uber ယာဉ်မောင်းအမျိုးသမီးက ခရစ်စီ ဆီးလက်စ်ကို ခြောက်လုံးပြူးဖြင့် ချိန်ကာ “ထွက်သွား” ဟု မောင်းထုတ်ခဲ့သည်ကို တွေ့ရသည်။ခရစ်စီ ဆီးလက်စ်က ယာဉ်မောင်းအမျိုးသမီး၏ ရုပ်ရည်ကို တိုက်ခိုက်စော်ကားခဲ့သည်ကိုလည်း တွေ့ရသည်။

“နင့်မျက်လုံးတွေကလည်း သောက်ရူး မျက်လုံးကြီးတွေ” ဟု ခရစ်စီ ဆီးလက်စ်က ယာဉ်မောင်းအမျိုးသမီးအား အော်ငေါက်ခဲ့သည်။

98420923-14716489-A_video_of_the_confrontation_shows_the_unidentified_driver_pulli-a-50_1747328107939.jpg

(▲ ခရစ်စီ ဆီးလက်စ်က ယာဉ်မောင်းအမျိုးသမီး၏ ရုပ်ရည်ကို ဝေဖန်တိုက်ခိုက်ခဲ့ချိန်တွင် ယာဉ်မောင်းက ခြောက်လုံးပြူးဖြင့် ထုတ်ချိန်ခဲ့သည်)

 

98420929-14716489-The_disturbing_incident_involved_rapper_Krissy_Celess_pictured_a-a-82_1747328482479.jpg

(▲ ခရစ်စီ ဆီးလက်စ်သည် အနုပညာအမည် Bomb A** Krissy ဟု လူသိများသည်)

 

98420925-14716489-Just_prior_to_that_the_driver_visibly_agitated_can_be_seen_shutt-a-51_1747328107943.jpg

(▲ ခရစ်စီ ဆီးလက်စ်သည် သူငယ်ချင်းတစ်ဦးနှင့်အတူ ဖလော်ရီဒါပြည်နယ်၊ ဟောလိဝုဒ်မြို့တွင် မေလ ၁၂ ရက်က ကားငှားစီးခဲ့ခြင်းဖြစ်သည်)

ရုပ်ရည်ကို ဝေဖန်ထိုးနှက်ချိန်တွင် ယာဉ်မောင်းက Center console မှ သေနတ်ထုတ်လိုက်ပြီး တစ်ဆက်တည်းမှာပင် 911 ကိုလည်း ဖုန်းခေါ်ထားသည်ကို တွေ့ရသည်။

“နင် ငါ့ကို နှောင့်ယှက်တိုက်ခိုက်နေတာပဲ” ဟု ယာဉ်မောင်းက နောက်ခုံဘက်သို့ မျက်လုံးပြူးမျက်ဆံပြူးဖြင့် လှည့်ကာ ပြောဆိုရင်း “ငါ့ကားပေါ်ကနေ အခုချက်ချင်းဆင်းသွား” ဟု တစ်ဆက်တည်း ပြောဆိုခဲ့သည်။
911 က ယာဉ်မောင်း၏ ခေါ်ဆိုမှုကို ဖုန်းကိုင်ခဲ့ပြီး “911 ကပါ။ အစ်မရဲ့ တည်နေရာက ဘယ်နားမှာပါလဲ” ဟု မေးမြန်းခဲ့သည်။“သူက ကားပေါ်က မဆင်းလို့” ဟု ယာဉ်မောင်းအမျိုးသမီးက ပြောဆိုလိုက်ရာ ခရစ်စီ ဆီးလက်စ်က ကြားဖြတ်ပြီး “မဟုတ်ပါဘူး။ သူက သေနတ်နဲ့ ထုတ်ချိန်တယ်” ဟု ပြောခဲ့သည်။

ထိုအခါ ယာဉ်မောင်းက “ငါ့ကားပေါ်က ဆင်း။ နင့်ကို လိုက်မပို့နိုင်တော့ဘူး။ ဆင်းစမ်း။ အခုချက်ချင်း ကားပေါ်ကဆင်း” ဟု ပြောပြန်သည်။ခရစ်စီ ဆီးလက်စ်က ကားပေါ်က ဆင်းချိန်တွင် “သူ့မျက်လုံးတွေက အရူးမျက်လုံးတွေ” ဟု ပြောလိုက်သည်။

ထိုအခါ ယာဉ်မောင်းက ခရစ်စီ ဆီးလက်စ်ကို သေနတ်ဖြင့် ချိန်လိုက်ရာ ဗွီဒီယိုရိုက်နေသော ဖုန်းကင်မရာနှင့် သေနတ်မှာ လက်မအနည်းငယ်သာ ဝေးသည်။ယင်းနောက် ခရစ်စီ ဆီးလက်စ်က ကားနံပါတ်ပြားကို ဓာတ်ပုံရိုက်လိုက်ပြီး “မပူပါနဲ့။ နင် …နာမည်ကြီးတော့မှာပါ” ဟု ပြောခဲ့သည်။

ထိုအခါ ယာဉ်မောင်းအမျိုးသမီးမှာ ဒေါသထွက်စွာဖြင့် ကားကို ဆောင့်ထွက်လိုက်ရာ နောက်ခန်း ကားတံခါးမှာ အရှိန်ဖြင့် ပြန်ပိတ်သွားသည်။လက်ရှိအားဖြင့် ခရစ်စီ ဆီးလက်စ်၏ ဗွီဒီယိုမှာ ပျံ့နှံ့ဂယက်ရိုက်နေပြီး ၎င်းက ကွန်မန့်ဘောက်စ် ပိတ်ထားသည်။NDTV သတင်းဌာန၏ ဖော်ပြချက်အရ ခရစ်စီ ဆီးလက်စ်နှင့် သူငယ်ချင်းတို့သည် Uber ယာဉ်မောင်းအား တရားစွဲဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

“Uber ယာဉ်မောင်းက ရန်လိုလွန်းတယ်လို့ ပြောချင်ပါတယ်။ သေနတ်ကို ဆွဲထုတ်တာကတော့ လွန်လွန်း ပါတယ်” ဟု ခရစ်စီ ဆီးလက်စ်တို့၏ ရှေ့နေ ကားလို့စ် ဒိုမင်ဂွက်ဇ် (Carlos Dominguez) က ပြောသည်။

98420921-14716489-The_call_operator_on_the_line_can_then_be_heard_attempting_to_de-a-83_1747328482489.jpg

(▲ 911 ကပါ။ အစ်မရဲ့ တည်နေရာ ဘယ်နားမှာပါလဲ…ဟု မေးမြန်းသံကို ကြားနေရသည်)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: In US, Uber Driver Pulls Out Gun On Passengers After Argument Over Directions

Photo Credit- dailymail