EV ကားဝယ်ယူထားသူတွေအနေနဲ့ မိမိတို့စိတ်ကြိုက်ပြုပြင်မွမ်းမံခြင်းတွေမပြုလုပ်ဖို့ ကား Show Room အချို့မေတ္တာရပ်ခံ

  • 338 views

 

 

EV ကား ဝယ်ယူစီးနှင်းနေသူတွေအနေနဲ့ ပြုပြင်မွမ်းမံတာတွေ၊ လဲလှယ်တာတွေ၊ စစ်ဆေးတာတွေ ပြုလုပ်တဲ့အခါ မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်နိုင်တဲ့အတွက် ကားဝယ်ယူထားတဲ့ သက်ဆိုင်ရာ Show Room တွေရဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ လုပ်ဆောင်ဖို့ ပြည်တွင်းကား Show Room တချို့က သူတို့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေမှာ မေတ္တာရပ်ခံထားပါတယ်။ ကားအတွက်လိုအပ်တဲ့ အစိပ်အပိုင်းတွေကို ပြင်ဆင်တဲ့နေရာမှာလည်း မူလကုမ္ပဏီက ထုတ်လုပ်တဲ့ အရည်အသွေးစစ်မှန်တဲ့ Original ပစ္စည်းတွေကို ဝယ်ယူအသုံးပြုဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဒါ့အပြင် လျှပ်စစ်သုံးမော်တော်ယာဉ်နဲ့ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို စတင်နေတုန်းအချိန် ဖြစ်တဲ့အတွက် လျှပ်စစ်သုံးယာဉ်အသုံးပြုမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာနည်းပါးတာတွေ၊ အတွေ့အကြုံနဲ့ နည်းပညာဆိုင်ရာလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြီးခဲ့တဲ့လပိုင်းက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရွာသာကြီး)က ကြေညာထားပါတယ်။

အဲဒါကြောင့် ဗို့အားမြင့်လျှပ်စစ်အားကြောင့် အန္တရာယ်ဖြစ်နိုင်လို့ မော်တော်ယာဉ်ရဲ့မူလထုတ်လုပ်သူက သတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံပြောင်းလဲတာတွေ မဖြစ်စေဖို့ လောင်စာဆီသုံးကားတွေကို လျှပ်စစ်သုံးမော်တော်ယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ခြင်းတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

EV ကားတွေ Accident ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ Show Room တွေက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ပြုပြင်ဖို့ ပြည်တွင်း Show Room တွေက တိုက်တွန်းထားပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com